ဇန်နဝါရီဈေးကွက်များ၌ ငွေကုန်အများဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် မန်စီးတီးရပ်တည် ချယ်ဆီးသည် အသုံးစရိတ်အများဆုံးဖြစ်သော်လည်း ဝင်ငွေကသုံးငွေထက် သာလွန်သောကြောင့် အသားတင်ကုန်ကျမှု မရှိ

တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ မန်စီးတီးအသင်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဇန်နဝါရီ အပြောင်းအရွေ့ဈေးကွက်၌ ငွေကုန်အများဆုံး ပရီးမီးယားလိဂ်ကလပ်ဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
၂၀၀၇ ဇန်နဝါရီမှ ၂၀၁၈ ဇန်နဝါရီအထိဖြစ်သည့် ဇန်နဝါရီဈေးကွက်များတွင် မန်စီးတီး၏ စုစုပေါင်းအသားတင် ကုန်ကျငွေမှာ ပေါင်သန်း ၂၀၀ နီးပါးရှိခဲ့သည်ဟု ဗြိတိသျှအလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် CV Library ၏ လေ့လာမှု၌ ဖော်ပြသည်။ လန်ဒန်ကလပ်တော့တင်ဟမ်သည် အသားတင်ကုန်ကျငွေပေါင် ၇၂ ဒဿမ ၉ သန်းဖြင့် ပြီးခဲ့သော ၁၁ ရာသီအတွင်း ဇန်နဝါရီဈေးကွက်၌ မန်စီးတီး၏ နောက် ဒုတိယမြောက်ငွေကုန်အများဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် ရပ်တည်နေသည်။
ယခုနှစ် ဇန်နဝါရီအထိဖြစ်သော ၁၁ ရာသီအတွင်း ဇန်နဝါရီဈေးကွက်များ၌ မန်စီးတီးသည် စုစုပေါင်းအသုံးစရိတ် ပေါင် ၂၄၇ ဒဿမ ၇ သန်းရှိကာ ဝင်ငွေပေါင် ၅၀ ဒဿမ ၅ သန်းရှိခဲ့သောကြောင့် အသားတင်ကုန်ကျငွေ ပေါင်သန်း ၂၀၀ နီးပါး ရှိခဲ့သည်။ စပါးသည် စုစုပေါင်းအသုံးစရိတ် ပေါင် ၁၃၇ ဒဿမ ၃ သန်းရှိ၍ ဝင်ငွေ ၆၄ ဒဿမ ၄ သန်း ပြန်ရခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ ချယ်ဆီးနှင့် လီဗာပူးတို့က ထို ၁၁ ရာသီဈေးကွက်များ၌ အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ချယ်ဆီး၏ စုစုပေါင်းအသုံးစရိတ်မှာ အားလုံးအနက်အများဆုံးအဖြစ် ပေါင် ၃၀၃ ဒဿမ ၃ သန်းအထိရှိခဲ့သော်လည်း ဝင်ငွေပေါင် ၃၁၃ ဒဿမ ၄ သန်းပြန်ရခဲ့သောကြောင့် အသားတင်ကုန်ကျငွေမရှိဘဲ ပေါင် ၁၀ ဒဿမ ၁ သန်းအမြတ်ထွက်ခဲ့သည်။ လီဗာပူးသည် စုစုပေါင်းပေါင် ၁၇၈ ဒဿမ ၇ သန်းသုံးစွဲခဲ့ကာ ပေါင် ၂၁၂ ဒဿမ ၅ သန်း ဝင်ငွေပြန်ရခဲ့သောကြောင့် အသားတင်ကုန်ကျငွေ အရှိဘဲ ပေါင် ၃၃ ဒဿမ ၈ သန်း အမြတ်ရခဲ့သည်။
မန်စီးတီး၏ မဟာပြိုင်ဘက် မန်ယူမှာလည်း အများမျှော်လင့်ထားနိုင်သလို ပြီးခဲ့သော ၁၁ ရာသီ ဇန်နဝါရီဈေးကွက်များ၌ ငွေကုန်မများခဲ့ကြောင်း ယခုလေ့လာမှုအရ သိရသည်။ မန်ယူသည် စုစုပေါင်းပေါင် ၇၃ ဒဿမ ၂ သန်းသုံး၍ ဝင်ငွေပေါင် ၅၈ ဒဿမ ၈ သန်းပြန်ရခဲ့သောကြောင့် အသားတင်ကုန်ကျငွေ ပေါင် ၁၄ ဒဿမ ၄ သန်းသာ ရှိခဲ့သည်။ ငွေကုန်အနည်းအများအလိုက် အသင်းများကို အဆင့်လိုက်တန်းစီသည့် ယခုစာရင်းတွင် အမြတ်ထွက်သည့် ချယ်စီးနှင့် လီဗာပူးတို့က အဆင့် ၁၇ နှင့် ၂၀ တို့တွင် ရပ်တည်နေပြီး မန်ယူက အဆင့် ၁၃ တွင် ရပ်တည်နေသည်။
အသားတင်ကုန်ကျငွေမရှိဘဲ မြတ်ခဲ့သည့်အသင်းများတွင် ချယ်ဆီးနှင့်အများဆုံး အမြတ်ထွက်ခဲ့သည့် လီဗာပူးတို့အပြင် ဆောက်သမ်တန်နှင့် နယူးကာဆယ်တို့ ပါဝင်နေပြီး ဆောက်သမ်တန်က ပေါင် ၂၃ ဒဿမ ၆ သန်းနှင့် နယူးကာဆယ်က ပေါင် ၂၈ ဒဿမ ၄ သန်းအမြတ်ရခဲ့သည်။ စာရင်း၏ အဆင့် ၁၆ နေရာတွင် ရပ်တည်နေသော ဝက်ဖို့ဒ်သည် အသားတင်ကုန်ကျငွေ အနည်းဆုံးဖြစ်ကာ ပေါင် ၁ ဒဿမ ၃ သန်းရှိသည်။ စတုတ်စီးတီးသည် အသားတင်ကုန်ကျငွေ ပေါင် ၆၇ ဒဿမ ၅ သန်းဖြင့် စပါးနောက် အဆင့် ၃ နေရာ၌ ရပ်တည်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်