အိပ်ခန်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသူကျုံမငေးစခန်းမှူး နံဘေး၌ ခြောက်လုံးပြူးစပါယ်ရှယ်တစ်လက်နှင့် ကျည်ခွံတစ်ခုတွေ့ရှိထား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကျုံမငေးနယ်မြေ ရဲစခန်းတွင် ယာယီစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသော ရဲအုပ်လှိုင်ဝင်းသည် ၂၀၁၈ ခုနှစ်၏ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ခုံရုံးအဖွဲ့စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။ ကျုံမငေးရဲစခန်းမှူး ရဲအုပ်လှိုင်ဝင်းသည် ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ရဲစခန်းဝန်းအတွင်းရှိ နေအိမ်လိုင်းခန်းအမှတ်(၁)အိပ်ခန်းအတွင်း ကုတင်ဘေး၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “ ရဲအုပ်လှိုင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ခုံရုံးဖွဲ့စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရဲအုပ်လှိုင်ဝင်းသေဆုံးတဲ့ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ သူ့ဇနီးက အိမ်ရှေ့ထွက် ဆွမ်းလောင်းနေတဲ့အချိန် အိမ်ထဲကနေ ဝုန်းဆိုတဲ့အသံကြားလို့ တက်ကြည့်တော့ ရဲအုပ်လှိုင်ဝင်းက အိပ်ခန်းကုတင်ဘေးမှာ ပက်လက်လှန်ပြီး ဦးခေါင်းနောက်စေ့မှာ သွေးတွေထွက်နေလို့ ဆေးရုံပို့ချိန်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။ သေဆုံးမှုနှင့်ပက်သက်၍ ကျုံမငေးတိုက်နယ်ဆေးရုံတွင် ရဲအုပ်လှိုင်ဝင်း၏ အလောင်းအား ရင်ခွဲစစ်ဆေးခဲ့ရာ ပါးစပ်နှင့်လျှာ၌ ယမ်းနံ့များတွေ့ရပြီး၊ အာခေါင်အရင်းမှနေ နောက်စေ့သို့ ကျည်ဖောက်ထွက်ရာ တွေ့ရကြောင်း သိရသည်။

မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး၊ ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ ကြည့်ရှုစစ်ဆေးရာ အိပ်ခန်းကုတင်နောက်ဘက်တွင် ခြောက်လုံးပြူး စပယ်ရှယ်တစ်လက်၊ အုတ်နံရံတွင်အပေါက်ဒဏ်ရာတစ်ခု၊ ကျည်ခွံတစ်ခုနှင့် လဲကျနေသည့်နေရာတွင် သွေးများတွေ့ရှိရကြောင်း၊ ခြောက်လုံးပြူးအတွင်း၌ ကျည်သုံးတောင့်အနက် တစ်တောင့်၏နောက်ပိ်တ်တွင် ကျည်ရိုက်တံရိုက်ထားသည့် အရာတွေ့ရှိရကြောင်း၊ ကျန်နှစ်တောင့်မှာ ပစ်ထားသည့် အနေအထားမရှိပဲ စစ်ဆေးတွေ့ရှိရကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံက သိရသည်။

သေဆုံးခဲ့သည့် ရဲအုပ်လှိုင်ဝင်းမှာ အသက် ၄၂ နှစ်ကျော်သာရှိသေးပြီး ရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၆ နှစ်ကျော်ရှိပြီဖြစ်၍ ရဲအုပ်လှိုင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ကျုံမငေးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ နဲ့ အမှုဖွင့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

စိုင်းကို(ကျုံမငေး)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်