"ဝ" ဒေသနှင့် ရှမ်းပြည်နယ်နေရာအချို့အားသွားလာခွင့် ခေတ္တပိတ်ပင်ပြီး ရှောင်တခင် စစ်ဆေးနေ

“ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိမြို့နယ်များသို့ “ ဝ” တိုင်းရင်းသားများ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားခြင်းများ ဖြစ်ပေါ်နေကြောင်း ရှမ်းပြည်အရေး ဆောက်ရွက်နေသော အဖွဲ့အစည်းများထံမှ ဖေဖော်ဝါရီ ၂၀ ရက်က သိရသည်။
“ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မိုင်းခတ်၊ မိုင်းယန်း၊ တာချီလိတ်မြို့များသို့ သွားလာခွင့်အား ယခုလဆန်းမှစ၍ တားမြစ်ထားသဖြင့် ဒေသခံများမှာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း မြန်မာလူထုမဟာမိတ်(ရှမ်းပြည်)မှ ဒေါ်မီမီသိန်းက ပြောသည်။
“ သွားလာခွင့် ခဏပိတ်ထားတယ်လို့ သိရတယ်။ တရုတ်တစ်ယောက်မိထားတဲ့ ကိစ္စကနေစတာလို့ ကြားတယ်။ ‘ဝ’ တွေအနေနဲ့တော့ ဖြတ်သန်းသွားလာခွင့် အခက်အခဲတွေတော့ရှိနေတယ်။ တခြားတိုင်းရင်းသားတွေကတော့ အဲဒီလောက်မဖြစ်ဘူး” ဟု ဒေါ်မီမီသိန်းက ပြောသည်။
မိုင်းလားဘက်မှ ကျိုင်းတုံ၊ ကျိုင်းတုံဘက်မှ မိုင်းလား စသည့်ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း ပြုလုပ်နေခြင်းမှာ တစ်လနီးပါးရှိပြီဖြစ်ပြီး ‘ဝ’ လူမျိုးအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း ‘ဝ’ အမျိုးသားလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးကြာစိမ်းက ပြောသည်။
“ အဲဒီလိုပိတ်ပင်ခံရတာ ကျွန်တော်တို့ ‘ဝ’ လူမျိုးအတွက် အရမ်းနစ်နာတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တရားဝင်ခွင့်ပြုထားတဲ့ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတစ်ယောက်ပါ။ ဒါမျိုးမဖြစ်သင့်ဘူးလို့ ခံယူတယ်” ဟုပြောသည်။
သွားလာရေးအနေဖြင့် အလွန်ခက်ခဲမှုရှိနေပြီး မိမိနိုင်ငံတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ရမည့်အစား ယခုကဲ့သို့ ပိတ်ပင်တားဆီးခြင်းကြောင့် နောင်တွင် မိမိလူမျိုးများ၏ စိတ်ကသိကအောက်ဖြစ်စရာတွေ ဖြစ်လာနိုင်ကြောင်း မည်သည့်ကိစ္စကြောင့် ပိတ်ပင်ထားသည်ကို မသိရဘဲ စုံစမ်းနေဆဲပဲဖြစ်ကြောင့် ၎င်းကပြောသည်။
“ တကယ့်အရေးကြီးတဲ့ ကိစ္စတို့ သာရေး၊ နာရေးကိစ္စတို့ ဆေးကုသဖို့ သွားလာရေးမှာ တကယ်အခက်ကြုံတာပဲ၊ တာဝန်ရှိသူတွေကို ဒါမလုပ်သင့်တဲ့အရာလို့ပဲပြောချင်တယ်” ဟုလည်း ဦးကြာစိမ်းက ဆိုသည်။
အဆိုပါ ဖြတ်သန်းသွားလာမှုနေရာများတွင် စစ်ဆေးခြင်းများကို စစ်တပ်ကပါစစ်ဆေးခြင်းများရှိကြောင်း၊ တိုင်းရင်းသားအချို့ သွားလာခွင့် တားမြစ်ခြင်းများရှိကြောင်း၊ ရွှေတြိဂံဒေသဖြစ်သည့်အတွက် နိုင်ငံခြားသားလူမျိုးစုံရှိသည့်အတွက် အကြာခဏနိုင်ငံခြားသားပြဿနာများ ပေါ်ပေါက်သော်လည်း နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ ပြုမူခံရခြင်းမှာ မလုပ်သင့်ကြောင်း SNLD မှ လူငယ်တာဝန်ခံ ဦးစိုင်းအောင်မြင့်ဦးက ပြောသည်။
“ ကိုယ့်နိုင်ငံသားကို အဲဒီလိုလုပ်တာတော့ မကောင်းဘူး။ မှတ်ပုံတင်လည်းရှိတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်သွားပိုင်ခွင့်ရှိရမယ်။ ကန့်သတ်ထားတယ်ဆိုတာလည်း ဘယ်လိုမျိုးကန့်သတ်သလဲပေါ့။ အဲဒီကိစ္စကြောင့် စိတ်ဝမ်းကွဲတာတွေနဲ့ ငြိမ်းချမ်းရေးကို မထိခိုက်စေချင်ဘူး။ တိုင်းရင်းသားတွေကိုရော မှတ်ပုံတင်ပေးရဲ့လားဆိုတာလည်း မေးစရာရှိတာပေါ့။ အဲဒီမှာ တော်တော်များများကတော့ မှတ်ပုံတင်မရှိကြဘူး” ဟု ဦးစိုင်းအောင်မြင့်ဦးက ဆိုသည်။
အထက်ပါကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးခွန်ရဲထွေးကို အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

ပိုင်သက်

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်