မြောက်ကိုရီးယား၏ အိုလံပစ် ကိုယ်စားလှယ်အဖွဲ့အတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယား ကျခံမည်

ဆောင်းရာသီအိုလံပစ်သို့ လာရောက်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို စီစဉ်ဧည့်ခံရသော ကုန်ကျစရိတ်အား တောင်ကိုရီးယားအစိုးရက ကျခံပေးမည်ဟု သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ဂင်မ်ဂျုံးအွန်၏ နှမ ဂင်မ်ယိုဂျုံးနှင့် အဆင့်မြင့်အစိုးရ တာဝန်ရှိသူများ ဦးဆောင်သော အိုလံပစ်အတွက် တောင်ကိုရီးယားသို့ရောက်လာသည့် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဧည့်ခံရသည့် ကုန်ကျစရိတ်ကို တောင်ကိုရီးယား၏ ကိုရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ဘတ်ဂျတ်မှ စိုက်ထုတ်ပေးသွားမည်ဟု သိရသည်။
အားကစားပွဲများတွင် အားပေးရန် ကြွေးကြော်လှုံ့ဆော်သူများ၊ ဖျော်ဖြေရေးသမားများနှင့် ပရိတ်သတ်အဖြစ် အားပေးမည့်သူများလည်း ပါဝင်သော လူ ၄၀၀ ကျော်သည့် အဆိုပါမြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဧည့်ခံရသောကုန်ကျစရိတ်အဖြစ် တောင်ကိုရီးယားအစိုးရက ဒေါ်လာ ၂ ဒဿမ ၆၄ သန်း သီးခြားထုတ်ပေးမည်ဖြစ်သည်။ အိုလံပစ်တွင် ပါဝင်ယှဉ်ပြိုင်သည့် မြောက်ကိုရီးယား အားကစားသမား ၂၂ ဦး၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်ကိုမူ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ကျခံပေးသည်။
၂၀၁၈ ဖြောင်းချန်းအိုလံပစ်သို့ ပါဝင်ဆင်နွှဲရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တိုက်တွန်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကိုယ်စားလှယ်အများစုသည် ဆိုလ်းနှင့် ဖြောင်းချန်းမှ အိုလံပစ်ပွဲကျင်းပရာနေရာများ အနီးရှိ အဆင့်မြင့်ဟိုတယ်များတွင် တည်းခိုနေထိုင်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ဂင်မ်ယိုဂျုံးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံ နှစ်ခြမ်းကွဲပြီးကတည်းက မြောက်ကိုရီးယားတွင် သားစဉ်မြေးဆက် အာဏာဆုပ်ကိုင်ထားသည့် ဂင်မ် မိသားစုမှ ပထမဆုံး တောင်ကိုရီးယားသို့ လာရောက်သူဖြစ်လာသည်။
Photo – AP

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်