အသုဘကန်ထရိုက်နဲ့ သုဿန် သတင်းထောက် ဇာတ်ညွှန်း(သရော်စာ)

၂၀၁၇ ဒီဇင်ဘာ ၂ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်(၂)
မောင်စိတ်ဆတ်ရေ၊ ရန်ကုန်မှာ မသာတစ်လောင်းသင်္ဂြိုဟ် စရိတ်က တော်တော်လေး ဈေးမြောက်လာတယ်ဆိုပဲ။ အဲဒီ ကိစ္စ အင်တာဗျူးဖို့ အသုဘကန်တရိုက်တစ်ယောက်နဲ့ ချိတ်ဆက်ပါဦးကွာ။
“ ဆရာရယ်၊ ကျွန်တော်က နိုင်ငံရေးအင်တာဗျူးပဲ ဝါသနာပါတာလေ။ ဒီဂျာနယ်မှာ အလုပ်လာရှောက်ကတည်းက နိုင်ငံရေးသတင်းတွေပဲ လိုက်ချင်တယ်လို့ ပြောပြီးသားလေ ဗျာ”
ဟေ့ ကောင် မောင်စိတ်ဆတ်၊ နိုင်ငံရေးဆိုတာ လူထုအကျိုးပြု လုပ်ငန်းကွ။ အသုဘဆိုတာလည်း လူသားတစ်ယောက်ရှင်သန်ခြင်းကုန်ဆုံးသွားတဲ့ ဘဝအခြေအနေလေ။ ဒီလူသေသွားပြီးပဲဆိုပြီး တိရစ္ဆာန်တွေလို လမ်းဘေးပစ်ထားကောင်းတဲ့အရာမဟုတ်ဘူး။ မသာရေချိုးတာ၊ အသုဘလိုက်ပို့တာ၊ ကူငွေလှူဒါန်းတာ၊ သေဆုံးသူအတွက်ဒါနပြုတာ၊ တရားအလှူပေးဝေတာ၊ အဲ့ဒါအားလုံးနိုင်ငံရေးကွ၊ မှတ်ထား။ စင်ပေါ်တက်ပြီး ဟိုအဖွဲ့ကိုစောင်းဆဲ၊ ဒီအဖွဲ့ကိုစောင်းဆဲတာမှ နိုင်ငံရေးမဟုတ်ဘူး။
“ အီး …အဟင့်၊ ဂလင့်၊ ဂလု ကျွန်တော်နားလည်းပါပြီးဆရာ၊ မသာသင်္ဂြိုဟ်စရိတ်က ဘယ်လောက်အထိတက်သွားလို့လဲဟင်၊ အီး-ဟီးဟီး”
နေပါဦး ဘာလို့ငိုနေရတာလဲ မောင်စိတ်ဆတ်ရဲ့။
“ ဆရာပြောမှ နိုင်ငံရေး ဆိုတဲ့ ရသကိုသိလာလို့ပါဆရာ။ ကျွန်တော်က သတင်းဆောင်းပါးလေး သုံးကော်လံ နှစ်လက်မလောက် ရေးဖူးတာနဲ့ ကိုယ့်ကိုယ်ကို ဆရာကြီးထင်နေတာ။ အခုတော့ ကျွန်တော့ မှာ သင်ယူစရာတွေနောက်ထပ် နှစ်ပေါင်းရှစ်ထောင်ကျော်လောက် ရှိနေဦးမယ်ဆိုတာ သဘောပေါက်ပြီးလေ။ ကျွန်တော်အသုဘကန်ထရိုက်ရဲ့ ဖုန်းနံပတ်ကို ရအောင်ရှာမယ်ဆရာ။ အဲဒီလာဘ်ပေးလာဘ်ယူ နာမည်ကျော် သုဿန်ကိုလည်းရောက်အောင်သွားမယ်ဆရာ။ ဒါနဲ့မသာတစ်လောင်းကို သင်္ဂြိုဟ်စရိတ်္ဘယ်လောက်အထိ ကုန်ကျတယ်လို့ ဆရာကြားလဲ ဟင်”
အခု ငါကြားနေတာ ရန်ကုန်ဆေးရုံကြီးမှာ ဖြစ်စေ၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာဖြစ်စေ ရောဂါတကယ်ကျွမ်းလို့သေသေ၊ ဆရာဝန်ညံ့လို့သေသေ၊ ဆေးကုသရတဲ့ ကုန်ကျငွေက မသက်သာသလို၊ မသာသင်္ဂြုဟ်စရိတ်က တော်တော်လေးထောင်းတယ်ဆိုပဲ။ နယ်ကတက်လာပြီး ဆေးလာကုတဲ့ လူနာတစ်ချို့ဆိုရင် လမ်းစရိတ်ပြတ်လို့ ပါလာတဲ့ လက်ဝတ်လက်စားတွေ ချွတ်ပြီး ပေါင်ရနှံရသတဲ့။ ပိုက်ဆံလည်းမတရားကုန်၊ လူ့အသက်လည်းဆုံးရှုံး၊ သင်္ဂြိုဟ်စရိတ်ပါ ထပ်ပြီး ဖြုန်းပေးနေရတော့ ရန်ကုန်ကို အားကိုးတကြီးနဲ့ တက်လာတဲ့ မျှော်လင့်ချက်၊ ခံယူချက်ဘာတွေဖြစ်ကုန်သလဲ။ ဆယ်အိမ်ခေါင်းလာဘ်စားမှာကြောင့်လို့ အုပ်ချုပ်ရေးမှူးဆီသွားမိမှ အိမ်ဂရန် တစ်ဆယ်တိုးနဲ့ ထားရသလိုဖြစ်နေတာပေါ့။
ငါ့အတွေ့အကြုံအရ လူနာစောင့်တွေကြည့်လိုက်ပြန်တော မျက်တွင်းဟောက်ပက်နဲ့။ သူတို့ခဗျာ သေသွားတဲ့ လူနာအတွက် ဝမ်းနည်းလွန်းလို့ ငိုချင်တာတောင် အသံနဲ့ မျက်ရည်မထွက်တော့ဘူးကွ။ လူနာစောင့်ရင်း အအိပ်ပျက်၊ အစားပျက်ဖြစ်ခဲ့ကြတာကိုး။ ပြန်ဖို့လမ်းစရိတ်ပြတ်လပ်နေတာထက် သေသွားတဲ့ လူနာကို သင်္ဂြိုဟ်ဖို့က ပိုပြီးစိတ်ဖိစီးစရာဖြစ်နေတာ တွေ့ရတယ်။
ပိုဆိုးတာက သေသွားတဲ့လူနာကို သင်္ဂြိုဟ်တော့လည်း ဟိုကိစ္စအတွက် ပေးရ၊ ဒီကိစ္စအတွက်ပေးရနဲ့ ရန်ကုန်ကိုတော်တော်လေးကြောင့်နေကြပုံရတယ်ကွ။ လူကိုတန်ဖိုးထားတဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်ကြတဲ့ လူတွေမှန်ရင် သေသွားတဲ့ လူနာကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ် ချင်ကြတာ သူတို့ရဲ့အလေ့အထလေ။ ခတ်နေတာက မသာပြင်ရင်တောင် ဓီခေတ်က ရိုးရိုးဆိုဘယ်လောက်၊ ရှယ်ဆိုဘယ်ဈေး အဲဒီလို ပေးချေရတာကွ။
“ မသာပြင်တယ်ဆိုတာ ကျွန်တော်မကြားဖူးဘူးဆရာ၊ ဘွဲ့ယူခါနီး ကျောင်းသား ကျောင်းသူတွေနဲ့ မင်္ဂလာဆောင်ခါနီး သတို့သား၊ သတို့သမီးပဲ အလှပြင်တယ်ကြားဖူးတယ်”
အေ …အဲ့ဒါပဲ မောင်စိတ်ဆိတ်ရဲ့၊ သတင်းသမားဆိုတာ လူ့ပတ်ဝန်းကျင်ကိုလေ့လာရတယ်။ ကိုယ်ရေးမှ သတင်း ကိုယ်ရေးမှ ဆောင်းပါး အဲဒီစိတ်ဓာတ်တွေကို ဖျောက်။ အဓိကက လူ့ကျင့်ဝတ်၊ လူ့ဝတ္တရား ကိုလေ့ကျင့်ထိန်းကျောင်းရမယ်။
မင်းမှတ် ထား လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရန်ကုန်မှာ သေခဲ့ဖူးတဲ့နာရေး အိမ်တွေကို စုံစမ်းပြီးမေးကြည့်။ သုဿန်ကိုနိဗ္ဗာန်ယာဉ်က အခမဲ့ လိုက်ပို့ရင်တောင် မသာပြင်စရိတ်က ရှယ်နဲ့ ရိုးရိုးနှစ်မျိုးခွဲထားသေးတယ်။
ရှယ်ပြင်တယ်ဆိုတာက ရုပ်ရှင်ဗွီဒီယို သရုတ်ဆောင်တွေကို မိတ်ကပ်ခြယ်သသလိုမျိုး ကျကျနန စိတ်ရှည်လက်ရှည်နဲ့ ညင်ညင်သာသာပွတ်သပ်ပေးပြီး အသုဘမျက်နှာကို လှလှပပနဲ့ ဖောင်းဖောင်းလေးဖြစ်အောင်လုပ်ပေးကြတာကွ။
“ တစ်ချို့မသာတွေ အစာမစားနိုင်ပဲသေတာမျိုးကျတော့ ပါးတွေပိန်မနေဘူးလားဆရာ။ အဲဒါကိုရောဘယ်လိုပြင်လည်းဟင်၊ ဆရာက နိုက်နိုက်ချွတ်ချွတ် လေ့လာတတ်လို့ပါ”
မောင်စိတ်ဆတ်ရယ် မိန်းကလေးတွေ လွယ်တဲ့ စလင်းဘတ်အိတ်တွေကိုရောင်းချတဲ့ ဆိုင်တွေလိုပေါ့ကွ။ အိတ်ကိုချိတ်ဆွဲလို့ကောင်းအောင် အထဲမှာ သတင်းစာစက္ကူတွေ၊ ပိတ်စအဟောင်းအစုတ်တွေ ထိုးသွင်းသိမ်းထည့်ထားတာမျိုးပေါ့။ မသာပါးစပ်ကိုဖြဲပြီး အုပ်ခဲကျိုး တစ်ဖက်တစ်ခဲစီ ပါးချောင်နဲ့ အံသွားတွေကြား ညှပ်ထားတယ်ဆ်ိုလား၊ ကြားတာနော်။
“ ရက်စက်ပါ့ ဆရာရယ်၊ ရန်ကုန်မှာသေရမှာတောင်လှန့်လာပြီ။ ဒါနဲ့ နေပါဦးဆရာက အဲဒီတုန်းကဒီအကြောင်းတွေဘာလို့မရေးတာလဲ။
ဟ…မီဒီယာ လွတ်လပ်ခွင့် က သမ္မတ ဦးသိန်းစိန် တက်လာမှ စပြီးအသက်ဝင်တာလေကွ။ ဒါတောင် ၂၀၁၁ နှစ်ကုန်ခါနီးမှ ရေးကြရတာ”
“ ဟုတ်ပါပြီးဆရာ၊ ကျွန်တော်မနက်ဖြန် အသုဘကန်ထရိုက်ဆီရောက်အောင်သွားမယ်၊ ဘာတွေရေးရမလဲဆရာ။ တွေ့ရမှာတောင် ခပ်ကြောက်ကြောက်ပါပဲ။ လူတွေကိုတော်တော်လေးစိတ်ကုန်လာလို့ပါ”
မောင်စိတ်ဆတ်ရယ် ၊ လူတွေမကောင်းဘူးဆိုတာ မလောကလုံး ပြောနေကြတဲ့ စကားပါ။ ကိုယ်က သူများကို မကောင်းမြင်ရင် ကိုယ့်ကိုလည်းသူများက မုန်းစိတ်ဝင်တတ်တာပဲ။ အရေးကြီးတာက ကိုယ်ဘယ်လိုလူစားဆိုတာ ကိုယ့်ကိုယ်ကိုသိဖို့ကနံပါတ်တစ်။ကိုယ့်ကိုယ်ကိုတောင်ဘာကောင်မှန်းမသိဘဲ နိုင်ငံရေးလောကထဲဝင်လာရင်တော့ မင်းဟာ နိုင်ငံရေးဆောင်းပါးရေးဖို့ မပြောနဲ့ သုဿန်သတင်းထောက်လိုက်လို့ ရမှာမဟုတ်ဘူး။
မင်းမေးရမယ့် မေးခွန်းတွေကို ငါဒီည အရေးပေါ်တွေးခေါ်ပေးထားမယ်။ မင်းဘက်က အသုဘကန်ထရိုက်နဲ့တွေ့ရင်သာ လောဘတက်ပြီး ဒုစရိုက်စိတ်တွေ မဝင်စေဖို့ စောင့်ထိန်းရမယ်နော်။
“ ဆရာလည်းလုပ်ပြီ။ ကျွန်တော်ကဘာဖြစ်လို့ လောဘတက်ရမှာလဲ။ အခုဟာက ကျောက်မြတ်ရတနာ လက်ဆောင်ရမယ့် ကုမ္ပဏီ ဖွင့်ပွဲ သတင်းသွားလိုက်တာမျိုးမှာမဟုတ်တာ”
ခက်ပါလား မောင်စိတ်ဆတ်ရဲ့။ အခု ငါကြားထားတဲ့ သတင်းအရ မင်းအင်တာဗျူးမယ့် အသုဘကန်ထရိုက်ဟာ သုဿန်ထဲ ရွှေဆိုင်ကြော်ငြာလာရိုက်ကူးနေတဲ့ မင်းသားလိုပဲတဲ့။ ဝတ်ထားတဲ့ ဆွဲကြိုးကြီးတွေ ၊ လက်စွပ်ကြီးတွေက သူ့ခန္ဓာကိုယ်ထက်အလေးချိန်သာ လွန်းနေတယ်ဆိုပဲ။
“ ဗျာ …မယုံနိုင်စရာပါပဲလား ဆရာရယ်၊ လုပ်ရက်ကြတယ်နော်”
အေလေ၊ အဲဒါကြောင့် မင်းကိုပြောတာပေါ့။ လူသေလို့ ပူဆွေးသောက ရောက်သူတွေရှိသလို၊ လူတွေများများသေလို့ဝမ်းသာ အားရဖြစ်နေတဲ့ လုပ်ငန်းရှင်တွေလည်းရျိနေတာပဲကွ။ ကြားဖူးတယ်မှတ်လား၊ အခွင့်အရေးရရ်ှုမသာပါးစပ်ထဲက နှိုက်ထုတ်မယ့်လူဆိုတာလေ။
“ သဘောပေါက်ပြီဆရာ၊ ကျွန်တော်အဲဒါကိုရအောင် အင်တာဗျူးမယ်။ ဒါပေမဲ့ ခေါင်းစဉ်ခတ်မိုက်မိုက်လေးတပ်ဖို့ ဆရာစီစဉ်နော်”
အခုတောင် ဟိုတွေးဒီတွေးနဲ့ မင်းအတွက် မင်းအတွက်ခေါင်းစဉ်ရွေးထားပြီးပြီ။
“ ပြောပါဦးဆရာရယ်။ ကြားချင်လှပြီ”
အသုဘကန်ထရိုက်နဲ့ သုဿန်သတင်းထောက် ဇာတ်ညွှန်းပေါ့ကွ။
ဟား ဟား ဟား…။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်