စနစ်သစ်ပုထိုးတိုက် ကျောင်းက စစ်ဘေးရှောင် ကိုရင်လေး

နိုင်ငံလက်ရွေးစင် ဘောလုံးသမားဖြစ်ချင်တဲ့ စနစ်သစ်ပုထိုးတိုက် ကျောင်းက စစ်ဘေးရှောင် ကိုရင်လေး

၂၀၁၇ အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ် (၂)

စိုင်းနန္ဒကျော်နှင့် အခြားကိုရင်ငယ်များညနေပိုင်းအားလပ်ချိန် ရေမချိုးခင်အချိန်တွင် ဘောလုံးကန်လေ့ ရှိကြသည်။ သူသည်ပခုက္ကူမြို့ရှိ စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို စစ်တိမ်းရှောင်ရင်းရောက်ရှိလာကာ ကိုရင်ဘ၀ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသားအဖြစ် ပညာသင်ကြားနေသည်မှာ အတန်းပညာအားဖြင့် ဆဌမတန်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သာသနာဘောင်တွင် သူ၏ဘွဲ့အမည်က ကိုရင်လေးရှင်ထေစိန္ဒ။

သူ့ဇာတိက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ဖြစ်ပြီး တောင်ယာအလုပ်ဖြင့်အသက်မွေးဝမ်း ကြောင်းသည့် ကျေးရွာတစ်ရွာတွင် မိဘများနှင့်အတူ နေထိုင်ခဲ့ဖူးသည်။ လက်နက်ကိုင်တပ်ဖွဲ့များ အတွင်း ဝင်ရောက်အမှုထမ်းရမည်ကိုမိခင်ဖြစ်သူက စိုးရိမ်သောကြောင့်ညီဖြစ်သူနှင့်အတူပညာ သင်ကြားရန်မန္တလေးမြို့ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့စေလွှတ်လိုက်ခြင်းဖြစ်သည်။ အသက်၁၅နှစ်ရှိပြီဖြစ်သည့် ရှင်ထေစိန္ဒနှင့်နှစ်နှစ်ငယ်သည့် ညီဖြစ်သူတို့က မန္တလေးမြို့သို့မရောက်မီ ပြင်ဦးလွင်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ရဟန်းစာပေ သုံးနှစ်သင်ကြားခဲ့ကာ မန္တလေး ဖောင်တော်ဦးကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြောင်း သူကပြောပြသည်။ သူလက်ရှိနေထိုင် ပညာသင်ကြား နေသည့်နေရာက မန္တလေးမြို့ ဖောင်တော်ဦး ကျောင်းတိုက်မှ တိုက်ခွဲဖြစ်သည့်၊ ပခုက္ကူမြို့အမှတ် ၁၄ရပ်ကွက် တွင်ရှိသည့်စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖောင်တော်ဦးကျောင်းတိုက် ဖြစ်သည်။ ပခုက္ကူဖောင်တော်ဦး ကျောင်းတိုက်တွင် စစ်ဘေးတိမ်းရှောင်လာကာ သာသနာဘောင်တွင် ကိုရင်၊ သီလရှင် အဖြစ်ခံယူထားသည့် မိဘမဲ့ကလေး ၁၁၂ ဦးရှိသည်။

ဘဝမျိုးစုံကလေးအလုံးစုံကို ပညာသင်ကြား စောင့်ရှောက် ပေးထားကြောင်း ကျောင်းထိုင်ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။ “ရှစ်ဆယ်ရာခိုင်နှုန်းလောက်က စစ်ဘေးရှောင်လာတဲ့ ကလေးတွေ” ဟုဆရာတော်က မိန့်ကြားသည်။ ဖောင်တော်ဦး ကျောင်းတိုက်ကို ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအဖြစ်၂၀၁၄ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။ “မန္တလေးကျောင်းတိုက်က အခွဲဆိုတော့ ဒီဘက်ကို ကျောင်းသားပို့ပေးတာ။ ကျောင်း တည်ထောင်ခါစက(၂၄) ယောက် ကနေစတာ။ တို့ဆီကိုတိုက်ရိုက် လာတဲ့ကလေးတော့မရှိဘူး” ဟုကျောင်း ဖြစ်တည်လာပုံကို ပြောပြသည်။ ကျောင်းသားအများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ လာရောက်ကြခြင်းဖြစ်ကာ ၀၊ ပလောင်၊ ရှမ်း၊ ဓနု၊ ပအိုဝ်း အစရှိသည့် လူမျိုးစုံလှသည်။ အချို့ကိုရင်နှင့် သီလရှင်လေးများမှာ မြန်မာစကားကိုပင် ရေရေလည်လည် မပြောတတ်သေး။ ကျောင်းသားများကို ကျောင်းစာသင်ကြားပေးရသည်ထက် မြန်မာစာ၊ စကား တတ်မြောက်စေရန် ဦးစွာကြိုးပမ်းရသည်ဟု ဆရာမဒေါ်သီတာထွေးက သင်ကြားရေးပိုင်း၏ အခက်အခဲကို ပြောပြသည်။ “မြန်မာစကားကနေ စသင်ရတယ်။ စာသင်တဲ့အခါ မြန်မာစာကိုဦးစားပေးပြီးသင်ရတယ်” ဟုသူကဆိုသည်။ ယင်းအချက်ကြောင့် ကျောင်းသား ၁၁၂ ဦးမှာ ယမန်နှစ်က အောင်ချက် ၃ဝရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ဒေါ်သီတာထွေး အပါအဝင် ဆရာမသုံးဦးလုံးက စိတ်ပျက်မသွားခဲ့ပေ။ “ကလေးတွေက နောက်နှစ်တွေ ဆိုပိုပြီးအဆင်ပြေလာမှာ” ဟု သူက တပည့်များ၏အရည်အချင်းကို ယုံကြည်စွာဖြင့် ပြောဆိုသည်။

အဆိုပါ ကျောင်းသားများအပြင် ကျောင်းအိပ်ကျောင်းစား လာရောက် နေထိုင်သည့် အနီးဝန်းကျင်မြို့များက ၁ဝတန်းနှစ်ကျ (Repeater) ကျောင်းသား များလည်း ရှိနေသေးသည်။ သံဃာတော်နှင့် ကျောင်းသား ၁၅၀ကျော်အတွက် နေ့စဉ်စားသောက်ရေး အတွက်ကိုမူ ပခုက္ကူမြို့သားများ၏သဒ္ဓါတရားက ရက်ရောလွန်းသည်။ နံနက်ခင်း ဆွမ်းခံပြန်ချိန်တွင် သုံးဘီးဆိုင်ကယ်နှစ်စင်း၏ နောက်တွဲပေါ်ကဆွမ်းချိုင့်များ၌ ဆွမ်းကအပြည့်။

“ကလေးတွေအတွက် ကျောင်းသုံး ပစ္စည်းတွေက ဒကာဒကာမတွေကလှူကြတယ်။ ဘုန်းကြီးကတော့ လှူပါလို့ပြောပြီးအလှူမခံဘူး” ဟုဆရာတော်ကမိန့်သည်။ သို့သော်လည်း ဝေဖန်မှုများလည်း ရှိနေသည်မှာ သဘာဝပင်ဖြစ်ကြောင်းဆရာတော်က ရှင်းပြသည်။ “ကလေးတွေ ဗန်းပြပြီး အလှူခံနေတယ်လို့ ပြောတာမျိုးလည်း ရှိတယ်” ဟု မိန့်သည်။ ကလေးများကို ရိုက်နှက်ဆူပူခြင်းကို မကြိုက်ဟုဆရာတော်က တဆက်တည်းမိန့်ကြားသည်။ စာသင်ချိန်ပြီး အနားယူသည့် ညနေခင်းတွင် ကျောင်းဝန်းနောက်ဘက်တွင် ဘောလုံးကန်နေသည့် ကိုရင်ငယ်များ၊ ပြေးလွှား ဆော့ကစားနေသည့်ကိုရင်ငယ်များ၊ ကြိုးခုန်၊ ရွှေစွန်ညိုကစားနည်းများဖြင့် ဆော့ကစားနေကြ သည့် သီလရှင်ဆရာလေးများက အပူအပင် ကင်းမဲ့နေကြသည့်နှယ်။ ရှမ်းတိုင်းရင်းသား ရှင်ထေစိန္ဒက ရှမ်းတောင်တန်းပေါ်ရှိ သာယာလှပသည့် သူတို့ရွာသို့မပြန်ချင်၊ ညီအကိုသုံးယောက်ရှိသည့် သူတို့အိမ်တွင် တစ်ဦးမှာလက်နက်ကိုင်တပ်ဖွဲ့အတွင်းသို့ မဖြစ်မနေ ဝင်ရမည်ဟု သူကဆိုသည်။ သားနှစ်ဦးရှိလျှင် တစ်ဦးကို၎င်းတို့၏ တပ်အတွင်းသို့ ဝင်ရောက်ရမည် ဖြစ်သောကြောင့် သားအလတ်ဖြစ်သည့်သူနှင့် ညီအငယ်ဆုံးက ရွာမှထွက်လာခြင်းဖြစ်ပြီး အကြီးဆုံးဖြစ်သူက ရွာတွင်မိဘများ၏ တောင်ယာအလုပ် လုပ်ကိုင်နေရခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်သားစုဆောင်းမှုကို မခံရ ဟုသူကရှင်းပြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိနေပြီးမည်သည့် တပ်ဖွဲ့ကတပ်သားသစ် စုဆောင်းနေသည်ကိုတော့ သူရှင်းလင်းစွာမသိ။ သေချာသည်က သူတပ်ထဲမဝင်ချင်။

“သူများသားတွေကို လာခေါ်တာမကြိုက်ဘူး။ စစ်ပွဲတွေကိုမကြိုက်ဘူး” ဟု သူကလေသံဝဲဝဲဖြင့် ခပ်ပြတ်ပြတ်ပြောသည်။ သူတို့ညီအကိုရွာက ထွက်မလာခင် အချိန်ကပင်ရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားနေသည့် အသံများကိုကြားရပြီးစိတ်မအေးခဲ့ရ၊ ထိုစဉ်မှပင်စစ်ပွဲများကို မုန်းတီးမိကြောင်း သူ့ခံစားချက်ကိုပြောပြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်များ အကြားတိုက်ပွဲများဆက်လက်တည် ရှိနေခြင်းက ကိုရင်ရှင်ထေစိန္ဒ တို့ကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးများနှင့် စစ်ဘေးတိမ်းရှောင်နေရသည့် မိသားစုအရေအတွက် တိုးလာနေဆဲဖြစ်သည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ်အောက်တိုဘာ ၁၅ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့နှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေချသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက လက်ရှိ NLD အစိုးရလက်ထက် အထိလက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ လက်နက်ကိုင် ပဋိပက္ခနှင့် သဘောထားကွဲလွဲမှုများက အခြားနိုင်ငံများနှင့်ယှဉ်လျှင် နောက်ကျနေဆဲဖြစ်ကာ အထင်သေးခံရသည့်နိုင်ငံကို အနာဂတ် မျိုးဆက်များအတွက်ချန် ထားခဲ့မည်လားဟု နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်က ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေပြည်တော်တွင်ကျင်းပသည့် NCA စာချုပ် နှစ်နှစ်ပြည့်အခမ်းအနားတွင် မေးခွန်းထုတ်ခဲ့သည်။ “ကျွန်မတို့ အနာဂတ်ကိုမျက်နှာမူပြီး ရဲရဲတွေး၊ရဲရဲလုပ်ကြဖို့ လိုအပ်နေပါပြီ” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က တဆက်တည်းပြောဆိုသည်။ NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များအတွက်တံခါးဖွင့်ထားပြီး အနာဂတ်နိုင်ငံတော်အတွက် ဖက်ဒရယ်အခြေခံမူချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။

“တစ်တိုင်းပြည်လုံး ငြိမ်းချမ်းစေချင်တယ်။ စစ်ပွဲတွေ မတိုက်စေချင်တော့ဘူး” ဟု ရှင်ထေစိန္ဒက သူ့ခံစားချက်ကိုပြောပြသည်။ ရှင်ထေစိန္ဒက သူ့အနာဂတ်ရည်မှန်းချက်က နိုင်ငံလက်ရွေးစင်ဘောလုံးသမား တစ်ယောက်ဖြစ်ချင်ကြောင်း ဆိုသည်။ ရှင်ထေစိန္ဒလိုပင် သူ့နှင့်အတူပညာသင်ကြားနေသည့် သူငယ်ချင်းများလည်း အနာဂတ်ရည်မှန်းချက် ကိုယ်စီရှိနေကြသည်။ အားကစားနှင့် ကာယပညာသိပ္ပံသို့ ပို့ဆောင်ပေးမည်ဟု ကျောင်းထိုင်ဆရာတော်က ကတိပေးထားသည်ဟု သူက အားတက်စွာဖြင့် ပြောသည်။ သူအားကျသည့် ကစားသမားကအင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်နီ ဖြစ်သည်။ “အိမ်ကတော့ ဦးဇင်းဖြစ်စေချင်တယ်။ ကိုရင်စိတ်က လူထွက်ပြီးဘောလုံး ကန်ချင်တယ်” ဟုရှင်းလင်းပြတ် သားသည့် သူ့ရည်ရွယ်ချက်ကိုဆိုသည်။

မောင်ဉာဏ်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်