ဘိန်းအစားထိုး သီးနှံစိုက်ပျိုးစဉ် မည်သည့်အဖွဲ့ကိုမှ ငွေကြေးမပေးရသဖြင့် ရှမ်းတောင်ဒေသခံများ စိတ်ချမ်းသာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ လိုင်းခါးကျေးရွာတွင် ယခင်ရွာသားများသည် ဘိန်းစိုက်ပျိုး လုပ်ကိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် အဆင်မပြေသဖြင့် ဘိန်းအစား အခြားသီးနှံမျာဖြစ်သည့် ပြောင်းဖူး၊ ကြက်သွန်နှင့် ခရမ်းချဉ်သီးများ စိုက်ပျိုးခဲ့ရာ အဆင်ပြေလာကြောင်း သိရသည်။
“ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း တောင်ပေါ်ခြံဘိန်းစိုက်တုန်းက အဆင်မပြေဘူး။ အခြေအနေဆိုးတယ်။ ရွာဖွံ့ဖြိုးမှုလည်းမရှိဘူး။ ကလေးတွေဆို မိဘတွေ အလုပ်သွားလုပ်တဲ့ တောင်ပေါ်ဘိန်းစိုက်ခင်းတွေမှာ ခေါ်အိပ်ကြရတော့ ပညာရေးကအစ နောက်ကျတယ်။ ဘိန်းစိုက်တုန်းက အဖွဲ့အစည်းတွေက ငွေကောက်တာရှိတယ်။ တောထဲနေရတာကြောက်တော့ ငွေပေးရတယ်။ လုပ်အားခနဲ့အရင်းအနှီးလဲများတယ်။ ရေရှည်က ဒီတစ်ခုတည်းနဲ့အဆင်မပြေဘူး။ ရွာတောင်ခြေကမြေလွတ်မြေရိုင်းတွေရှင်း ထွန်ယက်ပြီး ကြက်သွန်ဖြူ၊ ပြောင်းဖူးတို့ စစိုက်တယ်။ နောက်ခရမ်းချဉ်သီးပါ စိုက်တော့ ရွာကတော်တော်အဆင်ပြေလာကြတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ဌေးဆောင်က ပြောသည်။
ပြောင်းဖူးနှင့် ကြက်သွန်ဖြူ စိုက်ပျိုးစဉ်က ဈေးကွက်အနေအထားအမျိုးမျိုးရှိပြီး ဈေးမကောင်းသည့် နှစ်တွင် အဆင်မပြေဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ခရမ်းချဉ်စိုက်ခဲ့ပြီး ယခုခြောက်နှစ်ကျော်အကြာတွင် ဈေးကွက်အခိုင်အမာရှိလာကြောင်း၊ ခရမ်းချဉ်သည် အခြားသီးနှံများကဲ့သို့ မဟုတ်ဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြောင်း၊ ယခုနှစ်တွင် ပြောင်းဖူးဈေးနှင့် ခရမ်းချဉ်သီးဈေးကောင်းရကြောင်း သိရသည်။
“ ၂၀၀၀ ခုနှစ် ရွာစတည်တုန်းက တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စသည့် မြို့နယ်စုံကလူတွေ ဘိန်းစိုက်ဖို့ ပြောင်းရွှေ့ရောက်လာကြတာ။ အခုဆို သက်တမ်း ၁၈ နှစ်ရှိပြီ။ အိမ်ထောင်စု ၂၄၀ ကျော်နဲ့ လူဦးရေ ၁၉၀၀ ကျော် ရှိသွားပြီ။ ရွာမှာအားလုံးစိုက်ပျိုးရေးပဲ လုပ်ကိုင်တာ။ ထိုင်းနိုင်ငံသွားရောက်အလုပ်လုပ်တာ နည်းတယ်။ ဒီဒေသက RCSS/PNO နာရိုင်းအဖွဲ့နဲ့ မက်ကျန်းပြည်သူ့ စစ်အဖွဲ့တွေနဲ့ နယ်မြေလေးခု နယ်စပ်ဖြစ်နေတယ်။ အရင်တုန်းက လူတောင်းတာ၊ ငွေတောင်းတာတွေရှိတယ်။ အခုတော့ မရှိတော့ပါဘူး” ဟု ဒေသခံ ဦးခွန်ပန်းစိန်က ပြောသည်။
လိုင်ခါးကျေးရွာမှ ထွက်ရှိသည့် ခရမ်းချဉ်သီး၊ ပြောင်းဖူးစေ့ နှင့် ကြက်သွန်ဖြူများကို နမ့်စန်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြသည်။ နမ့်စန်မှတစ်ဆင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရသည်။

စနေမင်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်