ကလေးတွေက မာယာကင်းကြတယ်

ကလေးတွေက မာယာကင်းကြတယ်

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၄)

ဒုတိယတန်းကျောင်းသားကလေးရဲ့ မျက်နှာကိုအလယ်တန်းပြဆရာမက စာမရကောင်းလားဆိုပြီး လက်သည်းနဲ့ ဆိတ်ကာ အပြစ်ပေးတယ်တဲ့။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်ကိုဖတ်လိုက်ရတာ၊ ဆရာမက စေတနာလွန်ကဲကာ အပြစ်ပေးမိတဲ့ပုံစံ၊ ကလေးရဲ့အဒေါ်ဖြစ်သူကလည်း အနားမှာရှိနေကြောင်း၊ ဒါကြောင့် စေတနာလွန်ကဲဒေါသထွက်မှုပုံစံဖြစ် သွားတာကြောင့် အပြစ်တင်လိုစိတ် လည်းမရှိကြောင်း ပြောသွားတယ်။ ဒီနေရာမှာ ဘယ်လိုပင်စေတနာလွန်ကဲ ဒေါသဖြစ်ပါစေ ဆရာ၊ ဆရာမတွေဟာ စေတနာ၊ အနစ်နာ၊ ကရုဏာတင်မက နည်းနာပိုင်းပါ မဖြစ်မနေပြည့်စုံဖို့လိုအပ်တယ်။ မြန်မာ့လူ့အဖွဲ့အစည်း နည်းနာမကျ၊ မှားယွင်းသောကျင့်သုံးမှုတွေကို အသိဉာဏ်နုနယ်မကြွယ်ဝမရင့်ကျက် သေးသော ကလေးသူငယ်တွေထက်လူကြီးတွေက ပိုမိုကျင့်သုံးနေခြင်းမှာမှန်တယ်လို့ တွေးခေါ်ယူဆနေခြင်းဟာ နိုင်ငံရဲ့အနာဂတ်လို့ တင်စားနေတဲ့ ကလေးတွေရဲ့ ဘဝများစွာပျက်စီးစေနိုင်သလို ကလေးသူငယ်တွေကိုလည်း အရွယ်နဲ့ မလိုက်သော နာကျင်ခံစားရမှု မျိုးစုံကို ဆူးငြှောင့်ပမာ ရင်ထဲစွဲသွားစေတယ်။

စာမရလို့ ဒေါသထွက်ရင်း စေတနာလွန်ကဲစွာလုပ်မိတယ်ဆိုတဲ့ ဆင်ခြေဟာ တကယ်တော့ များစွာယုတ္တိမတန်တဲ့ ဆင်ခြေသာဖြစ်တယ်။ စစ်မှန်သော စေတနာမှာ ညှာတာထောက်ထားခြင်းနဲ့ ကောင်းမွန်သောအရာ ခံစားရရှိစေခြင်း ဆိုတာတွေ ပေါင်းစပ်ပါဝင်ရလို့ပါပဲ။ အော်တစ်ဆန်ရောဂါ ဖြစ်နေတဲ့ကလေးတွေကို သင်ကြားရတဲ့ဆရာ၊ ဆရာမတွေ၊ မိဘတွေဆိုရင် သာမန်ကလေးတွေကို သင်ကြားရတဲ့ ဆရာ၊ ဆရာမတွေ သာမန်ကလေးငယ်တွေရဲ့မိဘတွေထက် ထိန်းကျောင်းသင်ပေးရမှုအပိုင်းမှာ အရမ်းကိုခက်ခဲပင်ပန်းကြရတယ်။ အထူးသဖြင့် ကလေးတွေနားလည်နိုင်အောင် နည်းလမ်းပေါင်း များစွာကိုအသုံးပြုကာ ကလေးတွေရဲ့ဉာဏ်ရည်ကို ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးရလို့ပဲ။ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဉာဏ်အရည်အသွေးချင်း မတူနိုင်ဘူး။ သူတို့ရဲ့ ဗီဇအရည်အသွေးနဲ့ သူတို့ကြီးပြင်းလာတဲ့ လူမှုဝန်းကျင်ဟာ ကလေးတွေရဲ့ ဉာဏ်ရည်အပေါ်လည်း များစွာလွှမ်းမိုးတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတစ်ယောက်ဟာ ကလေးစာမလိုက်နိုင်၊ အခြားကလေးတွေလိုသိမြင် နားလည်မှုမမြန်ဆန်၊ မတုံ့ပြန်နိုင်ဘူးဆို ရင် ခဏအချိန်ပေးပြီး သေချာလေ့လာသင့်တယ်။ ကလေးဟာ ဉာဏ်ရည်တကယ်ပဲ နိမ့်နေသလား၊ ဒါဆိုရင်သဘော ပေါက်လွယ်တဲ့ သင်ကြားနည်းစနစ်နဲ့ သင်ကြားပေးဖို့လိုအပ်တယ်။ ဒီနေရာမှာ ဘယ်လိုပုံစံနဲ့ သင်ကြားပေးရမယ် ဆိုတဲ့ ပုံသေနည်းတော့မရှိဘူး။ ကလေးရဲ့ အသိဉာဏ်လောက်နဲ့ နားလည်နိုင်မယ့်အရာ၊ စိတ်ဝင်တစားရှိမယ့်အရာတွေကို ပုံပမာခိုင်းနှိုင်းပြပြီး သင်ပြပေးဖို့လိုတယ်။ ကလေးငယ်ရဲ့ အားသာမှု၊ အာရုံစူးစိုက်မှုသာတဲ့ ဉာဏ်ရည်ကိုလည်း တစ်ဖက်ကလေ့လာရင်းနဲ့ပေါ့။ ဉာဏ်ရည်ဟာ မျိုးကွဲများစွာရှိနေတာမို့ ကလေးငယ်တွေရဲ့ ဉာဏ်ရည်အားသာမှုဗီဇအထုံဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး။

ကလေးငယ်တွေကို ဆုံးမသွန်သင် သင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမဖြစ်စေ၊ မိဘဖြစ်စေ ကလေးသဘောမပေါက် နိုင်တဲ့ကိစ္စအပေါ် ပိုဒေါသထွက်လာပြီး ဒါလေးတောင်မရကောင်းလား၊ နားမလည်ရကောင်းလားဆိုပြီး ယမ်းပုံမီးကျ စိတ်ဆိုးရိုက်နှက်လေ ကလေးဟာ ကြောက်စိတ်နဲ့ ပိုဟုန်၊ ပိုထုံလာလေပဲ။ များသောအားဖြင့် ကလေးငယ်တွေကို ထိန်းကျောင်းတယ်၊ စာသင်တယ်ဆိုရာမှာ သူတို့မှာရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေး လေးနဲ့ တဖြည်းဖြည်းအဆင့်ဆင့် နားလည်သဘောပေါက်ကာ ရင့်ကျက်ဖွံ့ဖြိုးလာဖို့ အဓိကဦးတည်ရတာဖြစ်တယ်။ များသောအားဖြင့် ဆရာ၊ ဆရာမအသိုင်း အဝိုင်းနဲ့ မိဘအသိုင်းအဝိုင်း၊ လူကြီးအသိုင်းအဝိုင်း အမှတ်တမဲ့ဖြစ်စေ၊ မသိလိုက်မသိသာဖြစ်စေ၊ မှားယွင်းနေမှု အချက်က ကလေးငယ်တွေအပေါ် သွန်သင်ဆုံးမသင်ပြရာမှာ မိမိတို့အရွယ်ရဲ့ အသိဉာဏ်ပုံစံမျိုး ထပ်တူမရှိရ၊ မတွေးရ၊ မသိရ၊ မလုပ်ရကောင်းလားဆိုပြီး မသိစိတ်လွှမ်းမိုးမှုနဲ့ အမြဲတစေခိုင်းနှိုင်းကာ ပြုမူပြောဆိုနေခြင်းပဲ။ ဘယ်လိုမှ ကလေးငယ်တစ်ယောက်ဟာ လူကြီးဦး နှောက်မျိုး၊ အတွေးအခေါ်မျိုး၊ အသိအမြင်မျိုး၊ တစ်ထွာလောက်ရှင်းပြရင် တစ်လံလောက်မြင်တဲ့ ဆင်ခြင်စဉ်းစားမှုမျိုး မကိန်းအောင်းနိုင်ဘူး။ နောက် ကလေးငယ်တွေဟာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုပေါ်လိုက်ကာ ဉာဏ်ရည်ဖွံ့ဖြိုး ထက်သန်မှုဖြစ်ပေါ်လာတာ ရှိသေးတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာဖြစ်လေ့ ဖြစ်ထရှိနေတဲ့အရာဟာ ကလေးတစ်ယောက် အမိဝမ်းကနေ လူ့လောကထဲရောက်၊ ကြီးပြင်းလာလို့ လေ့လာစူးစမ်း မှုစတင်တယ်ဆိုရင် လူကြီးတွေဟာ ကလေးတွေရဲ့ လေ့လာစူးစမ်းသဘာ၀ စိတ်ကိုသင်းကွပ်လိုက်ခြင်းပဲ။ လူကြီးတွေပေးတဲ့ ဆင်ခြေကဒီမှာအလုပ်ရှုပ်နေတာ၊ အားယားနေတာ မဟုတ်ဘူး။ ကလေးက ကလေးလိုနေစမ်း။ မနှောင့်ယှက်စမ်းနဲ့။ အမေးအမြန်းမထူနဲ့၊ လူကြီးပြောစကားဝိုင်းထဲ ဝင်မပါနဲ့ဆိုပြီး အော်ငေါက်ပစ်ခြင်းပဲ။ လူကြီးကိုပြန်မပြောနဲ့ (ကလေးငယ်တွေက သူတို့ရဲ့နုနယ်တဲ့ ဦးနှောက်ဒွိဟဖြစ်နေတာ၊ မရှင်းမလင်းဖြစ်နေတာကို ကလေးသဘာဝအရ စိတ်ထဲမထားဘဲမေးလေ့ရှိတာ၊ ပြန်ပြောတာဟာ ရိုင်းစိုင်းတာတော့မ ဟုတ်ပါဘူး။ ဒါဟာ သူ့ရဲ့ဦးနှောက်နဲ့ မရှင်းမလင်းဖြစ်မှုကို သိစိတ်ဉာဏ်ရည်က ဘဝင်မကျမှု ထုထည်ကြီးမားလာတဲ့ ဒဏ်အပေါ် မခံစားနိုင်လို့ လူကြီးတွေလို မာယာနဲ့ ဖုံးဖိထားလိုစိတ်မရှိလို့ ဒါကြောင့် ကလေးတွေဟာ အမှန်ပြောတယ်။ စိတ် ထားဖြူစင်တယ်လို့ပြောတာ ဖြစ်တယ်) ကလေးတွေကို ဘာကြောင့်မေးတယ်၊ ဒီလိုမေးခြင်းဟာ ကလေးငယ်ရဲ့ ဦးနှောက်ကနေ အကြောင်းအရာ တွေကိုမှတ်ထားပြီး ဆက်စပ်တွေးခေါ် မှုကို စတင်လုပ်ဆောင်ခြင်းအချိန် အနာဂတ်မှာ ဘယ်လိုဉာဏ်ရည် ဉာဏ်သွေးနဲ့ အထူးသိနားလည်ဖို့လိုအပ်တယ်။ မိဘ၊ ဆရာတွေကိုယ်တိုင် မိမိတို့ရဲ့ရင်သွေး၊ မိမိတို့ရဲ့ တပည့်တွေအပေါ် မိမိတို့ရဲ့လူမှုဘဝမှာ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီစိတ်တွေရဲ့ ပူလောင်မွန်းကျပ်မှုတွေရဲ့ ထွက်ပေါက်ဟာ သူတို့ရဲ့လူမမည်ရင်သွေးငယ်၊ တပည့်တွေအပေါ် ပုံချတတ်ခြင်းပဲ။ အဲဒီအခါမှာ ကလေးငယ်တွေဟာ အရမ်းကို နာကျင်ခံစားရတယ်။ အဲဒီသိစိတ်နာကျင် ခံစားမှုဟာ အရာရာလေ့လာစူးစမ်းဖို့ အားယူနေတဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အနည်းနဲ့အများထိ ခိုက်စေတယ်။ ကလေးငယ်တွေရဲ့ တက်ကြွလန်းဆန်းမှုဟာ ညှိုးရော်သွားတယ်။ အဲဒီအတွက် တက်ကြွသောစိတ်အားနဲ့ အတူ အရာရာကိုလေ့လာစူးစမ်းဖို့အသင့် ဖြစ်နေတဲ့ ဦးနှောက်ဟာ ဖျက်ကနဲထုံဆေးထိုးခံလိုက်ရသလို ထိုင်းမှိုင်းသွားတယ်၊ သိစိတ်နာကျင်ခံစားမှုက တွေးခေါ်မှုကို စတင်လုပ်ဆောင်တော့မယ့် ဦးနှောက်ကိုလွှမ်းမိုးသွားမှုပဲ။

ဒါကြောင့် ဆရာ၊ ဆရာမ၊ မိဘတွေဟာ ဘယ်လောက်ပင် ဒေါသထွက်နေပါစေ ကလေးငယ်တွေရဲ့အပြုအမူဟာ ဆရာ၊ မိဘလူကြီး တွေရဲ့ အသိအမြင်နားလည်မှုဘောင်၊ စံနှုန်းတွေအရ များစွာသင်ယူနိုင်မှု မရှိပါစေ၊ အချိုးကျနမှု မရှိပါစေ၊ ဒါဟာ ကလေးငယ်ရဲ့အသိဉာဏ်နုနယ်မှုကြောင့် သာဖြစ်တယ်ဆိုတာ အခြေခံကျကျနား လည်သဘောပေါက် လက်ခံထားရမယ်။ အဲဒီအတွက် ကလေးငယ်ပိုမို နားလည် သဘောပေါက်နိုင်မယ့် ပြောဆိုဖြေရှင်းမှုကို ဆရာ၊ မိဘလူကြီးတွေဟာ ကြိုးကို ကြိုးစားပေးရမှာဖြစ်တယ်။ ဒီနေရာမှာ ငါကဆရာ၊ ငါကမိဘ၊ ငါက လူကြီးဆိုတဲ့ အစဉ်အလာအဆက်ဆက် အများ လက်ခံထားတဲ့ ဓလေ့ထုံးတမ်းဂုဏ်ကို အသာစီးရယူကာ ကလေးငယ်တွေ အပေါ် မိမိလုပ်သမျှအမှန်လို့ အဲဒီလို လုပ်တာဟာလည်း ငါဖြစ်တည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံထားပြီးသား ဆိုတဲ့ပုံစံမျိုးနဲ့ အာဏာရှင်ဆန်ဆန် မပြုမူသင့်ဘူး။ အဲဒီလိုအာဏာရှင်ဆန်ဆန် ပြုမှုစရိုက်တွေကို ဆရာ၊ မိဘတွေဟာ မိမိတို့ရဲ့နေ့စဉ်လူနေမှုဘဝမှာ မပြုကျင့်မိအောင် လုပ်ဆောင်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ငါက အသက်ကြီး၊ ငါက ဂုဏ်ကြီးလို့၊ ငါက ပညာတတ်လို့၊ ငါက ငွေကြေးဥစ္စာရှိလို့၊ ဖြစ်နေပါစေ အမြဲတစေ မှန်ကန်ရမယ်လို့ တစ်ယူသန်အတွေးအခေါ်နဲ့ လက်ကိုင်ယူဆကျင့်သုံးမှုဟာ တကယ်တော့ နည်းနာမကျသောဆုံးမ သွန်သင်မှုတွေနဲ့ ကလေးသူငယ်တွေကို လမ်းမှားဆီ ရောက်အောင် ပို့ပေးနေခြင်းပဲ။ ဒါကြောင့် စေတနာဟာ နည်းနာစနစ်ကျနမှုမပါရင် စေတနာကောင်းများဖြင့် ငရဲသို့ လမ်းဖောက်ထားသည်ဆိုတာမျိုး ဖြစ်လာ မှာပဲ။ ဒီလိုနည်းနာမကျသော ဆုံးမသင်ကြားမှုတွေကို နာခံလာရသော ကလေးသူငယ်တွေဟာ အတတ်ပညာ တတ်ချင်တတ်သွားနိုင်ပေမယ့် မိမိတတ်ထားတဲ့ အတတ်ပညာကို မိမိနဲ့မိမိလူမှု ဝန်းကျင်ကောင်းကျိုးအတွက်ရော မိမိနဲ့ သူတစ်ပါး လူမှုဝန်းကျင်ပေါင်းသင်းဆက် ဆံရေးမှာရော လွတ်လပ်တရားမျှတန်း တူညီမျှစွာ ပေါင်းသင်းပြုမူဆက်ဆံမှုဆိုတဲ့ အသိပညာမှာ များစွာအားနည်းနေမှာ အမှန်ပဲ။ ဒါဆိုရင် လူတော်ဖြစ်လာနိုင် ပေမယ့် လူကောင်းတော့ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် သူနဲ့သူ့လူမှုဝန်းကျင် မှာ လူမှုဘဝလုံခြုံစိတ်ချမှုဟာများစွာ ဖွံ့ဖြိုးဖို့အားနည်းချည့်နဲ့နေမှာပဲ။ ဒါကြောင့် ဆရာ၊ ဆရာမတွေ၊ မိဘတွေရဲ့ ကလေး သူငယ်တွေအပေါ် နည်းနာမကျ မပါသော စေတနာတွေနဲ့ နှိပ်စက်ညှဉ်းပန်းသလိုပြု မူပုံစံပေါ်နေခြင်းဟာကျောင်းတွင်း ပြဿနာတင်မဟုတ်ဘဲ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ယွင်းချွတ် ချော်မှုနဲ့ လူမှုစီးပွားဆင်းရဲကျပ်တည်းမှုတွေကိုပါ မီးမောင်းထိုးပြနေခြင်းပဲ။ ။

သီဟနာဒ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်