ဆုံးရှုံးမှုများ မြင့်တက်နေခြင်းကြောင့် GM က တောင်ကိုရီးယားရှိ ဂွန်ဆန်စက်ရုံကိုပိတ်

ဆုံးရှုံးမှုများမြင့်တက်နေခြင်းကြောင့် အမေရိကန်မော်တော်ကား ကုမ္ပဏီကြီး GMက တောင်ကိုရီးယားနိုင်ငံ မြောက်ဂျောလာပြည်နယ်ရှိ ဂွန်ဆန်စက်ရုံကို လာမည့်မေလအကုန်တွင် ပိတ်ရန်ဆုံးဖြတ်လိုက်ကြောင်း GM Korea ၏ ထုတ်ပြန်ချက်အရသိရသည်။ယခုဆုံးဖြတ်ချက်သည် GM ၏ နှစ်များအကြာလုပ်ငန်းလည်ပတ်မှု အခက်အခဲများအတွက် ရေရှည်အကျိုးဖြစ်ထွန်းသည့် ဖြေရှင်းနည်းတစ်ရပ် ရရှိရန်၎င်း၏ လုပ်ငန်းပြန်လည်ဖွဲ့စည်းရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသဟု သိရသည်။
GM ၏ ဂွန်ဆန်ကားစက်ရုံသည် တောင်ကိုရီးယားတွင် အရောင်းထိုင်းနေသော GM Korea ၏ Cruze ကားများထုတ်လုပ်သည့်စက်ရုံ ဖြစ်သည်။ ဂွန်ဆန်စက်ရုံကို မေလတွင်ပိတ်ချမှုမှ စုစုပေါင်းဒေါ်လာသန်း ၈၅၀ ကုန်ကျခံရန် GM Korea က မျှော်မှန်းထားပြီး ထိုအထဲတွင် စက်ရုံလုပ်သားများအား နစ်နာကြေးပေးချေရမှုများလည်း ပါဝင်သည်။ စက်ရုံပိတ်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသော်လည်း ယခုဆုံးဖြတ်ချက်သည် GM ၏ တောင်ကိုရီးယားမှ လုပ်ငန်းလည်းပတ်မှုများကို ပြင်ဆင်ဖွဲ့စည်းရန် အားထုတ်မှုများအတွက် လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု GM Korea ၏ စီမံခန့်ခွဲမှု အရာရှိချုပ် ခါဟာကာဇင်မ်းက ပြောကြားသည်။
GM သည် တောင်ကိုရီးယားတွင် လုပ်ငန်းလည်ပတ်သည်မှာ ၁၆ နှစ်ရှိပြီဖြစ်ကာ ၂၀၀၂ မှ စ၍ယင်းနိုင်ငံ၌ ကားစီးရေ ၁၀ သန်းထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။ GM Korea သည် ယမန်နှစ်က ပြည်တွင်း၌ ကား ၁၃၂,၃၇၇ စီးရောင်းချခဲ့ပြီး နိုင်ငံပေါင်း ၁၂၀ သို့ ကားစီးရေ ၃၉၂,၁၇၀ တင်ပို့ရောင်းချခဲ့သည်။
တောင်ကိုရီးယားတွင် ဆုံးရှုံးမှုများတိုးမြင့်ဖြစ်ပေါ်နေသောကြောင့် GMအနေဖြင့် တောင်ကိုရီးယားဈေးကွက်မှ ထွက်ခွာသွားနိုင်သည်ဆိုသော ခန့်မှန်းပြောဆိုမှုများနောက် GM Korea ၏ ဂွန်ဆန်စက်ရုံပိတ်မည့် ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
Photo: Korea Times

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်