ဂျပန်တွင် ခိုလှုံခွင့်တောင်းခံသူ စံချိန်တင်မြင့်တက်လျက် နှစ်သောင်းနီးပါးရှိခဲ့သော်လည်း ၂၀ ဦးကိုသာ ဒုက္ခသည်အဖြစ်လက်ခံ

ပြီးခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ခိုလှုံခွင့် တောင်းခံသူ ၈၀ ရာခ်ိုင်နှုန်း မြင့်တက်၍ စံချိန်တင်အရေအတွက် အဖြစ် ၁၉,၆၂၈ ဦးရှိခဲ့ပြီး ယင်းအနက် ၂၀ ဦးကိုသာ ဂျပန်အစိုးရကလက်ခံခဲ့ကြောင်းသိရသည်။
ဒုက္ခသည်အဖြစ် ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ရရန် ကြိုးပမ်းသူအရေအတွက် မကြာခင်နှစ်များအတွင်း မြင့်တက်ခဲ့သည်။ ဒုက္ခသည်အဖြစ်နေထိုင်ခွင့်လျှောက်ထားမှုများ ကို စစ်ဆေးသုံးသပ်နေစဉ်အတွင်း တရားဝင် ဗီဇာဖြင့် လျှောက်ထားသူများကို အလုပ်လုပ်ခွင့်ပြုသည့် စနစ်ကိုလူများအမိအရ အသုံးချလျက်ရှိသောကြောင့် ထိုသို့မြင့်တက်နေခြင်းဖြစ်သည်ဟု ဂျပန်တရားရေး ဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံလူဦးရေ၌ သက်ကြီးရွယ်အို ပါဝင်မှုမြင့်တက်လာလျက် အလုပ်လုပ်နိုင်သည့် အသက်အရွယ်အပိုင်းအခြားတွင်ရှိသူ ဦးရေ လျော့ကျလာသောပြဿာနာနှင့် ကြုံနေရသော်လည်း ယဉ်ကျေးမှု နှင့် လူမျိုးစုများ ကွဲပြားခြားနားခြင်းမရှိ တသားတည်းဖြစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံသားအများအပြားက ဂုဏ်ယူကြသည့် ဂျပန်တွင် လူဝင်မှုသည် အငြင်းပွားဖွယ် အရေးကိစ္စတစ်ခုဖြစ်သည်။ နိုင်ငံတက ာ အကူအညီအပေးရေးအဖွဲ့များသို့ အဓိကပါဝင်လှူဒါန်းသူ တစ်ဦးဖြစ်သော်လည်း ဂျပန်သည် ခိုလှုံခွင့်မူဝါဒများကို ဖြေလျှော့ရန် သို့မဟုတ် ကော်လာပြာလုပ်သားများ ဝင်ရောက်လာမှုကို ခွင့်ပြုရန် ဝန်လေးလျက်ရှိသည်။
ယမန်နှစ်က ဂျပန်သို့ခိုလှုံခွင့်တောင်းခံခဲ့သူ ၁၉,၆၂၈ ဦးတွင် ဖိလစ်ပိုင်နိုင်ငံသားများက လေးပုံတစ်ပုံဖြင့် ဦးဆောင်ပြီး သူ့နောက်တွင်ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံသားများရှိကြောင်းသိရသည်။ ခိုလှုံခွင့်ရရှိခဲ့သူ ၂၀ ဦးတွင် ငါးဦးသည် အီဂျစ်၊ အခြားငါးဦးသည် ဆီးရီးယား၊ နောက်ထပ်နှစ်ဦးသည် အာဖဂန် နစ္စတန် မှ ဖြစ်သည်။ ကျန်ရှစ်ဦးကို မည်သည့်နိုင်ငံကဖြစ်ကြောင်း အစိုးရက မထုတ်ပြန်ပေ။ ဂျပန်သည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာမှ ခိုလှုံခွင့်တောင်းခံသူ ၂၈ ဦးကို ဒုက္ခသည်များအဖြစ်လက်ခံခဲ့သည်။
Photo – Reuters

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်