အားလုံးကောင်းပါသည် ခင်ဗျာ

၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၅)
အစိုးရပဲဖြစ်ဖြစ်၊ သာမန်အရပ်သားပဲဖြစ်ဖြစ် ကောင်းတယ်လို့ပြောမှ ကြိုက်ကြတယ်။ ပုထုဇဉ်တွေမဟုတ်ပါလား၊ ပိုဆိုးတာက အပေါ်ရောက်သွားရင် အောက်ခြေက ပြန်တင်ပြတာကိုလည်း မကြိုက်ကြဘူးဗျ။ မိသာစုမှာ အဖေ၊အမေ ကလည်း သားသမီးတွေ ဝေဖန်တာကို မကြိုက်ကြဘူး။ ဆရာကလည်း တပည့်တွေ ဝေဖန်တာ မကြိုက်ကြဘူး။ အဲသူတို့ကလည်းဝေဖန်တာမကြိုက်ကြပြန်ဘူး။ ခတ်တာကပြန်တင်ပြတာရယ် ၊ ဝေဖန်တာရယ်၊ အကြံပြုတာရယ်ကို လေနဲ့ဝမ်းမကွဲကြဘူးခင်ဗျ။
အထက်ကပြောတဲ့ဟာကို အောက်ခြေက ပြန်ပြီး အကျိုးအကြောင်း ရှင်းပြတာကို မင်းကပြောလိုက်ရင် ဆင်ခြေတွေနဲ့ ၊ ငါ့ကိုပြန်မပြောနဲ့ ဆိုပြီး ပိတ်လိုက်ကြတယ်။ ဌာနဆိုင်ရာတွေမှာ အထူးသဖြင့် အမိန့်နဲ့အလုပ်လုပ်ရတဲ့ ဌာနတွေ ပိုဆိုးပါတယ်။ အမိန့်နဲ့ မလုပ်တဲ့ ဌာနကလည်း မရှိသလောက်ပါပဲ။ အသွင်ပြောင်းတွေရောက်တော့ အမိန့်ဆိုတာတစ်ခါထဲ ပါလာတာ မဟုတ်ပါ့လား။
ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်ဆိုလား၊ ကြားဖူးပါရဲ့။ ဟုတ်မဟုတ်တော့မသိဘူးနော်။ အဲဒီစကားက လည်းတော်တော်ခတ်သားပဲ။ နေရာတကာ ဒီစကားလုံး ကိုသုံးတော့ အားလုံးကရေပါဖို့အဓိက ဆိုတော့ ဌာနဆိုင်ရာတွေ သွားတဲ့အခါတိုင်း ရေလောင်းကြရတာနေမှာပေါ့လို့ တွေးမိပါတယ်။ အမိန့်တွေ သုံးတဲ့အခါ လုပ်ငန်းတွေကမတွင်ကျယ်တော့ဘူး။ လိမ်ညာကုန်ကြရော။ အဲဒီတော့ အားလုံးကောင်းပါတယ်နဲ့ ညားကုန်ရောမဟုတ်လား ။ အားလုံးကောင်းပါတယ်ဆိုတဲ့ စကားက အကျဉ်းထောင်တွေမှာ သုံးကြပါတယ်။ ထောင်တွေမှာညဘက်ဆိုတာ တာဝန်ကျဝန်ထမ်းတွေကြားအောင် အိပ်ဖန်စောင့် အကျဉ်းသားက ၁၅ မိနစ်တစ်ကြိမ် “အားလုံးကောင်းပါသည်”ဆရာကြီးတဲ့။ သူများပြောတာ ကြားဖူးတာနော်။ ကိုယ်တိုင်ကတော့ ကြောက်လည်းကြောက် ကျေးဇူးလည်းအတင်မခံချင်လို့ ခပ်အေးအေးပဲနေပါတယ်။
အခုလည်းဘာလေးပြောပြော ဘာလေးရေးရေး အဆင်မသင့်ရင် အပူးဂဏန်းရယ်၊ ကြီးအက္ခရာ ဃ နဲ့ တွေ့မှာစိုးလို့ ရှောင်ပြီး အားလုံးကောင်းပါတယ် ။ အင်မတန်ကောင်းပါတယ်။ အေးချမ်းသာယာလှပါတယ်။ စားလို့ သောက်လို့ အဆင်ပြေပါတယ်။ သွားလမ်းသာလို့ ရွာလမ်းလည်းဖြောင့်ကြပါတယ်။ အဆင်ပြေချောမွေ့ပါတယ်။ စားဝတ်နေရေးလည်းသက်သာချောင်ချိလှပါတယ်။ မီးတွေလည်းမှန်ပါတယ်။ ကုန်ဈေးနှုန်းတွေလည်းသင့်တင့်ပါတယ်။ ကျူရှင်တွေလည်းဈေးသက်သာပါတယ်။ အစိုးရကျောင်းတွေကလည်း အပြင်မှာကျူရှင်ထပ်မယူရအောင် အသင်အပြတွေကောင်းပါတယ်။ သူငယ်တန်းကစပြီး ဆယ်တန်းအထိ ၁၁ နှစ် လောက် အင်္ဂလိပ်စာတွေ သင်ခဲ့ကြတဲ့အတွက် အင်္ဂလိပ် တိုင်းပြည်က လူတွေပြောသလားထင်ရအောင် အင်္ဂလိပ်စာကောင်းကြပါတယ်။
ဖေ့ဘွတ်ခ်မသုံးကြတော့ဘဲ စာတွေဖတ်ကြလို့ စာအုပ်တွေလည်းရောင်းကောင်းကြပါတယ် ။ ကိုယ့်နိုင်ငံ သမိုင်းကြောင်းကို လေ့လာကြတာလည်း အားရစရာပါပဲ။ ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သွားတဲ့ ခေါင်းဆောင် ကြီးကိုလည်း မမှားယွင်းအောင်ဖြေနိုင်ကြပါတယ်။ တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင် ဆရာစံရဲ့ဇာတိကိုလည်းသိကြပါတယ်။ အာဇာနီခေါင်းဆောင်ကြီး ကိုဦးရဲ့အမည်ကို လည်း မထစ်မငေါ့ ပြောနိုင်ကြပါတယ်။ မြစ်ကြီးနားက ဘယ်အရပ်မှာရှိတယ်ဆိုတာ၊ မတူပီက ဘယ်ပြည်နယ်/ တိုင်း ထဲမှာရှိတယ် ဆိုတာလည်း တိတိကျကျဖြေနိုင်ကြတဲ့အထိ ပထဝီလည်း ကျွမ်းကျင်ကြပါတယ်။
မူးရစ်ဆေးဝါးတွေလည်း ကင်းစင်ကြပါတယ်။ အရက်ဆိုတာတော့ပြောမနေနဲ့ ၊ ဘယ်မှာမှ ဝယ်လို့မရတာကြာပါပြီ။ ဆေးလိပ်ဆိုတာလည်းစည်းကမ်းမဲ့ မသောက်ကြပါဘူး။ အမှိုက်စွန့်ပစ်တာလား ဒဏ်ငွေရိုက်မယ်၊ ထောင်ချမယ်ဆိုလို့ စနစ်တကျနဲ့ စွန့်ပစ်လာကြပါပြီ။ လိုင်းကားတွေလည်းစည်းကမ်းရှိလာကြပြီ။ အပြောအဆိုကလည်း ယဉ်ကျေးလိုက်တာလေ၊ စိတ်ကိုအေးချမ်းလ်ိုက်တာ၊ ကိုယ်ဆင်းရမယ့် မှတ်တိုင်ရောက်တာ မဆင်းချင်ဘဲ ဆက်စီးသွားချင်လိုက်တာ။ ကားစီးရင် ကိုယ့်ထိုင်ခုံနဲ့ ကိုယ်စီးရတာ ၊ မြို့ပြင်နဲ့ မြို့ထဲကို ခဏလေးစီးရတာ။ ကိုယ်ပိုင်ကားဘယ်ဝယ်စီးတော့မှာလဲ။ လိုင်းကားပဲစီးတော့မှာပေါ့။
လိုင်းကားစီးရတာ စိတ်လက်ပေါ့ပါးလို့ မြို့ပတ်ရထားကိုတောင် သတိမရတော့ဘူးလေ ။ မြို့ပတ်ဆိုလ်ို့ပြောရဦးမယ်။ ဟိုတုန်းကနဲ့ တစ်ခြားစီပဲ။ လူတောထဲမှာ ဆေးလိပ်သောက်တဲ့သူလည်း မရှိတော့ဘူး။ ဖုန်းအကျယ်ကြီးဖွင့်တဲ့သူလည်း မရှိတော့ဘူး။ ကိုယ်စီကိုယ်စီ ထိုင်ခုံတွေပေါ်မှာ စာဖတ်သူဖတ် မီးရထားလမ်းတစ်လျှောက် သာယာ လှပတဲ့ ပတ်ဝန်းကျင်ကိုငေးပြီး လိုက်လာရုံပဲ။ ထိုင်ခုံပေါ်မှာ ဈေးခြင်းတောင်းတွေ တင်တာလား အဲဒါတွေထားခဲ့တော့ အခုဆို ဘာဈေးခြင်းတောင်းမှ မတင်ရတော့ဘူး။ ခရီးသည်တွေကလည်း အရင်လို ထိုင်ခုံကို မောင်ပိုင်စီးပြီး မထိုင်ကြတော့ဘူး။ မျှထိုင်နေကြတယ်။လုံခြုံရေးဦးရဲ ကြီးတွေကလည်း တွဲတိုင်းမှာလိုက်ပြီး စောင့်ရှောက်နေကြတယ်။ ဘူတာတွေကလည်း သန့်ရှင်းပြီး ရထားလာရင် အဆင်သင့်တက်လိုက်ရုံပဲ။ ဟိုတုန်းကလို ရထားတွဲကမြင့် ပလပ်ဖောင်းကနိမ့် မမီမကန်း လှမ်းမတက်ရတော့ဘူး။ ရထားပေါ်မှာစုဖွဲ့ပြီး စကားအကျယ်ကြီးပြောတာ တွေလည်းမရှိတော့ဘူး။ ကောင်းလိုက်တဲ့ စည်းကမ်း၊ အဆင်ပြေလိုက်တာ ဆိုတာလည်း ဘယ်လ်ိုပြောရမှန်ကိုမသိတော့ပါဘူး။
လမ်းတိုင်းလမ်းတ်ိုင်းမှာ မီးတွေထိန်ထိန်လင်းနေတော့ နေ့နဲ့ည ခွဲခြားဖို့ တောင်ခတ်တယ်။ ရပ်ကွက်နေပြည်သူတွေကို ဦးရဲကြီးတွေကလည်းစောင့်ရှောက်ကြတယ်။ ပြဿနာတစ်ခုဖြစ်တာနဲ့ ဖုန်းဆက်လိုက်ရင် အရင်လို ဒီဇယ်အင်ဂျင်ကြီး နှိုးရသလို မဟုတ်တော့ဘူး။ စကားဆုံးတာနဲ့ ဦးရဲကြီးတွေ ကြည့်ရတာလည်း တောက်ပြောင်နေပြီး တာဝန်ထမ်းဆောင်ရတာ ပျော်နေပုံပဲ။ သူတို့ကို ဘာမှမလိုရအောင် ထောက်ပံ့ထားတာဆိုပဲ။ စားဝတ်နေရေး ၊ ကလေးပညာရေး၊ ကျန်းမာရေးတွေပါ တာဝန်ယူထားတဲ့အပြင် ပင်စင်ယူရင်နေဖို့ တိုက်ခန်းတစ်ခန်းပေးထားတယ်ဆိုလား။ လိုင်းခန်းတွေကလည်း ကောင်းလိုက်တာ။ ဒီလိုမှန်းသိရင် ရဲထဲကစောစောထွက်မလာပါဘူးလို့ ကိုယ်ကိုယ်ကိုအပြစ်တင်မိသေးတယ်။
ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်လည်း အရင်လိုမဟုတ်တော့ဘူး။ တစ်ခုခုဖြစ်တာနဲ့ ဖုန်းဆက်လိုက်၊ ကားအဆင်သင့်ရောက်လာပြီး ဆေးရုံ ဆေးခန်းကို လိုက်ပို့လိမ့်မယ်။ ဆေးဖိုးလား၊ ခင်ဗျားမှားသွားပြီ။ တစ်ကျပ်မှမပေးရပါဘူးဗျာ။ ကောင်းလိုက်တဲ့ ဝန်ဆောင်မှုတွေ၊ နေကောင်းသွားလို့ အိမ်ပြန်ရမှာတောင် စိုးရိမ်နေတယ်။ ထမင်းဟင်းကစ အိမ်ထက်တောင်ကောင်းနေသေးတယ်။ တကယ်ပါဗျာ။ ခင်ဗျားတစ်ခါလောက် ဆေးရုံတက်ကြည့်ပါ့လား။
ဌာနဆိုင်ရာတွေသွားရင်လည်း အရင်လိုမဟုတ်တော့ဘူး။ အားလုံးက ကိုယ့်ဦးလေး အဒေါ်လာသလို ပျူပျူ ငှာငှာနဲ့ ကြိုဆိုကြပါတယ်။ မင်္ဂလာဆောင် အလှူရောက်နေလားတောင် ထင်ရတယ်။ လက်ဖက်ရည်ဖိုးလား၊ ခင်ဗျား ဘာတွေလာပြောနေတာလဲ။ အဲဒီ အကျင့်တွေ အတိတ်မှာထားခဲ့တော့၊ အရင်နဲ့တစ်ခြားစီ ဖြစ်ကုန်ပြီ။မယုံရင်တစ်ခါလောက်အမှု ဖြစ်ကြည့်ပါလား။ ဆက်ဆံရေးကောင်း သလားမမေးနဲ့။ ကိုယ်က အမှုသည်ဆိုတာတောင်မေ့သွားမယ်။
ဘာပြောတယ်။ သားသမီးတွေက အားမကိုးရဘူးဟုတ်လား။ သူတို့အတောင်အလက်စုံနေပြီပဲ။ သူတို့မိသားစုအတွက်လုပ်ပါစေ၊ ခဗျားအတွက်ဘားမှမပူနဲ့ ။ အသက် ၆၅ နှစ်ပြည့်တာနဲ့ ခင်ဗျား ကို တစ်လစာ အလုံအလောက်ထောက်ပံ့ပေးမယ်။ နေစရာလည်းပေးမယ်။ ခင်ဗျားရဲ့သားသမီးတွေထက်တောင် အားကိုးရသေးတယ်။ အဲဒီလောက်လုပ်ပေးထားတာ ခင်ဗျားလည်း နည်းနည်းပါးပါးစုံစမ်းလေ့လာဦးမှပေါ့။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုတာရှိတယ်လေ။ ဖုန်းလေးသာဆက်လိုက်ပါဗျာ။ သူတို့လာခေါ်ပါလိမ့်မယ်။ ခင်ဗျားက မြေးတွေနဲ့ပဲ အချိန်ကုန်နေရသလား ။
နင်တို့မြို့မှာနေရတာ အဆင်ပြေလိုက်တာ၊ ဘာလိုချင်လိုချင် အဆင်ပြေတယ်။ လျှပ်စစ်မီးကလည်းကောင်းလိုက်တာ။ ငါတို့တောသာ ဒီကိုရွှေ့လာချင်တော့တယ်။ အမေရယ်အခုမကြာခင် တစ်နိုင်ငံလုံကို လျှပ်စစ်မီးတွေပေးတော့မှာ။ ဘာမှမပူနဲ့။ ရွာတိုင်းကိုမီးပေးမယ်။ ကျန်းမာရေးဆေးခန်းတွေဖွင့်ပေးမယ်။ လမ်းတွေခင်းပေးမယ်။ အရင်လိုတောနဲ့မြို့ဆိုပြီး ကွာခြားမနေတော့ဘူး။ အားလုံးကတစ်ပြေးညီ ဖြစ်ကုန်တော့မှာအမေရဲ့။
ရွာကကြီးတော်တို့လည်း ဘာမှ စိတ်အားမငယ်ပါနဲ့။ မကြာမီ အချိန်အတွင်းမှာ တိုးတက်တော့မှာပါ။ အခုတော့ အားလုံးကောင်းပါသည်ခင်ဗျာနဲ့ အမောဖြေလိုက်ပါအုံးနော်။
ကိုရဲ့(ရွှေတြိဂံ)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်