လားရှိုး၌ ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများပြား

လားရှိုးမြို့၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်(၁) နှင့် ဧရာဝတီဘဏ် ကြား၌ ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေပိုင်းအချိန်တွင် အချိနိ်ကိုက်ဗုံး ပေါက်ကွဲမှု ဖြစ်ပြီး ဘဏ်ဝန်ထမ်းတစ်ချို့ သေဆုံးကာ ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့လည်းဘဏ်နှစ်ဘဏ်ကြားထဲမှာ အချိန်ကိုက်ဗုံးပေါက်ကွဲတာလို့ထင်တယ်။ သေဆုံးမှုတော့ရှိတယ်။ ဒဏ်ရာရရှိသူလည်းရှိတယ်။ အတိအကျတော့စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ ဘာမှအတပ်မပြောနိုင်သေးပါဘူး ” ဟု လားရှိုးမြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိကြီးတစ်ဦးကပြောသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုကြောင့် ရိုးမဘဏ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ၂၁ တစ်ဦးဒဏ်ရာရရှိကာ ရိုးမဘဏ်၊ ဧရာဝတီဘဏ် ပြည်နယ်ကျန်းမာရေးဦးစီးမှူး ရုံး စသည့်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
“ လောလောဆယ်ဆယ် သေဆုံးမှု ဘယ်လောက်ဆိုတာတော့ မသိရသေးပါဘူး။ ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေက တော်တော် အခြေအနေဆိုးတယ်။ သူတို့ကို လားရှိုးဆေးရုံကြီးကို ပို့ထားပါတယ် ” ဟု လူငယ်များ လူမှုကူညီရေးအဖွဲ့ (လားရှိုး) မှ ကိုအောင်ကျော်ဦး ကပြောသည်။
လက်ရှိတွင် ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများရှိနေသော်လည်း သတင်းအတိအကျ ထုတ်ပြန်ရန် ခက်ခဲမှု ရှိနေပြီး ယင်းဖြစ်ပွားရာနေရာကို လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း သိရသည်။
လားရှိုးဗုံးဖောက်ခွဲမှုနှင့် စပ်လျဉ်း၍ ဒေသခံတစ်ချို့အား ဆက်သွယ်မေးမြန်းရာ ဆေးရုံတင်ထားသည့် အရေးပေါ် ဒဏ်ရာရသူများပြားကြောင်း သိရပြီး အသေအပျောက်စာရင်းအား အတိအကျ မသိရှိရသေးကြောင်း ဖြေကြားသည်။

ဇင်နိုင်၊ ရဲကျော်ထက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်