မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ဒါ ပြည်သူလူထုအတွက် တကယ်ရော အကျိုးရှိရဲ့လား၊ ဒါကြီးရှိပြီးတော့ ရွှေကျောင်းပြောင်ပြောင်၊ ဝမ်းခေါင်ခေါင်ဖြစ်နေတော့ရော ဘယ့်နှယ့်လုပ်မလဲ”

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၁)

မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ တစ်နှစ်ခွဲတာကာလအတွင်း နိုင်ငံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ် မှုများ၊ ယဉ်ကျေးမှု၊ မူးယစ်ဆေးဝါး ပြဿနာ၊ မှုခင်းဖြစ်စဉ် အရပ်ရပ်တို့ အပေါ် လက်ရှိဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ယူနတီသတင်းအဖွဲ့ တွေ့ဆုံမေးမြန်းခဲ့ သည်များကို ဖော်ပြလိုက်ရပါသည်။
အယ်ဒီတာအဖွဲ့

 

မန္တလေးတိုင်းဝန်ကြီးချုပ်အနေနဲ့ အစိုးရရဲ့တစ်နှစ်ခွဲဆိုတဲ့အချိန် ကာလ အတွင်းမှာ မန္တလေးတိုင်းအနေနဲ့ သိသာ တဲ့ပြောင်းလဲမှုတွေရှိရင် ပြောပြပေးပါဦး။

ကျွန်တော်တို့ မန္တလေးတိုင်းကို တာဝန်ယူတာ ၁၈ လပြည့်ပြီးသွားပြီ။ ကျွန်တော်တို့စလာကတည်းက ရည်မှန်း ချက်တစ်ခုထားထားတယ်။ ထားရတဲ့ အကြောင်းကလည်း မန္တလေးမြို့က အရေးကြီးတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရည်မှန်းချက်ထားလိုက် တယ်။ ကျွန်တော်တို့မန္တလေးမြို့ ကြီးကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့ စီမံချက်လေးရှိပါတယ်။ Green, Clean, Smart ဖြစ်ရမယ်ပေါ့။ ဘာကြောင့် Gမနနည ပြောရလည်းဆိုတော့ အခု လယ် ယာတွေက မရှိတော့ဘူး။ ရောင်းပစ် လိုက်ကြပြီဗျ။ ကျွန်တော်တို့မှာ လယ် တွေက စိမ်းစိမ်းစိုစို သိပ်မမြင်ရတော့ ဘူး။ အကုန်ရောင်းပြီးသားတွေ။ သူဌေး တွေအကုန်ပိုင်နေကြတာ။ Green ဖြစ် ဖို့အတွက်ဆိုရင်တော့ ကျွန်တော့် လက်ထက်မှာတော့ လယ်မြေကို တခြား နည်းနဲ့သုံးတာတွေ ကျွန်တော်တို့ တော် တော်စိစစ်တယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင် ကျွန်တော်တစ်ခုမှကို မပေးသေး ဘူး။ အဲဒီတော့ အရင်အစိုးရလက်ထက်က ပေးထားပြီးသားဟာတွေ ရှိတဲ့အတွက် ကျွန်တော် မတတ်နိုင်ဘူး။ ကျွန်တော့်လက်ထက်မှာတော့ Green ဖြစ်နေဖို့အတွက် လယ်မြေတွေကို အခြားနည်းနဲ့သုံးပြီး ရောင်းလိုက်တာတွေ ကျွန်တော်တစ်ခုမှ ခွင့်မပြုဘူး။ Clean အတွက်က ကျွန်တော်တို့ပြည်သူတွေကို ပညာပေးရဦးမယ် ဆိုတာလည်း ကျွန်တော်တို့ သဘော ပေါက်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သမျှ မန္တလေးမြို့ စည်ပင်ကနေ တတ်နိုင်သမျှ သန့်ရှင်းအောင်လုပ်မယ်။ တချို့ ဆိုင်နေရာတွေ အဖီထုတ်တဲ့နေရာတွေကို ရှင်းတာတွေရှိတယ်။ မြို့သန့်ရှင်းရေး ကိုလည်း ကျွန်တော်လုပ်ပါတယ်။ Smart City ကတော့ အခုနိုင်ငံခြား ကုမ္ပဏီတွေက တော်တော်များလာတယ်။ ဖိုက်ဘာတွေ၊ ကေဘယ်လ်တွေ အောက်ချချင်တယ်။ ကျွန်တော်တို့မှာ ခက်တာ နည်းဥပဒေကောင်းကောင်းမရှိ သေးဘူး။ ဆက်သွယ်ရေးဥပဒေကြီးရှိပြီး၊ နည်းဥပဒေမရှိတော့ လမ်းတွေကို အလယ်က ဖောက်တဲ့လူရှိတယ်။ အလယ်ကနေဖောက်လိုက်တဲ့အခါ ကျွန်တော်တို့ကပြန်တား၊ ကျွန်တော် တို့က လမ်းကောင်းအောင်လုပ်နေတဲ့ အခါ သူတို့ကဖောက်သွားပြီးတော့ ပြန်ဖို့တာ မကောင်းတဲ့အခါကျတော့ ကျွန် တော် တို့က ဖိုက်ဘာကေဘယ်ချရ မယ်ဆိုတာ သဘောပေါက်တယ်။ နောက်တချို့က ဘေးကဖောက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကုမ္ပဏီတွေကို ခွင့်ပြုခဲ့တာမဟုတ်ဘူး။ အရင်အစိုးရလက်ထက်ကတည်းက ခွင့်ပြုခဲ့တာ။ အရင်အစိုးရလက်ထက်က လက်မှတ် ထိုးထားတဲ့အခါကျတော့ ကျွန်တော်တို့ ဆီလာလုပ်တဲ့အခါ စည်းကမ်းမဲ့လုပ် တဲ့အတွက် တားရတဲ့ဟာတွေရှိတယ်။ တားတော့ ပြည်ထောင်စုကလည်း ဘာလို့တားတာလဲဆိုပြီး ကျွန်တော်တို့ကို မေးတယ်ဗျ။ အဲဒါလည်း နည်းနည်းလေး စိန်ခေါ်မှုလေးရှိတာပေါ့။ ဒါပေမဲ့ အခုလည်းချပါ၊ စနစ်တကျချပါ။ စနစ်တကျတူးပြီးရင် စနစ်တကျချပြီးရင် စနစ်တကျ ပြန်ဖို့သွားပါ။ ပြီးတော့ ညတွေ ညဉ့်နက် သန်းခေါင်မလုပ်ပါနဲ့။ ကျွန်တော်တို့ကို ပြည်သူတွေကတိုင်တယ်။ ညအထိ တဒုန်းဒုန်းဖောက်နေတယ်။ ပြည်သူဆို တာကတော့ နားမလည်ဘူး။ ဆူညံတာ ပဲသိတယ်။ Smart ဖြစ်အောင်လုပ်တာ ကို သူတို့မသိဘူး။ ဘာကြောင့်ဆို ကျွန်တော်တို့မှာ နည်းဥပဒေမရှိတဲ့ အတွက်ကြောင့် လုပ် တော့ လုပ်နေတယ် ။မန္တလေးကိုလည်း တကယ်ဖြစ်စေချင် တယ်။ ကျွန်တော်တို့ကို နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် မှာထားတာရှိတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ အရေးကြီးတယ်။ မြို့နဲ့ ကျေးလက်ဒေသ အရမ်းကွာနေ တယ်။ ဒီဟာကိုဖွံ့ဖြိုးဖို့အတွက်ဆိုရင် ကျွန်တော့်ရတဲ့ ဘတ်ဂျက်ကို ဘယ်မှာ အသုံးချလည်းဆိုရင် ကျေးလက်ဖွံ့ဖြိုး ရေးမှာ လမ်းတွေဖောက်ပေးတယ်၊ တံတားတွေဆောက်ပေးတယ်၊ လျှပ်စစ်မီးလင်းရေး အဓိက ထားပြီးလုပ်တယ်။ ကျွန်တော်တို့ ရှိတဲ့ ဘတ်ဂျက်တော်တော်များများကို လျှပ်စစ်မီးလင်းရေးအတွက် လုပ်တယ်။ ၂၀၃၀ ကျလို့ရှိရင် တစ်နိုင်ငံ လုံးမီးလင်းရေးလုပ်ထားတော့ ကျွန်တော် တို့ မန္တလေးတိုင်းမှာ မီးလင်းဖို့နေရာတွေ အများကြီးကျန်နေသေးတယ်။ တစ်နှစ်ချင်းတစ်နှစ်ချင်းကို လုပ်သွားမှ ကျေးလက်ဖွံ့ဖြိုးရေးလုပ်နိုင်မှာ။ အဓိကက တော့ လမ်းရှိသွားရင်၊ မီးလင်းသွားရင် ကျေးလက်ဒေသတွေ မျက်စိအောက်မှာတင် ဖွံ့ဖြိုးလာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျေးရွာပေါင်း ၂၁၄ ရွာမီးလင်း အောင်လုပ် ခဲ့ပြီးပြီ။ တစ်ပြိုင်နက်တည်းမှာ ကျွန်တော်တတ်နိုင်သမျှ ကျေးလက် လမ်းတွေကို အကောင်အထည်ဖော် တယ်။ ပြီးရင် သောက်သုံးရေရအောင် ကျွန်တော်တို့လုပ်ပေးလိုက်တာ မနှစ်က တော်တော်အောင်မြင်တယ်။ ကျေးလက် လမ်းတွေဆိုရင် မိုင်ရာချီရှိပါတယ်။ ကျေးရွာမီးလင်းလာရင် သစ်တောလေး တွေလည်း ပြန်ပေါ်လာတယ်။ ဆိုလိုချင်တာက ကျေးရွာထင်းစိုက်ခြင်းမှာ လျှပ်စစ် မီးရလာလိုက်တဲ့အတွက် အဲဒါကို အသုံးပြုလိုက်တဲ့အတွက် သစ်တောပြုန်းတီးမှု လျော့ကျသွားမယ်။ တွင်းရေကို ကျွန် တော်တို့ဘတ်ဂျက်နဲ့ တွင်းကိုးရာကျော် တူးပေးနိုင်တယ် ။ကျွန်တော်တို့မှာ ငါးနှစ် သက်တမ်းပဲရှိတာ။ ကျွန်တော်တတ်နိုင် သလောက် လုပ်ပေးချင်တယ်။ ကျေးရွာတွေကို ကျွန်တော်ဆင်းကြည့်တဲ့အခါမှာ မနှစ်ကနဲ့ ဒီနှစ်တစ်ခေါက်နဲ့ တစ်ခေါက် ပြည်သူတွေတုံ့ပြန်မှုက မတူဘူး။ ဆိုလိုချင်တာ ဘာအစိုးအရအဖွဲ့မှ မလာဖူး တဲ့နေရာတွေကို ဝန်ကြီးချုပ်ကိုယ်တိုင် လာတယ်ဆိုတဲ့အသိကို သူတို့သိတဲ့ အတွက် ကျွန်တော့်အတွက်စည်းရုံးရေး လည်းရတယ်။ သူတို့ ဖွံ့ဖြိုးရေးလည်း ရတယ်။ ကိုယ်တိုင်ဆင်းကြည့်တဲ့အခါ ဘာအကျိုးကျေးဇူးရလဲဆိုရင် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နိုင်တယ်။ သူတို့ရင် တွင်းခံစားချက်ကို ဖွင့်ပြောကြတယ်။ ကျောင်းနေချင်တဲ့သူတွေ အများကြီး၊ အနီးအနားရွာတွေကလာပြီး မီးလင်းချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ရွာတွေ လည်းအများကြီး။ အထူးသဖြင့် ရွာကဆရာတော်တွေကို ကျေးဇူးတင်ပါတယ်။ ဆရာတော်တွေက ကျေးရွာဖွံ့ဖြိုးရေးမှာ သူတို့ မပါရင်မပြီးဘူး။ ဆရာတော်တွေကနေ ကျွန်တော့်ကိုလာတွေ့ပြီးတော့ ကျေးဇူးတင်တဲ့အကြောင်း ပြောတယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုရလဒ်ကတော့ ကျေးရွာလမ်းတွေဖြစ်လာတယ်၊ လျှပ်စစ်မီးလင်းလာတယ်၊ ရေကောင်း ရေသန့်ရအောင် အထူးသဖြင့် စိုက်ပျိုးရေရအောင် ကန်တွေပြန်ဖော်ပေးတယ်။

 

ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်မှုပြင်းထန်နေတဲ့ အချို့စာစောင် တွေမှာ MICC အဆောက်အအုံကိစ္စ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ သိချင်ပါတယ်။

ဖြေရမှာတော်တော်ခက်တယ်။ အရင်အစိုးရလုပ်ထားခဲ့တဲ့ လုပ်ငန်းကြီး ဖြစ်တယ်။ လုပ်ငန်းကလည်း တော်တော်ကြီးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်အဲဒီနေရာကို နှစ်ခေါက်ရောက် ပြီးသွားပြီ။ MICC ဟာကြီးကို ကြည့်ပြီးပြီ။ အရင်အစိုးရနဲ့ စာချုပ်ချုပ်ထားတာကို လည်း ကျွန်တော်အပြစ်မပြောလိုပါဘူး။ ဝေဖန်မှုလည်း မပြုချင်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ မြေပေးလိုက်တာတွေကလည်း အများကြီးပဲ။ ဒီဟာကြီးကို ကုမ္ပဏီက အလကားဆောက်ပေးတာပေါ့ ဗျာ။ ဆောက်ပေးတဲ့အတွက်သူ့ကို မြေပေးတယ်။ စာချုပ်ချုပ်ထားတာကို ပြန်လေ့လာလိုက် တော့ စာချုပ်မှာ အားနည်းချက်တွေအများကြီးပဲ။ တစ်အချက် ကတော့ ပွင့်လင်းမြင်သာမှုမရှိတာ။ လွှတ်တော်ကို မတင်ရသေးဘူး။ ဒါကြီးကလည်း ဆောက်ဖို့ကြာလှပြီ။ ဆောက်ဖို့ လုပ်ပြီးသွားပြီ၊ ဖွင့်ပြီးသွားပြီ။ ပထမဆုံး စဉ်းစားရမှာက မန္တလေးမြို့လောက် အနေနဲ့ ဒီလောက်ကြီးတဲ့ အဆောက် အအုံကြီးလိုအပ်သလားပေါ့။ ဒါက နိုင်ငံတကာပွဲတွေ လုပ်ရတာလေ။နေပြည် တော်မှာ MICC ရှိတယ်ဆိုတာ ပြဿနာ မရှိဘူး။ နေပြည်တော်မှာ International ပွဲတွေလုပ်လို့ရတယ် ။ပင် လုံညီလာခံ လုပ်လို့ရတယ် ။မန္တလေးမြို့အနေနဲ့ကျတော့ သိပ်မလွယ်ကူဘူးဗျ။ အခုအဲဒီနေရာက နေရာကောင်းကြီးဗျ။ ပေးသွားတဲ့ မြေက အကျယ်ကြီးပဲ။ အခုထက်ထိ မပြီးသေးဘူး။ ကျွန်တော်တက်တာကို ၁၈ လရှိပြီ။ အခုထက်ထိကို အချောလည်း မသပ်နိုင်သေးတဲ့ သဘောရှိတာပေါ့။ နောက်ဆုံးပြီးလို့ လက်လွှဲတဲ့အခါကျ အစိုးရခေါင်း ရောက်တော့ပေါ့နော့်။ ဝန်ကြီးချုပ်ဆီတော့ ဦးတည်ရောက်လာတာပေါ့။ လုပ်တာကတော့ MCDC မန္တလေးမြို့တော် စည်ပင်နဲ့လုပ်တာ။ ကျွန်တော်ကတော့ တန်သလား မတန်လားတော့ ဆုံးဖြတ်မယ်။ ဒီလောက်ပိုက်ဆံတွေ ဘီလျံပေါင်း မြောက်များစွာကုန်နေပြီ။ ဒါ ပြည်သူလူထုအတွက် တကယ်ရော အကျိုးရှိရဲ့လား၊ ဒါကြီးရှိပြီးတော့ ရွှေကျောင်းပြောင်ပြောင်၊ ဝမ်းခေါင်ခေါင် ဖြစ်နေတော့ရော ဘယ့်နှယ့် လုပ်မလဲ။ အဲဒီအစား ကျေးလက်အတွက် အလှူခံလိုက်မယ်ဆိုရင် ကျွန်တော်ထင်တယ် ရွာသုံးရွာတော့ မီးလင်းသွားမှာ၊ လမ်း တွေအများကြီးဖောက်လို့ရမှာ၊ အဲဒါ လောလောလတ်လတ်ပေါ့။ အခုကျွန် တော်က ပွင့်လင်းမြင်သာမှုရှိအောင်ချပြ နေတာပေါ့။ ပထမဆုံးတော့ လွှတ်တော် ကိုတင်ရမှာ။ ဒါကြီးကို ဒီလိုလုပ်ခဲ့ကြ တယ်။ ကျွန်တော်တို့ လက်ထက်မှာ ဘာဆက်လုပ်တယ်ဆိုတာ။ လွှတ်တော်တင်ပြီးရင် ပြည်သူလည်းသိအောင် ရှင်းလင်းပွဲတွေ လုပ်ရမှာပေါ့။ အဓိကကျတာတော့ စည်ပင်ရယ် မြို့တော်ဝန် ရယ်ပေါ့။ ကျွန်တော်ကတော့ နောက်ကနေပြီး ပံ့ပိုးပေးရုံပေါ့။

 

တိုင်းအစိုးရအဖွဲ့အနေနဲ့ ဒီအစိုးရရဲ့စီမံကိန်းတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမမီဘူး။ အဲဒီလိုဆိုရင် ဆရာတို့အနေနဲ့ ဘယ်လိုကိုင်တွယ်ပြီးတော့ အရေးယူမှာလဲ။

ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ တင်ဒါတွေခေါ်တာကို ပထမဆုံးပွင့်လင်းမြင်သာမှုရှိအောင် လုပ်ရမယ်ဆိုတဲ့မူပေါ့။ လုပ်ကြည့်တော့ အောင်မြင်တာတော့ အောင်မြင်တယ်။ ဒါပေမဲ့ မရတဲ့သူကျတော့ တိုင်ကြတာပဲဗျ။ တကယ်တမ်းကုမ္ပဏီတွေကို စစ်လိုက်တော့ အရည်အသွေးမမီတာတွေ အများကြီးပဲ။ နှစ်နှစ်လောက်လည်းနေရော အက်ကြောင်းကြီးတွေ ပေါ်လာ တယ်။ အဲဒါမဖြစ်သင့်ဘူး။ ဒါပြည်သူ့ငွေကို အဂတိလိုက်စားတာပဲ။ Third Party ကို ကောင်းကောင်းလည်း ဖွဲ့ထားတယ်။ Third Party လုပ်ငန်းကို ဝင်လေ့လာပြီး နိုင်ငံခြားတောင် လွှတ်လိုက်သေးတယ်။ အခုတိုင်းမှာ တရားရုံးများစောင့်ကြည့် ရေးအဖွဲ့ ဆိုတာ ကျွန်တော်ဖွဲ့ပစ်လိုက်တယ်။ ပြင်ပကလူတွေ၊ ပညာရှင်တွေနဲ့ဖွဲ့ ထားပါတယ်။

 

အခုမန္တလေးတိုင်းမှာ မြေယာက အရမ်းတန်ဖိုးကြီးနေတယ်။ တချို့ တွေက လက်ဝါးကြီးအုပ်ပြီးတော့ အဲဒါတွေကို ပြန်လည်ဖြေရှင်းဖို့ကိုရော ဘယ်လိုလုပ်ပေးနိုင်မလဲ။

အဲဒါလည်းခက်ခဲတဲ့အလုပ်ဗျ။ ကျွန်တော်တို့ကမသိလိုက်ဘူး။ မေး ကြည့်လိုက်တော့ ဒီမြေလေးလွတ်နေလို့ ဘာလုပ်မှာလဲဆိုတော့ ပိုင်ရှင်ရှိပြီးသား။ ပိုင်ရှင်ကဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး။ မြေကတော့ ရောင်းပြီးသား ဖြစ်နေတယ်။ တကယ်တော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ လယ်တွေ၊ မြေတွေက ရောင်းပြီးသွားကြပြီ။ လယ်သမားဘက်က ပြန်စဉ်းစားကြည့်လိုက်ရင် ကုန်းရုန်းလုပ်ပါမှ တစ်နေ့ဝင်ငွေက ငါးထောင်လောက်ရတာ။ အဲဒါကို သိန်းငါးရာ ခြောက်ရာရသွားတဲ့အခါကျတော့ ဘာလုပ်ကြမလဲ။ တော်တော်စိုးရိမ်စရာ ကောင်းတဲ့ဟာပါ။ ဂရန်တစ်ခုပေါက်ဖို့ လချီကြာတယ်။ တချို့ဆို နှစ်ချီကြာတယ်။ အဲဒီတုန်းက ထူးဆန်းတာက တစ်ရက် တည်းနဲ့ ဂရန်ပေါက်အောင်လုပ်ပေးလိုက်တယ်။ မြေပေးရုံတင်မကဘူး။ တစ်ရက် တည်းနဲ့ ဂရန်ပေါက်အောင်လုပ်ပေး လိုက်တယ်။ မတ်လ ၂၉ ရက်နေ့မှာ မြေပေးလိုက်တဲ့ ဂရန် တွေ ကအများကြီးပဲ။ ၁၈ နှစ်မပြည့်သေးတဲ့ကလေးလည်း မြေချပေးလိုက်တာ။ ပြီးတော့ လူတစ်ယောက်တည်းကိုလည်း မြေကွက်အများ ကြီးချပေးထားလိုက်တယ်။ ဒါတွေကို မစိစစ်လို့လည်းမရဘူး။ ကျွန်တော်တို့ ဒီမြို့ကြီးကို ဖော်တော့မယ်ဆိုရင် အရင်လူတွေကဘာလုပ်ထားလဲဆိုတာ ကျွန်တော် သေချာစိစစ်နေပါတယ်။

 

ဝန်ကြီးချုပ်အနေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ အစိုးရလုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့အခါမှာ အောက်ခြေဝန်ထမ်းတွေအဆင့်ဆင့် လိုက်နာမှု ဘယ်လောက်အထိရှိလဲ။

စည်းရုံးရေးကာလကတော့ ၁၈ လပြည့်သွားပြီ။ ကျွန်တော်ကတော့ စည်းရုံးရေးနဲ့ပဲ အလုပ်တွဲလုပ်ပါတယ်။ တော်တော်တင်းကျပ်တဲ့ ဗျူရိုကရေစီမှာ ချထားတဲ့လူတွေနဲ့တွဲလုပ်ရတဲ့အခါ အစပိုင်းမှာ တော်တော်ကိုခက်ပါတယ်။ တော်တော်လည်း စိန်ခေါ်မှုများပါတယ်။ ကျွန်တော်တို့နောက်ကို လိုက်စေချင်ပါ တယ်။ လိုက်တဲ့လူလည်းရှိပါတယ်။ မလိုက်ဘဲ နှောင့်နှေးအောင် လုပ်တဲ့လူ လည်းရှိပါတယ်။ စည်းရုံးလို့မရဘူးဆိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းတွေရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ်တွေကို အမြဲမှာထားတာရှိပါတယ်။ ကိုယ့်ဘေးနားမှာ ဥပဒေချုပ်တွေကို ထားထားပြီး အလုပ်လုပ်ပါဆိုပြီးတော့။ ဆိုလိုချင်တာ ကျွန်တော်တို့ ဥပဒေမကျွမ်းကျင်ဘူး။ တိုင်ပင်ပြီးလုပ်ပါပေါ့။
အစိုးရသစ် လက်ထက်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အခြားတစ်ဖက် နိုင်ငံရေး ပါတီနဲ့ နိုင်ငံရေး ပယောဂတွေ အခက် အခဲတွေ ကြုံဖူးလား။
နိုင်ငံရေးဆိုတာကတော့ အတိုက်အခံရှိတာပေါ့နော်။ ကျွန်တော်တို့ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်ခါတလေ ကျွန်တော်တို့ဘ၀တွေက အိပ်မက်များတောင် ဖြစ်နေသလား မသိဘူး။ ကျွန်တော်တို့ထောင်ထဲမှာ ခေါင်းကြီးငုံ့ နေရတဲ့အချိန်၊ ကျွန်တော်တို့အခုလာတော့ ဒါတွေက သင်ခန်းစာယူတတ်ရမှာပေါ့။ ဖြစ်ပြီးရင် ပျက်မှာပဲ။ လယ်သိမ်း၊ မြေသိမ်းတွေ ကျွန်တော်လုပ်ပေးနေတဲ့ ကြားထဲကနေ နောက်ကွယ်ကနေပယော ဂတွေပါပြီး ဆန္ဒပြတယ်ဗျ။ ကျွန်တော်ရအောင် ပြန်လုပ်ပေးမယ်ဆိုပြီးညှိနှိုင်းတယ်။ မြေပြန်ရအောင်လုပ်ပေးရတာလည်း တော်တော်ခက်တယ်။ သိမ်းတဲ့အဖွဲ့အစည်းတွေကလည်း ခင်ဗျားတို့သိပါတယ် ။ကျွန်တော်တို့ ဝန်ကြီးဌာနတွေ အပေါ် မစွန့်လွှတ်ချင်တာတွေ အများကြီး။ ကျွန်တော်က အခုလက်တွေ့ကျမှသိတာ။ နောင် အနာဂတ်စီမံကိန်းရှိလို့ မစွန့်လွှတ်နိုင်ဘူးဆိုပြီးကြာနေတော့ လယ်သမား တွေလည်းစောင့်ရတာ သူတို့လည်း စိတ်မရှည်ဘူး။ သူတစ်ရာအသိမ်းခံရရင် တစ်ရာလုံးလိုချင်တယ်ဆိုပြီး တချို့ကလည်း လက်ခံကြတယ်ပေါ့၊ တချို့ကလည်း လက်မခံကြဘူး။ အတိုက်အခံ လုပ်တာလေးတွေ ရှိပါတယ်။

ဆရာတို့မန္တလေးမြို့ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ တကယ့်ကို ကြားခံနယ်မြေတစ်ခုလိုရှိနေတယ်။ အဲဒါတွေ ပပျောက်အောင် ဘယ်လိုအစီအစဉ်တွေ ဆွဲထားပါသလဲ။

ကျွန်တော်တို့ တနင်္လာနေ့တိုင်း လုံခြုံရေးအစည်းအဝေးရှိပါတယ်။ တစ်တိုင်းလုံးနဲ့ပတ်သက်ပြီး ရဲမှူးကြီးတွေ၊ ခရိုင်ရဲမှူးတွေ၊ အထွေထွေဥက္ကဋ္ဌတွေ ၊တပ်မတော်ဘက်က နယ်လုံဝန်ကြီးတွေဦးဆောင်ပြီးတော့ ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ပြဿနာက ရာဇဝတ်မှုလည်း ပေါတယ်ဗျ။ ဖြစ်လာတဲ့ပြဿနာကို ပြန်ကြည့်လိုက်တော့ လူငယ်တွေဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်ကမှ လုယက်တဲ့ကလေးတွေ ကျပန်းလုပ်တယ်။ ကျပန်းဆိုတာက ဘယ်လိုအဓိပ္ပာယ်ဖွင့်တာလဲ။ ကျပန်းဆိုတာက သူတို့ပြောချင်တာ အလုပ်မရှိတဲ့လူလို့ဖွင့်တာ။ အခုဆို မန္တလေးကျုံးဘေးမှာ လူထုအပန်းဖြေ တဲ့နေရာတွေမှာ အရက်သေစာသောက် စားနေသူတွေရှိတယ်။ ကျွန်တော်တို့ စဖမ်းတယ်။ နှစ်ရက်ဖမ်းတယ်။ ပထမ တစ်ရက် ရှစ်ဆယ်ကျော်မိတယ်။ ဘာမှ မလုပ်ဘူး။ ဒီအတိုင်းပဲ ပြန်လွှတ်လိုက် တာပါ။ နောက်တစ်ရက်က ငါးဆယ်ကျော် တယ်။ မိန်းကလေးတွေပါလာတယ်။ မိန်းကလေးကိုယ်တိုင်က ကျုံးဘေးမှာ အရက်သောက်တယ်။ ဘယ်လိုယဉ်ကျေး မှု မြို့တော်ကြီးပြောမလဲ။ ဒါကိုတော့ ကျွန်တော်စီမံချက် ကလေးနဲ့လုပ်မယ်။ ပြီးတော့ မူးယစ်ဆေးဝါး မန္တလေးမှာ မြို့သစ်တွေမှာ မူးယစ်ဆေးဝါးပေါတာပဲ။ မိတ္ထီလာဆိုရင် နည်းနည်းကျတယ် ။ဘယ် ကဝင်မလဲ။ သာစည်ဘက်က ဝင်လာတာတွေရှိတယ်။ မူးယစ်ဆေးဝါး ကျွန်တော် တို့ဆီမှာ ၁၇ ရှိတယ်၊ ၁၈ ရှိတယ်၊ ၁ ရှိတယ်။ ဖမ်းတာလည်း ကျွန်တော်တို့ မနှစ်ကဆိုလည်း မူးယစ်ဆေးဝါးအမှု ပေါင်း တစ်ထောင်ကျော်မိတယ်။ အခုလည်း တရားခံတွေအများကြီးပဲ။ မူးယစ်ဆေးပြားတွေလည်း အများကြီးပဲ။ ဘာကိုအဓိကထား လုပ်ရမလဲဆိုတာ ကျွန်တော်ထင်တယ် Express ကား တွေကမိတာတွေအများကြီးပဲ။ ဟိုတလောကမိတာဆို မွေ့ယာနဲ့ သယ်လာတာ သတင်းမပေးရင် ကျွန်တော်တို့ဘယ်လိုမှဖမ်းလို့မရဘူး။ ခရီးသည်တင် Express တွေနဲ့ကိုတင်တာ။ သတင်းမပေးရင် ကျွန်တော်တို့မတွေ့နိုင်ဘူး။ ချိတ်ဆက်တွေနဲ့ လိုက်ဖမ်းရပါတယ်။ မူးယစ်ဆေးအလွယ်တကူရတော့ လုပ်တဲ့သူကတော့ရှိနေဦးမှာပဲ။

 

ဝန်ကြီးချုပ်တို့ မန္တလေးတိုင်းက တကယ့်ကို ရှေးဟောင်းအမွေအနှစ်တွေ ယဉ်ကျေးမှုတွေ ထွန်းကားတဲ့နေရာဖြစ် တယ်။ အဲဒီအမွေအနှစ်တွေအပေါ်မှာ ထိန်းသိမ်းဖို့အတွက် ဘယ်လိုစဉ်းစား ထားလဲ။

အဲဒီအမွေအနှစ်တွေ ထိန်းသိမ်း ဖို့အတွက် အများကြီးပဲဗျ။ ရှေးဟောင်း အမွေအနှစ်အပြင် မင်းစိုက်ခဲ့တဲ့မြို့ပေါ့။ ပြလို့ရှိရင်လည်း လက်ညှိုးထိုးပြစရာတွေ ကလည်း အများကြီး။ ရှေးဟောင်းသုတေသနနဲ့ အမွေအနှစ်ထိန်းဖို့က ဘတ်ဂျက်က အဓိကကျတယ်။ ဘတ်ဂျက်ရတာ နည်းတယ်ဗျ။ ဆိုပါစို့ ဦးပိန်တံ တားကြီးပြင်ချင်တယ်။ ကျွန်တော်တို့ရန်ပုံငွေနဲ့ ပြင်ရတယ်။ ဘတ်ဂျက် သက်သက်ချ မပေးနိုင်ဘူး။ တံတားကြီးက နှစ်ပေါင်း မြောက်မြားစွာကြာနေပြီ။ နှစ်ပေါင်း ၁၅၀ ကျော်ပြီ။ မန္တလေးမြို့မှာကတော့ ထိန်းသိမ်းစရာတွေအများကြီးပဲ။ ရွှေကျောင်းကြီးလည်း မပြီးသေးဘူး။ အဓိကတော့ဘတ်ဂျက်ပဲ။ ကျန်တဲ့နေရာတွေက ကျောက်တော်ကြီးတို့၊ ကုသိုလ်တော်ကြီးတို့ကျတော့ ထိန်းသိမ်းရတာ ရန်ပုံငွေအများကြီးရတယ်။ ဂေါပကဆို သူတို့ဆီလာတဲ့ ဘုရားဖူးတွေဆီကနေ ငွေတွေနဲ့ကို လုံလောက်တယ် ။ဘုရားကြီး ဆို ရှေးဟောင်းအမွေအနှစ်။ ပြောရရင် တိုးရစ်တွေဆီကနေလည်း ကျွန်တော်တို့ ဝင်ငွေအများကြီးရတယ်။ နောက် ဘုရားကြီးဂေါပက ဆိုရင်အသစ်ဖြစ်ပေမယ့် ဘုရားကြီးဂေါပကတော်တော်လုပ်နိုင်ပါတယ်။ အထဲမှာ လှူထားတဲ့ ပြတိုက်တွေ ဖွင့်ထားတာဆိုရင် တော်တော်လေးကောင်းမွန်ပါတယ်။ လေးစားဖို့ကောင်းတယ်။ နိုင်ငံတကာက လှူတဲ့ဟာတွေ ရော၊ မြန်မာရဲ့ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်တွေကို ပြထားတာ တော်တော် ကိုလေးစားဖို့ကောင်းပါတယ် ။ ပြောချင်တာကတော့ မန္တလေးမှာက ဘုရားတွေကို ဂေါပကတွေထိန်းသိမ်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ အစိုးရထိန်းသိမ်းရမှာက ဥပမာ ဦးပိန်တို့၊ ရွှေကျောင်းကြီးတို့ ကျတော့ ကျွန်တော်တို့ဘတ်ဂျက်မရှိဘူး။ ဘတ်ဂျက်ရှိရင် ကျွန်တော်တို့ ထိန်းသိမ်းချင်တာပေါ့။ မန္တလေးတောင်ကြီးလည်း ဂေါပကအဖွဲ့ရှိတဲ့အခါကျတော့ မန္တလေးတောင်ကိုလည်း ရှေးဟောင်းအမွေအနှစ်ထဲမှာ ထည့်ချင်ပါတယ်။ နန်းတော်ကြီးကတော့ လောလောဆယ် ကျွန်တော်တို့ ထိတွေ့လို့ မရသေးဘူး။ အဲဒါကြီးကတော့ထိန်းသိမ်းချင်တာပေါ့။ ပြောရရင် မန္တလေးနန်းတော်ကြီးက တိုးရစ်ဆိုက်နော်။ ဘာမင်ဂမ်နန်းတော်ကြီးဆိုရင် အစောင့်တွေလဲတာတောင် တိုးရစ် အမြောက်အမြားက ကြည့်နေတာ။ ကျွန်တော်စဉ်းစားကြည့် လိုက်တယ် ။မန္တလေးနန်းတွင်းထဲမှာ ယဉ်ကျေးမှုအက၊ အလှတွေ ပြလို့မရဘူးလား။ ဝင်ငွေရမှာပေါ့နော်။ တစ်ယောက် ကို ဒေါ်လာတစ်ဆယ်နှုန်းနဲ့တွက်ဦး၊ ဆယ့်ငါးဒေါ်လာနဲ့တွက်ဦး၊ ဒီလိုကျုံးကြီးကို မင်းတုန်းမင်းတူးခဲ့တာ သူတို့ ဘက်ကကြည့်လိုက်တဲ့အခါကျတော့ အဓမ္မလုပ်အားဘယ်လောက်ဆိုပြီး ကျွန်တော်တို့က နိုင်ငံရေးဘက်က စဉ်းစား ကြည့်တဲ့အတွက် ဒီလောက်ကြီးတဲ့ ရှေးဟောင်းအမွေအနှစ်ကြီးကို ကျွန်တော်တို့ ဝင်ရသွားရလာရ ခက်နေတယ်။ ဒါဟာမန္တလေးမြို့ရဲ့ အထင်ကရပေါ့နော်။ အတွင်းဝန်ရုံးတောင်မှ ပြန်ပြီးတော့ ပြုပြင်နေသေးတာ အတွင်းဝန်ရုံးထက် အများကြီး ရှေးကျတဲ့ နန်းတော်ကြီးပါ။ ဒါကလည်း အားလုံးကဝိုင်းပြီးတော့ စဉ်းစားပေးရလိမ့်မယ်နဲ့တူတယ်။ အဲဒါဆိုရင် မန္တလေးမြို့ဟာ ဘတ်ဂျက်လည်း လုံလောက်မယ်၊ ပြုပြင်ထိန်းသိမ်းဖို့ အခွင့်အရေးတွေလည်းရမယ်၊ ရှင်းရှင်းပြောရရင် ဘတ်ဂျက်ကုန်သလောက် ဝင်ငွေပြန်ရမှာ။ အစပိုင်းလေးသာ အခက်အခဲရှိမှာ။ မန္တလေးကအခုဆိုရင် ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေအများကြီးပဲ ။ဒါပေမဲ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်က ကန့်သတ်မှုတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ထင်တိုင်း ခရီးမပေါက်ဘူး။ အခုမှ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်ပေးထားတာ။ ရင်းနှီးမြှုပ်နှံမှုဆို ဒေါ်လာငါးသန်းထိပဲ တိုင်းဒေသကြီးက လက်ခံတယ်။ ကျန်တာတွေကတော့ ပြည်ထောင်စုကပဲ လုပ်တာပေါ့။ ကျွန်တော် တို့ရည်မှန်းနေတာ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ သိမှာပါ။ အဲဒီဟာအတွက်ကို မျက်ခြည်ပြတ်လို့မဖြစ်ဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ ကျွန်တော်တို့ တိုင်းဒေသကြီးကို ပေးရတော့မှာပေါ့။ မန္တလေးတိုင်းမှာ ရွှေတွေအများကြီး ထွက်တာ ကျွန်တော်တို့ အခွန်မရဘူး။ ဒေသခံတွေအတွက်လည်း တူးစရာနေရာမရှိဘူး။ ကုမ္ပဏီတွေကို ပေးထားတာ။ မိုးထိ မိုးမိဆိုရင် အကြီးကြီးပဲ၊ အံ့အား သင့်ဖို့တောင်ကောင်းတယ်။ ရွှေကြောကြီးလည်း အကြီးကြီးပဲ။ ဒါပေမဲ့ အခွန် မရသေးဘူး။ ဒါတွေ အားလုံးက ကျွန်တော်တို့ ထိထိရောက်ရောက် လုပ်ရမယ်ထင်တယ် ။အခွန်မပေးရင်တော့ နိုင်ငံသား ကောင်းမဖြစ်ဘူး။ အခွန်ရမှလည်း ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေလုပ် လို့ရမှာ။ ကျွန်တော်ပြောပါတယ် ။လုပ်ငန်းရှင်တော်တော်များများ အခွန်ပေးကြပါလို့။ လုပ်ငန်းတွေကိုလည်း အသစ်တွေ ကျွန်တော်တို့ တော်တော်များများ ခွင့်ပြုပါတယ်။ ပြောချင်တာကတော့ ပြည်သူအကျိုးပြုဖို့ လုပ်ငန်းတွေ အတွက် ကျွန်တော်တို့က ခွင့်ပြုဖို့ အဆင်သင့်ပါပဲ။

 

နောက်ဆုံးအနေနဲ့ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဘာ များပြောချင်ပါသလဲ။

ကနေ့ငြိမ်းချမ်းရေးကတော့ ကျွန်တော် အလွန်ပြောချင်ဆုံးစကားလုံးပေါ့နော့်။ လူတိုင်းမှာတာဝန်ရှိတယ် ပြောချင်တာပါပဲ။ အဓိကတော့ ဝန်ထမ်းတွေပြောတာပေါ့။ နိုင်ငံသားတစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ ဆုတောင်းသင့်တာပေါ့။ နှစ် ၅၀ လောက် ခါးသီးစွာခံနေရတဲ့ ပြည်တွင်းစစ်ကြီး လည်း ရပ်စေချင်တယ်။ အဲဒါမှမရပ်ရင်လည်း ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျွန်တော်တို့ထင်တိုင်း မပေါက်နိုင်ဘူးပေါ့။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကိုအသိလေးနဲ့ တစ်ထောင့်တစ် နေရာက လုပ်နိုင်တယ်ဆိုတဲ့ ဟာလေးကို လုပ်ပေးကြပါဆိုပြီး မေတ္တာရပ်ခံချင်ပါ တယ်။

 

ယူနတီသတင်းအဖွဲ့

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်