ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်

ဇန်နဝါရီ ၁၂ ရက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူးမှ
နုတ်ထွက်ခဲ့သော ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မန်းဂျော်နီသည် ၎င်း၏ ရုံးခန်းအတွင်း ဇန်နဝါရီ ၁၂ ရက် ယနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် မီဒီယာများနှင့်တွေ့ဆုံ၍ ပထမဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ် စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက” သူရဲ့ရုံးခန်းမှာပဲ သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်မယ်သွားမှာပါ။ မီဒီယာသမားတွေ အားလုံးကိုလည်း အကြောင်းကြားထားပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီအား ၎င်း၏ သဘောဆန္ဒအလျှောက် ရာထူးမှနှုတ်ထွက်ခွင့်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတရုံးမှ ဇန်နဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည့်အတွက် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် လစ်လပ်သွားသည့် နေရာအတွက် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဆိုပြုပေးပို့သော ဝန်ကြီးချုပ်သစ် အမည်စာရင်းကို ထုတ်ပြန်ကြေငြာ သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီမှာ ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ၎င်း၏ မူလတာဝန်ဖြစ်သည့် ကျုံပျော်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုလည်း ကျုံပျော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းကလည်း ဝန်ကြီးများအားလုံးကို ခေါ်ယူပြီး နှုတ်ဆက် အမှစကား ပြောဆိုခဲ့ကြောင်း သိရှိရသည်။

စိုင်းကို(ပုသိမ်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်