ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်သမားတို့၏ ဝါဒဖြန့်ဗီဒီယိုကို အလိုအလျောက်ပိတ်ပင်ပေးမည့် ဆော့ဖ်ဝဲလ် တီထွင်

အကြမ်းဖက်ဝါဒီတို့ထံမှ လာသည့် အွန်လိုင်းအကြောင်းအရာကို အလိုအလျောက်ဖော်ထုတ်သိရှိ ပိတ်ပင်ပေးမည့် အွန်လိုင်းနည်းပညာသစ်တစ်ရပ် တီထွင်ဖန်တီးထားကြောင်း ဗြိတိန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားသည်။
နည်းပညာကုမ္ပဏီ ASI Data Science နှင့် ပူးတွဲဖော်ဆောင်ထားသော ထိုဆော့ဖ်ဝဲလ်သည် အွန်လိုင်းပေါ်တွင် တွေ့ရသည့် ဗီဒီယိုတစ်ခုကို အိုင်အက်စ် စသော အကြမ်းဖက်ဝါဒီများ၏ ဝါဒဖြန့်ချိမှု ဟုတ်နိုင်မဟုတ်နိုင် အဆုံးအဖြစ်ပေး၍ အသုံးပြုသူမကြည့်မိအောင် ပိတ်ပင်သွားမည်ဖြစ်သည်။ ဤနည်းပညာအား မည်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင်မဆို အသုံးပြုနိုင်ရန် စီစဉ်ရေးဆွဲထားခြင်းဖြစ်ပြီး အကျယ်အပြန့်ဖြစ်သည့် အမျိုးမျိုးသော ဗီဒီယို streaming နှင့် ဒေါင်းလုတ်ဝက်ဘ်ဆိုက်များတွင် အကြမ်းဖက်သမားတို့၏ ဝါဒဖြန့်မှုကို အချိန်နှင့် တစ်ပြေးညီ ဖော်ထုတ်သိရှိရေး အထောက်အကူပြုမည်ဖြစ်သည်။
ဆော့ဖ်ဝဲလ်သစ်သည် အိုင်အက်စ်ဝါဒဖြန့်မှု ၉၄ ရာခိုင်နှုန်းကို ၉၉ ဒဿမ ၉၉ တိကျမှန်ကန်မှုဖြင့် ဖော်ထုတ်သိရှိခဲ့သည်ဟု ဗြိတိန်အစိုးရက ပြောကြားသည်။
နည်းပညာကုမ္ပဏီကြီးများနှင့် အွန်လိုင်းလုံခြုံရေးကိစ္စရပ်ဆွေးနွေးရန် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဗြိတိန်ပြည်ထဲရေး ဝန်ကြီးအမ်ဘာရပ်ဒ်က အင်တာနက်ကုမ္ပဏီများ၏ ပလက်ဖောင်းများကို အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ထောက်ခံအားပေးသူများ တလွဲမသုံးနိုင်စေရေး ပြီးခဲ့သည့်နှစ်အတွင်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေခဲ့သည် ဟုပြောကြားသည်။ ယခုဖော်ဆောင်ထားသည့် နည်းပညာကို ဗြိတိန်တွင် လုပ်ငန်းလည်ပတ်နေသည့် နည်းပညာကုမ္ပဏီများအား ဥပဒေစည်းကမ်းဖြင့် အဖြစ်မနေအသုံးပြုခိုင်းခြင်းမလုပ်ဟု မိမိယတိပြတ် မငြင်းဆိုကြောင်း ရပ်ဒ်က ပြောကြားသည်။
ဗြိတိန်အစိုးရသည် ပြည်သူ့ဘဏ္ဍာပေါင် ၆၀၀,၀၀၀ အသုံးပြု၍ လန်ဒန်တွင် အခြေစိုက်သည့် ASI Data Science ကုမ္ပဏီနှင့်အတူ ဤဆော့ဖ်ဝဲလ်ကို ရေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo: Sky News

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်