ဆာဒမ်ဟူစိန်နှင့်ဝေးရာ – ကိုအောင် (မြောက်ဦး)
အီရတ်န်ိုင်ငံမှာပြဋ္ဌာန်းထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်သားဘ၀ရောက်လာတဲ့ အီရတ်နိုင်ငံသား လူငယ်တစ်ဦးရဲ့ဘဝဇာတ်ကြောင်း ဖြစ်ရပ်မှန်ကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ စစ်သားဘဝကနေ စစ်ထောက်လှမ်းရေးအဖွဲ့အတွက် ရွေးချယ်ခံခဲ့ရပြီး ဆာဒမ်ဟူစိန်ရဲ့ ခိုင်းစေသမျှ တစ်သွေး တစ်သံအမိန့်တွေကို အကောင်အထည်ဖော်ပေးရတဲ့ လက်ပါးစေတစ်ဦး ရောက်ရှိခဲ့ပြီး စစ်သားတို့၏ သဘောသဘာဝအရ အမိန့်မနာခံရင် အာဏာဖီဆန်မှုမြောက်မှာ ဖြစ်တဲ့အတွက် ခိုင်းစေသမျှလုပ်ရင်း နောက်ဆုံး ဆာဒမ်ဟူစိန်နှင့် ဝေးရာကို ထွက်ပြေးရတဲ့ အကြောင်းတွေကို ဒီစာအုပ်မှာ ရင်သပ်ကျပ်မောစွာ ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒီစာအုပ်ကို Quality Publishing House ကနေ ထုတ်တာဖြစ်ပြီး တန်ဖိုးကတော့ ကျပ် ၆၀၀၀ ကျပ်ဖြစ်ပါတယ်။
အိပ်မက်ချိုချို ဘဝခါးခါး – ယမင်းမြတ်အေး
သတင်းအယ်ဒီတာတစ်ဦးဖြစ်တဲ့ ဆရာမယမင်းမြတ်အေးရေးသားထားတဲ့ ဒီစာအုပ်ဟာ ဝတ္ထုအမည်ခံထားပေမယ့် တကယ့်အပြင်ဘဝက အချက်အလက်များကို အခြေခံကာရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ရပ်တည်ဖို့ခက်ခဲတဲ့ မိသားစုအတွက် အနစ်နာခံပြီး ပြည်ပကိုပြေလည်မှုသွားရှာကြတဲ့လူတွေရဲ့ ဘဝပုံရိပ်တွေကို စာရေးဆရာမက အိပ်မက်ချိုချို ဘဝခါးခါးအမည်နဲ့ တင်စားရေးဖွဲ့ထားတာပါ။ ဒီစာအုပ်ကို တန်ဖိုး ကျပ် ၃၅၀၀ နဲ့ နှစ်ကာလများစာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပါတယ်။