မုန်တိုင်းပြီးသော်လည်း လေပြေမလာကြသူများ

မုန်တိုင်းပြီးသော်လည်း လေပြေမလာကြသူများ

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၄)

လပွတ္တာမြို့နဲ့ သုံးမိုင်အကွာတွင်ရှိသော လွင်တီးခေါင်ပြင်၏ ပကတိဘဝက နေပူပူထဲ ဝါးဓနိမိုးအိမ်လေးတွေ ကျိုးတို့ကျဲတဲနဲ့ အပူဒဏ်ကို အန်တုနေ ကြပါတယ်။ အိမ်အားလုံးကတော့ ဝါး၊ ဓနိတွေကို အဓိကထားပြီး ဆောက်လုပ်ထားကြတာပါ။ အဲဒါကတော့ သုံးမိုင်လေးရပ်ကွက်လို့ လပွတ္တာမြို့ခံတွေသိ ကြတဲ့နေရာပါ။ ရေ၊ လျှပ်စစ်ဆိုတာ ဝေလာဝေးတဲ့အပြင် လယ်ကွက်တွေထဲအကွက် ရိုက်ပြီး အိမ်လေးတွေ ဆောက်ထားသလိုသာရှိပါတယ်။ အဲဒီရပ်ကွက်ကိုဝင်ဖို့ စနစ်တကျခင်းပေးထားတာ မဟုတ်တဲ့မြေကန်သင်းရိုးသာသာမြေသားလမ်း တစ်ခုပဲရှိပါတယ်။ မိုးတွင်းမှာရွှံ့နွံ့ အပြည့်နဲ့ပါ။ ဒါကလည်း ဦးဝင်းလွင်နဲ့ သူတို့ ကျေးရွာမှာနေထိုင်ကြတဲ့ မိသားစု ၂၀၀ နီးပါးလောက်အတွက် သမ္မတဟောင်း ဦးသိန်းစိန်နဲ့တွေဆုံဖို့ ခက်ခက်ခဲခဲ ကြိုတင်ပြင်ဆင်လို့ တွေ့ဖို့ကြိုးစား ခဲ့ပြီးမှ ရလာတဲ့မြေနေရာတွေပါ။

သူကိုယ်တိုင်ပဲ ဦးသိန်းစိန်ကိုတွေ့ခွင့်ရဖို့ လပွတ္တာကနေ နေပြည်တော် ကိုရောက်နိုင်ဖို့အရင်သူ ကြိုးပမ်းခဲ့တာပါ။ နေပြည်တော်မှာအစိုးရအဆောက် အအုံ ပြန်လည်မွမ်းမံဆောက်လုပ်ဖို့ ပန်းရံအဖွဲ့ထဲက အလုပ်တစ်နေရာကနေ အစပြုခဲ့ပါတယ်။ ရက်ပေါင်း ၁၇ ရက်အကြာမှာတော့ သူမျှော်လင့်ထားတဲ့အတိုင်း သမ္မတဟောင်းဦးသိန်းစိန် ကို လုံခြုံရေးတွေကြားကပဲ တွေ့ဆုံခွင့်ရခဲ့တာပါ။ ဦးဝင်းလွင်က လူပေါင်းတစ်သိန်းကျော် အသက်ကိုနုတ်ယူခဲ့တဲ့ နာဂစ်မုန်တိုင်းကို အန်တုပြီးအသက်ဆက်ရှင်ကာ ကြုံရာကျပန်းအလုပ်လုပ် အသက်မွေးနေသူတစ်ဦးပါ။ နာဂစ်အပြီး ၅ နှစ်ကြာတဲ့၂၀၁၃ခု နှစ်အထိ ဦးဝင်းလွင်တို့ မိသားစုအပါအဝင် နာဂစ်ဒဏ်ခံခဲ့ရတဲ့သူတွေထဲက အိမ်ထောင်စု ၂၀၀ လောက်ကသူတို့ပြန်လည် အခြေချနေထိုင်ဖို့ မြေနေရာရယ်လို့ သီးသီးသန့်သန့် ရရှိထားတာမရှိတဲ့ အကြောင်းကို သူကနိုင်ငံတော် သမ္မတဟောင်းကို ပြောဆိုချင်ခဲ့တာပါ။ အဲဒီတွေ့ဆုံမှုကြောင့်ပဲ လပွတ္တာမြို့နယ်မှာ သုံးမိုင်မြို့သစ်လေးရပ်ကွက် ဆိုပြီးပေါ်ပေါက်လာခဲ့တာပါ။ သုံးမိုင်လေးရပ်ကွက်ဆိုတာ နာဂစ်ဖြစ်ပြီး အိုးအိမ်ဆုံးရှုံးရတဲ့သူတွေထဲက အချို့နေထိုင်တဲ့နေရာလေး ဖြစ်ပါတယ်။

အဲဒီတောင်းဆိုမှုအပြီး မကြာခင်မှာပဲ သူတို့လက်ရှိနေထိုင်နေတဲ့ သုံးမိုင်လေးရပ်ကွက်ကို အစိုးရက အကောင်အထည်ဖော်ပြီး မြေနေရာချထားပေးခဲ့ လို့ လက်ရှိအချိန်အထိမိသားစုပေါင်း ၁၃၅ စုအထိနေထိုင်နေကြပါပြီ။ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် လပွတ္တာမြို့နယ်တွင်းက ကျေးရွာတွေအပါအဝင် ရွာပေါင်းတစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့သလို လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။ အသက်မသေဆုံးဘဲ ကျန်ခဲ့သူတွေကိုတော့ လပွတ္တာမြို့နဲ့၃မိုင်အကွာ၊ ၅မိုင်အကွာနေရာတွေမှာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကယ်ဆယ်ကာ အနီးအနားကရွာ ၁၃ ရွာမှာ အိမ်ထောင်စုငါးဆယ်စီခွဲပြီး နေထိုင်ရန်နေရာတွေကို အစိုးရအစီအစဉ်နဲ့ သုံးနှစ်ကြာငှားပေးခဲ့တာပါ။ အဲဒီနေရာတွေမှာ ဦးဝင်းလွင်တို့လည်းနေခဲ့ ကြရပါတယ်။ သုံးနှစ်နေပြီးလို့ နောက်ထပ်နှစ်နှစ်ကျော်ကြာတဲ့ အချိန်အထိ အဲဒီမှာဆက်နေထိုင်ခဲ့ကြပါတယ်။ ဆက်နေခဲ့တဲ့၂နှစ်ကလည်း ပိုင်ရှင်တွေ ရဲ့စေတနာနဲ့ ခွင့်ပြုချက်ကြောင့်သူတို့နေ ထိုင်ခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

စုစုပေါင်း ငါးနှစ်ကြာတဲ့အခါမှာတော့ စိုက်ပျိုးရေးလုပ်ငန်းများပြန် လုပ်ကိုင်နိုင်ဖို့ရာအတွက် ဖယ်ရှားခိုင်းလို့ ဦးဝင်းလွင်တို့လို နာဂစ်ဒဏ်ခံပြည်သူအချို့ ဒုက္ခရောက်ခဲ့ရပါသေးတယ်။ နောက်ဆုံးအနေနဲ့ ဦးဝင်းလွင်ကြိုးပမ်းခဲ့တာကြောင့် အခုတော့ မြေနေရာရနေပေမယ့် သက်မွေးဝမ်းကျောင်းနဲ့ ပြန်လည် ထူထောင်ရေး၊ ပညာရေးဆိုတာက သူတို့အတွက် မက်ပင်မမက်နိုင်သေးတဲ့ အိပ်မက်ပဲဖြစ်နေပါသေးတယ်။ “မုန်တိုင်းတောင် ထပ်ဖြစ်စေချင်တယ်။ မသေဘဲ ကျန်နေခဲ့ရတာ ဒုက္ခတွေများလွန်းတယ်” လို့နာဂစ်မှာ မိသားစုဝင်များဆုံးရှုံးခဲ့သူ ယခင်လပွတ္တာမြို့ နယ်ရေတွင်းဆိပ်ကျေးရွာမှာ မုန်တိုင်းဒဏ်ခံခဲ့ရပြီး အခုတော့ သုံးမိုင်လေးရပ်ကွက်မှာနေနေတဲ့ ဒေါ်ချိုကမျက်ဝန်းအိမ်မှာရစ်ဝဲနေတဲ့ မျက်ရည်လေး တွေထိန်းထားရင်း ပြောပြရှာပါတယ်။ နာဂစ်မုန်တိုင်းက ဒေါ်ချိုတို့အရင်နေထိုင်ခဲ့တဲ့ ရေတွင်းဆိပ်ကျေးရွာတစ်ခုလုံးကို ချွတ်ယူသလို ပျက်စီးဆုံးရှုံးစေခဲ့ပြီး ဒေါ်ချိုတို့ဆွေမျိုး ၈၅ယောက်မှာ လေးယောက်ပဲအသက်ရှင်လွတ်မြောက် တာပါ။ မုန်တိုင်း၊ ရေ၊ လေ၊ လှိုင်းတွေရဲ့ တိုက်ခတ်မှုအပေါ် ကံကောင်းထောက်မစွာပဲ ကောက်ရိုးပုံတစ်ခုကို အမှီပြုပြီး အသက်ရှင်လွတ်မြောက်လာခဲ့တာပါ။ တစ်ညလုံးကောက်ရိုးပုံကို မှီပြီးရေကူးရင်း မိုးလင်းတဲ့အခါကျမှ ကယ်ဆယ်ရေးတွေနဲ့တွေ့လို့ အသက်ရှင်ခဲ့တဲ့အပေါ် သူမက မေ့လို့မရသေးပါဘူး။ အစိုးရက နေရာချထားပေးသော ၄ ရပ်ကွက်တွင် လျှပ်စစ်မီးမရရှိသလို သောက်သုံးရေအတွက် နှစ်မိုင်နီးပါးဝေးသော နေရာ မှာ ချောင်းတစ်ခုကိုပိတ်၍ ကန် ဆောက်ထားပြီးယင်းရေကို အသုံးပြုရသော်လည်း များစွာအခက်အခဲရှိတယ်လို့ သိခဲ့ရပြန်ပါတယ်။ “ရေတစ်ခါသွားခပ်ရင် လမ်းမှာ ၃ ခါလောက်နားရတယ်။ ရေကလည်း ပေါ့ရွှတ်နေတာ။ တစ်နေ့တစ်နေ့ကျောင်း သွားရတာလည်း နှစ်မိုင်လောက်ဝေးတယ်။ ရေခပ်ရတာလည်း နှစ်မိုင်လောက် ဝေးတယ်။ တော်တော်ပင်ပန်းတယ်” လို့ မဖြိုးအိဇင်ကဘဝဒုက္ခတွေကို ဖြည်ချပြပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က မိခင်ဖြစ်သူနဲ့လွတ်မြောက်လာသူ မဖြိုးအိဇင်က ယခုအခါ ၃ မိုင်စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ စတုထ္ထတန်း ကျောင်းသူဖြစ်ပါတယ်။
နာဂစ်မိသားစု တွေထဲမှာ စီးပွားရေးချို့တဲ့တာကြောင့် ကျောင်းမတက်နိုင်သူ တော်တော်ရှားပါးကြပါတယ်။ အစိုးရက မြေကွက်ရိုက်ပေးသော ၄ ရပ်ကွက် အနီးတွင် သွားလာရေးခက်ခဲခြင်း၊ ရေ၊မီးမရခြင်းတို့ကြောင့် အလုပ်အကိုင်ရှားပါးသလို စိုက်ပျိုးရန်မြေမရှိခြင်းကြောင့် အဲဒီမှာနေထိုင်တဲ့ အလုပ်လုပ်ကိုင်နိုင်သောအရွယ် လူငယ် လူရွယ်များဟာ ရန်ကုန်မြို့နဲ့ အခြားမြို့ရွာ များကို သွားရောက်အလုပ်လုပ်ကိုင်ရ ခြင်းကြောင့် ကျောင်းပညာသင်ယူနိူင် ခြင်းမရှိကြပါဘူး။ “ကျွန်မသားလေးဆို နာဂစ်မှာ ခေါင်းလည်းထိသွားတယ်။ နောက် ကြောက်စရာတွေလည်းမြင်တွေ့တော့ အခုဆို ဦးနှောက်က သိပ်မမှန်တော့ဘူး။ ကျောင်းလည်းထားလို့မရဘူး” လို့ အသက်ရှင်လွတ်မြောက်လာသူ (ယခင်) ကြာနီကန်ရွာနေ ဒေါ်ခင်ချိုက ဆိုပါတယ်။ ကံကောင်းစွာ အသက်မသေဘဲ လွတ်မြောက်လာသူများမှာလည်း မိသားစုဝင်များသေဆုံးခဲ့တာကြောင့် ယခင်နေရာဟောင်းရွာများကို ပြန်လည်နေထိုင်လိုစိတ်မရှိဘဲ အစိုးရက ပေးသောနေရာတွေမှာသာ ကြုံရာအလုပ်များကိုလုပ်ကိုင်ရင်း အသက်ရှင် ကျန်ရှိနေသူများမိသားစု စားဝတ်နေရေး ကိုဖြေရှင်းနေရတယ်လို့ ပြင်စလူကုန်းရွာ(ယခင်)နေ ဦးကြီးတန်က ရှင်းပြပါတယ်။ “အခုပြော အခုအသစ်ဖြစ်တယ်။ မြေးနှစ်ယောက်နဲ့ သမီးပါသွားတယ်။ ကိုယ်က ခြေထောက်ကျိုးကျန်ခဲ့တယ်။ သူများတွေတွေ့ပြီး ကယ်ဆယ်ရေး စခန်းပို့လို့အသက်ရှင်တာ ရွာဟောင်းကိုလုံးဝမပြန်ဘူး။ ဟိုမှာလယ်တွေလည်းရှိတယ်။ လုပ်ချင်တဲ့သူလုပ် ကြတော့” လို့ ဒရယ်ဖြူရွာ(ယခင်)နေ ဒေါ်ငွေစိန်က ငိုညည်းလို့ ပြောပါတယ်။ ကံကောင်းစွာ အသက်ရှင်ကျန်ရစ် သူများမှာလည်း ယခုအချိန်အထိစိတ် ဒဏ်ရာများစွာရရှိနေပြီး နာဂစ်မုန်တိုင်း ပေါ်ကြောက်ရွံမုန်းတီး နာကျင်စွာ ယခင် ရွာ ဟောင်းကိုလုံးဝမပြန်ဘဲ ကျန်ခဲ့သော လယ်မြေ၊ အိမ်ဝန်းများကိုလည်းထား ခဲ့ကာလက်ရှိနေရာတွင် မိသားစုအဆင် ပြေစွာနေထိုင်ရေး ရုန်းကန်လှုပ်ရှားလို့ နေပါတယ်။

နာဂစ် မုန်တိုင်းအကြောင်းကို ၄ ရပ်ကွက်ကလူတွေ နာကြည်းမုန်းတီးစွာ ပြောနေပေမယ့် သူတို့ထဲက တစ် ယောက်ကတော့ တိတ်ဆိတ်ညှိုးငယ် စွာနဲ့အတိတ်ကိုပြန်လည်မြင်ယောင် နေတဲ့ ကညင်းကိုင်းကျေးရွာ(ယခင်)နေ အသက် ၇၀ ကျော် အဘွားဖြစ်ပြီး နာဂစ်မှာ သမီးပါသွားသလို သူ့ဘဝတစ်လျှောက် နာဂစ်လိုမျိုး မကြုံခဲ့ရဖူး လို့တိုးညှင်းစွာဆိုပါတယ်။ ယခုအခါ ၄ ရပ်ကွက်မှာ နေထိုင်သူ တွေဟာ သူတို့ရဲ့မိသားစုဝင်တွေ၊ဆွေ မျိုးတွေပြီးနောက် လက်ရှိသူတို့ဘဝမှာလည်း ကြင်နာစွာဖေးမကူညီမှုတွေ ရောက်ရှိလာမလားဆိုပြီး အချင်းချင်း တစ်ဦးကိုတစ်ဦး တတ်နိုင်သလောက် ကူညီပေးကြရင်း ရှင်သန်ကြပါတယ်။ “ဒီမှာက မချမ်းသာပေမယ့် စိတ်ချမ်းသာမှုလေးတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြင်နာတယ်။ ဆေးရုံတက်ရင်လည်း ကိုယ်အသိနဲ့ ကိုယ်ပိုက်ဆံလေးတွေထည့် ကူညီကြတယ်” လို့ ယင်းရပ်ကွက်နေ ဦးအေးနိုင်က ပြောပါတယ်။

အစိုးရမြေကွက်ချပေးထားတဲ့ ၄ ရပ်ကွက်နေထိုင်သူ နာဂစ်မိသားစုဝင်များဟာ အင်္ဂါရပ်နဲ့ပြည့်စုံတဲ့ရပ်ကွက် တစ်ခုချင်းရှိပေမယ့် ဒီနေရာလေးကို မပြည့်စုံခဲ့သော်လည်းသဘာ၀ဘေးကျရောက်မှုနည်းပါးခြင်း၊ လုံခြုံခြင်းတို့ကြောင့် အသက်ထက်ဆုံးနေထိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ၎င်းကဆိုပါတယ်။ “လမ်းတွေ၊ ရေမီးအစီအမံတွေက ရှိပါတယ်။ ချက်ချင်းတော့ဖြစ်လာမှာမဟုတ်ဘူး။ မြေကွက်တွေလည်း တချို့က ခဏနေပြီး ပြန်ရောင်းသွားတာတွေ ရှိတယ်။ ၃ မိုင်မှာတောင်လမ်းတွေက သိပ်မကောင်းသေးဘူး။ နာဂစ်တုန်းက မြို့စွန်ဆိုလမ်းကောင်းဖို့မနည်းလုပ်ရ ဦးမှာ” လို့ လပွတ္တာမြို့နယ် မဲဆန္ဒနယ် ၂ မှလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှကဆိုပါတယ်။ နာဂစ်မိသားစုဝင်များနေထိုင်ရာ နေရာကို ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကိုယ်တိုင်လာရောက် နေရာချထားပေး တာဖြစ်လို့ နေထိုင်သူတွေ အခုအချိန် အထိ ပြည့်စုံမှုတွေမရှိသေးပေမယ့်လည်း သူတို့ရပ်ရွာဖွံဖြိုးဖို့မျှော်လင့်တကြီး အားကိုးနေကြပုံပေါ်နေတုန်းပါ။ “ရေ မရတာဒီတစ်နေရာတည်း မဟုတ်ဘူး။ မြို့သစ်ကြောင့်ရေမရတာ မဟုတ်ဘူး။ ရေမလုံလောက်တဲ့ကိစ္စတွေ တော်တော်လေးဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကပြောပါတယ်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်က လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခဲ့သလို အိုးအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့တဲ့ တစ်နိုင်ငံလုံး ကပ်ဘေးဒုက္ခကြီး ကြုံကြိုက်ခဲ့ပါတယ်။ ယခုအချိန်မှာမေ့လျော့သူတွေက မေ့လျော့နေပေမယ့် လပွတ္တာ ၃ မိုင်မြို့ထဲက လူတွေကတော့ အခုအချိန်အထိ အဲဒီဖြစ်စဉ်ကိုမေ့လို့မရ ဘဲတစ်သက်စာ ပူဆွေးနေဆဲပါ။ ယခုဆို နာဂစ်ဖြစ်ခဲ့တာ ၁၀ နှစ် ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေ မဲ့လည်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသူတွေကတော့ စိတ်ပိုင်းရော ရုပ်ပိုင်ဆိုင်ရာရော ပြန်လည်ထူထောင် နိုင်ခြင်းမရှိသေးပါဘူး။

ဖြိုးဖြိုး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်