အိုလံပစ်တွင် စက်ရုပ်နှင်းလျှောစီးပြိုင်ပွဲ ထည့်သွင်းကျင်းပ

ကျင်းပပြုလုပ်နေသည့် တောင်ကိုရီးယားနိုင်ငံ ဆောင်းရာသီအိုလံပစ်ပွဲတော်၏ နှင်းလျှောစီးအားကစားတွင် စက်ရုပ်များ၏ ပြိုင်ပွဲတစ်ခုလည်း ထည့်သွင်းကျင်းပနေကြောင်း သိရသည်။
စက်ရုပ်များ၏ နှင်းလျှောစီးပြိုင်ပွဲကို Ski Robot Challenge ဟု အမည်ပေးလျက် တက္ကသိုလ်များ၊ သိပ္ပံကျောင်းများနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့မှ ပြိုင်ပွဲဝင်ရှစ်သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ဗိုလ်စွဲသည့်စက်ရုပ်အသင်းမှာ ဆုကြေးဒေါ်လာ ၁၀,၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဖြောင်းချန်းအိုလံပစ်တွင် ပြင်းထန်ဆိုးဝါးသည့် လေတိုက်နှုန်းများကြောင့် တောင်မြင့်ဖြတ်ကျော် နှင်းလျှောစီးပြိုင်ပွဲများ ခေတ္တရွေ့ဆိုင်းထားရစဉ် စက်ရုပ်များ၏ နှင်းလျှောစီး ပြိုင်ပွဲကို ဆက်ကျင်းပနေခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်သည့် စက်ရုပ်များသည် သတ်မှတ်လိုအပ်ချက်များ ပြည့်မီရမည်ဖြစ်သည်။ ထိုသတ်မှတ်ချက်များတွင် အမြင့် ၅၀ စင်တီမီတာကျော်ရှိရခြင်း၊ လူ၏တံတောင်ဆစ်များ၊ ဒူးများနှင့်ဆင်တူသော အဆစ်များပါရှိရခြင်း၊ သီးခြားပါဝါစနစ်ပါရှိရခြင်းနှင့် နှင်းလျှောစီးပြားနှင့် နှင်းလျှောစီးတုတ်များ အသုံးပြုနိုင်ခြင်းတို့ ပါဝင်သည်။
စက်ရုပ်များရှောင်ရှားခဲ့သည့် အလံတိုင်အရေအတွက်နှင့် ပန်းတိုင်ကို အမြန်ဆုံးရောက်မှုတို့အရ ပြိုင်ပွဲဝင်အသင်းများအား ဆုပေးခြင်းဖြစ်ပြီး အလံတိုင်များကို ရှောင်၍ နှင်းလျှောစီးရင်း စက်ရုပ်များက အလံများကို မှတ်မိခြင်းအတွက် အံ့အားသင့်မိသည်ဟု အသက် ၁၂ နှစ်အရွယ် ပရိတ်သတ် တစ်ဦးက ပြောကြားသည်။
Photo: Reuters

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်