စီ်းတီးတက္ကစီအဖြစ် မှတ်ပုံမတင်က အငှားယာဉ်လိုင်စင် ဖျက်သိမ်းမည်

စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်သည့် အငှားယာဉ်များကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှသိရသည်။

“ သတိပေးကြပ်မတ်မှုတွေက ဆောင်ရွက်ပြီးပြီဖြစ်တဲ့အတွက် အရေးယူခြင်းအပိုင်းသွားမှာပေါ့။ အဲဒီမှာတော့ အတိုင်းအတာလိုက် သုံးသပ်ပြီးတော့ ဆောင်ရွက်သွားမှာပေါ့။ အရေးယူမှုအပိုင်းက ဒီထဲ (သတင်းစာထဲ) မှာပါပြီးပြီ။ စီးတီးတက္ကစီ လိုင်စင်မှဖျက်သိမ်းရင် ဒီကားတစ်စီးက လိုင်စင်မှမရှိတော့ရင် သူပြေးလို့ မရတော့ဘူးပေါ့” ဟု YRTA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီးတီးတက္ကစီယာဉ်များအဖြစ် မှတ်ပုံတင်ခြင်း၊ သတ်မှတ်ကာလအလိုက် စီးတီးတက္ကစီမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ ဆောင်ရွက်ရန် အစိုးရသတင်းစာများတွင် အကြိမ်ကြိမ်သတိပေးအကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိကြသော ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများမှ တင်ပြလာသဖြင့် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ဟု အသိပေးအကြောင်းကြားပြီးဖြစ်သော်လည်း အချို့ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများမှာ လာရောက်ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သို့ဖြစ်၍သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမရှိသည့် စီးတီးတက္ကစီယာဉ်များအား လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA အနေဖြင့် အသိပေးနှိုးဆော်ထားသည်။

ပုလဲ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်