ကချင်ပြည်နယ်အတွင်း မကြာခဏတိုက်ပွဲဖြစ်နေမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ပင် စိတ်ပျက်လာ

တပ်မတော်နှင့် KIA နှစ်ဖက်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်နယ်ထဲတွင် စစ်ဘေးသင့်ဒေသခံ တစ်ထောင်ဝန်းကျင် ဒုက္ခအခက်အခဲများ ရင်ဆိုင်နေရကြောင်း စစ်ဘေးသင့် ကယ်ဆယ်ရေးကော်မတီထံမှ ဖေဖော်ဝါရီ ၁၃ ရက်က သိရသည်။
“ ဆွမ်ပရာဘွမ်ဘက်မှာတော့ ပိတ်မိနေတဲ့ စစ်ဘေးသင့်တွေ တစ်ထောင်ဝန်းကျင်ရှိတယ်။ စစ်ဘေးသင့်ကယ်ဆယ်ရေးစခန်းအနားအထိကို တိုက်ပွဲတွေရဲ့အရှိန်က သက်ရောက်မှုရှိနေတော့ စစ်ဘေးသင့်သူတွေက တောထဲကို ပြန်ဝင်ပြေးကြရတယ်။ တောထဲမှာစားစရာ၊ သောက်စရာ မရှိ အိပ်စရာမရှိဆိုတော့ သစ်တွေဝါးတွေခုတ်ပြီး ဖြတ်သန်းနေရတယ်။ တိုက်ပွဲတွေဖြစ်နေ၊ မဖြစ်နေဆိုတာ အခြေအနေကြည့်ပြီးမှ ရွာထဲကိုသွားတောင်းပြီး ဖြစ်သလိုစားနေရတယ်လို့ သိရတယ်။ ဒါခုလက်ရှိပေါ့။ လုံးဝထွက်လို့မရဘူးဖြစ်နေတယ်” ဟု ယင်းကော်မတီမှ ဒေါ်နန်းပူက ယူနတီသို့ပြောခဲ့သည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ယင်းနေရာသို့သွားရောက်ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရန်လည်း ခက်ခဲကြောင်းသိရသည်။
“ အဲဒီနေရာကို ရေတစ်တန်၊ ကုန်းတစ်တန်သွားရပြီး ရောက်ဖို့မနည်းသွားရတယ်။ ဆန်အိတ်တွေတောင် မနည်းပို့ယူရတယ်။ ပို့လိုက်တဲ့ဆန်အိတ်ကလည်း လူတစ်ထောင် ခဏလေးစားရတယ်။ တော်တော်အခက်အခဲ ကြုံနေရတယ်လို့လည်း ပြောတယ်” ဟု ဒေါ်နန်းပူက ထပ်လောင်းပြောကြားသည်။
တိုက်ပွဲများမကြာခဏဖြစ်ပေါ်နေသည့်အတွက် ကယ်ဆယ်ရေးအလှူရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များမှလည်း စိတ်ဓာတ်ကျမှုများ ဖြစ်ပေါ်နေကြောင်း တာဝန်ရှိသူများအနေဖြင့် တိုက်ပွဲများရပ်စေချင်ပြီး ကချင်ပြည်နယ်မှ ပြည်သူများအရေး ထည့်သွင်းစဉ်းစားစေချင်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ပြုလုပ်နေသော်လည်း ရလဒ်မှာ ထူခြားမှုမရှိ၍ ယခုလို ဒုက္ခများဖြစ်ပေါ်နေကြောင်း သိရသည်။
ကချင်ပြည်နယ် နေရာတော်တော်များများတွင် တိုက်ပွဲများဖြစ်ပေါ်နေပြီး လွန်ခဲ့သောရက်သတ္တပတ်ကလည်း တပ်မတော်နှင့် KIA နှစ်ဖက်တိုက်ပွဲများကြောင့် တနိုင်းဘက်တွင် စစ်ဘေးသင့်ပြည်သူ တစ်ထောင့်ငါးရာခန့် ရှိခဲ့သည်။

ပိုင်သက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်