လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့ဖ် ဆီနီဂေါသမ္မတဖြစ်လာရန် အာရုံစိုက်

လီဗာပူးအပါအဝင် အင်္ဂလိပ် ကလပ်အများအပြား၌ လှည့်လည်ကစားခဲ့သော ဆီနီဂေါ ဘောလုံးသမားဟောင်း အယ်ဟာဂျီဒီအော့ဖ်သည်အနာဂတ်တွင် ဆီနီဂေါသမ္မတ ရွေးကောက်ပွဲဝင်ပြိုင်ရန် စဉ်းစားနေကြောင်း Four Four Two သတင်းတစ်ရပ်၌ ဖော်ပြသည်။

ဆီနီဂေါတွင် ဝန်ကြီးချုပ်ဖြစ်လိုကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည့် ဒီအော့ဖ်သည် ယခုမူသမ္မတဖြစ်ရေးကြိုးပမ်းရန် ရည်ရွယ်ထားပုံရသည်ဟု Four Four Two ကဆိုသည်။ ယခုလိုက်ဘေးရီးယားသမ္မတဖြစ်နေသည့် ချယ်ဆီးနှင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ဂျော့ခ်ျဝီယာကို အားကျသည်ဟု ဒီအော့ဖ်က ပြောကြားကြောင်းသိရသည်။

ဆီနီဂေါတွင် ပြောင်းလဲမှုများဖော်ဆောင်ပေးရန် မိမိကိုစောင့်မျှော်နေသူများ ရှိသောကြောင့် နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဒီအော့ဖ်ကဆိုသည်။ မိမိအနာဂတ်ကို ဆုံးဖြတ်ပြီးဖြစ်ကာ နှစ်နှစ်အတွင်း နိုင်ငံရေးလောကသို့ ဝင်ရောက်သွားမည်ဟု ဆန်းဒါးလန်း၊ ဘော်လ်တန်၊ လီဗာပူး၊ ဘလက်လန်း၊ လိဒ်စ်စသော အသင်းများတွင် ကစားခဲ့သည့် အသက် ၃၇ နှစ်အရွယ် ဘောလုံးသမားဟောင်းက ပြောကြားသည်။

ဒီအောဖ်သည် အဆင့်မြင့်ဘောလုံးနည်းပြသင်တန်းများ တက်ခဲ့သော်လည်း နိုင်ငံရေးကို စိတ်အားထက်သန်လွန်းသောကြောင့် ဘောလုံးနယ်ပယ်ကို လက်လွှတ်၍ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Photo-Four Four Two