မှန်တယ်ထင်ရင် အမှတ်မရှိ

၂၀၁၇ ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ် (၄)
လူတိုင်းက အမှန်တရားကိုမြတ်နိုးကြသည် ၊ အမှန်တရားကိုချစ် ကြသည်၊ အမှန်တရားကို လိုလားကြသည်။ အမှန်တရားအတွက် အသက်ပင်စွန့်ရဲတဲ့သူများ ၊ သူရဲကောင်းများအများအပြားရှိခဲ့သည်။ ကျွန်တော်တို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးသည်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေး၊ တရားသောတော်လှန်ရေးပင်ဖြစ်သည်။ မဆလ အစိုးရပြုတ်ကျသွားသည်။ ကြားဖြတ်အစိုးရမဖွဲနိုင်ခင် စစ်တပ်က လက်ဦးမှုယူကာ အာဏာသိမ်းပစ်လိုက်သည်။ မြန်မာပြည်သူလူထု မျှော်မှန်းထားသော မျှော်လင့်ထားသော ဒီမိုကရေစီနိုင်ငံဖြစ်မလာပါ။
စစ်အစိုးရတက်လာပြီး “ နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့” ကိုဖွဲသည်။ စာသားအတိုင်းပင် နိုင်ငံသားတိုင်းငြိမ်နေရသည်။ မငြိမ်ရင်ငြိမ်အောင်လုပ်သည်။ လူတွေဝတ်နေရသည်။ ဝပ်တွားနေရသည်၊ ဝပ်မနေရင်ဝပ်အောင် အတင်းအကျပ်လုပ်စေသည်။ လူတွေကပိနေသည်။ ဖိနှိပ်ထားသောကြောင့်ဖြစ်သည်။ ဖိနှိပ်မှုတွေကြောင့် လူတွေပြားချပ်ကုန်ကြသည်။ အားလုံး ငြိမ်၊ဝပ်၊ ပိ၊ ပြားကုန်ကြသည်။ သို့သော် အမှန်တရားအတွက် ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများကို ဆန့်ကျင်သူများလည်းရှိသည်။ ထိုသူများမှာ နိုင်ငံရေးသမားများပင်ဖြစ်သည်။ အတားအဆီးမျိုးစုံ ဖိနှိပ်မှုမျိုးစုံတို့ကို ဂရုမစိုက်ဘဲ ဒီမိုကရေစီရေးကို တရားဝင်ပါတီများ တည်ထောင်၍လည်ကောင်း၊ တပ်ဦးများဖွဲ့စည်း၍ လည်ကောင်း၊ မြေအောက်တော်လှန်ရေးအင်အားစုများ ဖွဲ့စည်း၍လည်ကောင်း၊ တစ်သီးပုဂ္ဂလတစ်ဦးချင်းစီလည်ကောင်း မတရားမှုများကို ဆန့်ကျင်တော်လှန်ကြသည်။ အမှန်တရားဘက်မှ ရပ်တည်ရပ်ခံကြသည်။
ကျွန်တော်သည်လည်းအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု မတရားမှုများကို မလိုလား၍ သော်လည်ကောင်း ၊ နိုင်ငံရေးနှင့် ဒီမိုကရေဒီရေးကို ဝါသနာပါ စိတ်ဝင်စား၍ သော်လည်ကောင်း တစ်ဦးတစ်ခုမှ နိုင်ငံရေးပါတီ တစ်ခုသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရာ ပါတီဆော်ဩရေးမှူး(သို့မဟုတ်) စည်းလုံးရေးမှူးလုပ်ရင်း စစ်အစိုးရ၏ နှိပ်ကွက်ရေးမဟာဗျူဟာကြောင့် အဖမ်းခံရပြီး တကယ်မကျူးလွန်တဲ့ အမှုဖြင့် သေဒဏ်ကျခံခဲ့ရသည်။ ထောင်ထဲတွင် ၂၃ နှစ်ကြာအကျဉ်းခံရချိန်တွင် အမှန်တရားအတွက် ရသည့်နေရာ၊ ရသည့်ထောင့်မှ တိုက်ပွဲဝင်ခဲသည်။ နဝတခေတ်၊ နအဖခေတ်စစ်အစိုးရ၏ အကျဉ်းထောင်များသည် နိုင်ငံရေးသမားများအတွက် ငရဲခန်းများဖြစ်သည်ကို ထိုအချိန်ထောင်ကျဖူးသူများနှင့် စာဖတ်ကြသူများ လေ့လာသူများသိရှိကြပြီးဖြစ်သည်။
ထောင်တွင်းငရဲခန်းများမှနေ၍ အမှန်တရားအတွက် တိုက်ပွဲဝင်သူများ အမြောက်အများရှိသည့်အနက် နိုင်ငံရေးအကျဉ်းသားတစ်ယောက်သည် အခြားနိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ်အကျဉ်းသားများအား ထောင်အာဏာပိုင်များမှ လူ့အခွင်းအရေး ချိုးဖောက်မှုများကို ပြင်ပသို့စာဖြင့်လျှို့ဝှက်ရေးသား၍ လည်ကောင်း၊ အခြားနိုင်ငံရေးအကျဉ်းသားများ ပြည်ပနှင့်အဆက်မပြတ်စေရန် လှိုင်းတိုရေဒီယိုကို လျှို့ဝှက်စွာ နားထောင်သတင်းရေးသားပြီး တိတ်တဆိတ်ဖြန့်ဝေ ၍လည်ကောင်း၊ အမှန်တရားအတွက် အန္တရာယ်များအကြား အာဏာပိုင်တွေအား ဆန့်ကျင်ရင်း အကျဉ်ထောင်တံခါးမကြီး၌ ဝန်ထမ်းများကိုစစ်ဆေးစဉ် ရေဒီယိုတစ်လုံးတွေ့ရှိပြီး တိုက်ခန်းထဲတွင် နိုင်ငံရေးအကျဉ်သားအား ရိုက်နှက်အပြစ်ဒဏ်ပေးခဲ့သည်။ ထောင်တစ်နှစ်ထပ်မံအချခံရသည်။ တရုတ်ပြည်လုပ်လှိုင်းတိုရေဒီယိုလေးများသည် အနည်းဆုံး တစ်နှစ်မှ ၂-၃ နှစ်ခံပြီး ပျက်သည်၊ ပျက်လျှင်တစ်လုံးပြီး တစ်လုံးထပ်ဝယ်သည်။ ထောင်ကျစဉ်တောက်လျှောက် ရေဒီယိုစုစုပေါင်း ၁၁ လုံးကုန်သည်။ သူ့အားပြစ်ဒဏ်တိုက်သိုပို့ထားပြီး ထောင်ပြစ်ဒဏ်အဖြစ် ရေချိုး၊ မိလ္လာ၊ အခန်းပိတ် သုံးလ အပြစ်ပေးသည်။ ပြစ်ဒဏ်ကာလပြီးလျှင် မျိုးတူနိုင်ငံရေး အကျဉ်းသားများရှိရာ တိုက်ထဲသို့ပြန်ပို့ပေးရာ အမှန်တရားအတွက်အမှတ်မရှိ ဆိုလေမလား နှစ်ပတ်အတွင်း လှိုင်းတိုရေဒီယိုတစ်လုံးကို ထပ်မံကြိုးစားရာ လက်ဝယ်ရရှိခဲ့သည်။ ထိုမျှမကသေး ဓာတ်ပုံနှင့် ရေဒီယို ရိုက်၍ ရသည့် ထိုအချိန်က JXD , MP4 ကင်မရာတစ်လုံးကိုလည်း စီမံကိန်းချပြီး သုံးလအကြာတွင် အကောင်အထည်ပေါ်ခဲ့သည်။ ဝယ်ယူနိုင်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကို အာဏာပိုင်များသိရှိသွားခဲ့သော် ညှဉ်းပန်းနှိပ်စက်ခံရ၍ အသက်အန္တရာယ်ရှိသည်ကို အသေအချာ သိပေမယ့်လည်း သူသည်စနစ်တကျဖြင့် ထိုအချိန်က စစ်အာဏာရှင်တို့၏ နှလုံးအိမ် တစ်ဖြစ်လဲ အကျဉ်ထောင်ထဲတွင် အမှန်တရားအတွင် သူ့နည်းသူ့ဟန်ဖြင့် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
ထောင်ထဲမှ အပြင်လောကအကြောင်း သတင်းများနေ့စဉ်နားထောင်နေပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှသူ့အားလွှတ်ပေးရန် စစ်အစိုးရကိုတောင်းဆိုမှုများ ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများ ၊ နိုင်ငံတကာမှ စစ်အစိုးရကို ဖိအားပေးမှုများကို BBC , VOA, RFA, DVB စသည့် သတင်းဌာနများမှ သတင်းများနှင့် သူ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကမ္ဘာ့ကုလ သမဂ္ဂဆီကိုပါ စာရေးအကြောင်းကြားခဲ့နိုင်သည်။ နိုင်ငံတစ်ကာ လူ့အခွင့်အရေး အဖွဲများထံသို့ ပေးပို့နိုင်ခဲ့သည်။ DVB အသံလွှင့်ဌာနမှ “ နဝတ စစ်အစိုးရခေတ် ထောက်လှန်းရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်မှုများ ” ဆိုသည့်ခေါင်းစဉ်ဖြင့် ထိုစဉ်က အသံလွှင့်ခဲ့သည်ကို သူကိုယ်တိုင် ထောင်ထဲတွင်နားထောင်ခဲ့ရသည်။ ၁၉၉၅ ခုနှစ် စက်တင်ဘာလကဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် နဝတစစ်အစိုးရခေတ် မြန်မာနိုင်ငံအကျဉ်းထောင်ထဲတွင် လူငယ်တစ်ယောက်၏ ပုခုံးပေါ်ကျလာသည့် သူ၏ တာဝန်ကို ထမ်းဆောင်ရင်းအမှန်တရားကို မြတ်နိုးကြောင်းပြသသည့် သာဓက တစ်ခုပင်ဖြစ်သည်။ သူပြောခဲ့သည့် စကားတစ်ခွန်းရှိသည်။ “ အမှန်တရားဟာ သံလိုက်ဓာတ်လိုပဲ” ဆိုတာပဲဖြစ်သည်။ လူတွေသည် အမှန်တရားအတွက် သန့်သန့် ရှင်းရှင်း ရပ်တည် ချင်ကြသည်။ ယနေ့ခေတ်ကာလသည် အမှန်တရားအားနည်းနေသည်ဟုမြင်သည်။ သမိုင်းတစ်လျှောက်တွင် ဓမ္မ နဲ့ အဓမ္မ အားပြိုင်ကြရာတွင် နောက်ဆုံးတစ်ချိန်ချိန်တွင် ဓမ္မက သာလျှင် အောင်ပွဲခံ အနိုင်ရသွားတာချည်းဖြစ်သည်။ သမိုင်းရေစီးကြောင်းသည် သူ့အလျင်နှင့်သူ စဉ်ဆက်မပြတ်စီးဆင်းနေသည် ။ကျွန်တော်တို့သည် သမိုင်းရေစီးကြောင်းတွင် စီးမျောနေကြသူများဖြစ်ကြပြီး အမှန်တရားကိုမြတ်နိုးဖက်တွယ်ကာ လိုက်ပါစီးမျောကြပါဟု တိုက်တွန်းရင်း မြန်မာပြည်ဒီမိုကရေစီခရီးအတွက် အားလုံးလိုက်ပါဆောင်ရွက်ကြပါလို့ နှိုးဆော်လိုက်ရပါသည်။
သန့်ဇော် (သန်လျင်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်