ကြံ့ခိုင်ရေးပါတီ၏ စွပ်စွဲချက်နှင့် ဆူပူမှုကိစ္စ တံတားဦးမြို့နယ်တွင် သတင်းစာရှင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် လက်ဆောင်ယူကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေးရွာနှင့် ဥယျာဉ်ကျေးရွာတို့တွင် ရွာလုံးကျွတ်ကြံ့ခိုင်ရေးပါတီသို့ ဝင်ရောက်ခဲ့ကြကြောင်း ကြံ့ခိုင်ရေးပါတီမှ သတင်းထုတ်ပြန်ခဲ့သည့်အပေါ် ကျေနပ်မှုမရှိသည့် ယင်းကျေးရွာဒေသခံများက ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၁ နာရီက ရပ်ကျေး NLD ရုံးစိုက်ရာ လက်ဆောင်ယူကျေးရွာ ဦးမြဆွေနေအိမ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဒီလက်ဆောင်ယူကျေးရွာအုပ်စု လက်ဆောင်ယူကျေးရွာနဲ့ ဥယျာဉ်ကျေးရွာနှစ်ရွာမှာ ရှိတဲ့ ရွာသူရွာသားတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီကနေ သူတို့ပါတီကို ရွာလုံးကျွတ်ပါဝင်ကြတယ်ဆိုပြီး ရွာလမ်းမတွေပေါ်မှာ ကားတွေနဲ့လှည့် အသံချဲ့စက်ကြီးတွေဆူညံအောင်ဖွင့်ပြီး ရွာထဲလှည့် ရွာသူရွာသားတွေနဲ့ ကျောင်းသားလေးတွေကို သူတို့ပါတီတံဆိပ်တွေတပ်ပေးနဲ့ လုပ်နေကြတာ အဲဒီအချိန်က ကျောင်းစစ်ကျောင်းသားလေးတွေ စာမေးပွဲဖြေနေကြတဲ့အချိန် ဒီလိုဆူညံမှုတွေလုပ်နေတာတောင် တားမြစ်ပေးမဲ့သူမရှိဘူး။ ကျွန်တော်တို့ပါတီကသာ ဒီလိုမျိုးလုပ်ခဲ့ရင် ၁၅ ရက်တောင်နေမှာ မဟုတ်ဘူး။ အရေးယူကြမှာ။ ကျွန်တော်တို့မေးချင်တာက ရွေးကောက်ပွဲစည်းရုံးရေးကာလမဟုတ်ဘဲ သူတို့ပါတီကဒီလို လှည့်လည်စည်းရုံးလှုပ်ရှားခွင့် ရလားဆိုတာပဲ မေးချင်ပါတယ်” ဟု လက်ဆောင်ယူကျေးရွာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးမြဆွေက ပြောသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖေဖော်ဝါရီ ၁၄ ရက်က ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာအုပ်စု လက်ဆောင်ယူကျေးရွာနှင့် ဥယျာဉ်ကျေးရွာသို့ရောက်ရှိလာ၍ ကြံ့ခိုင်ရေးပါတီဝင် ကတ်ပြားများထုတ်ပေးခဲ့ပြီး ယင်းသို့ထုတ်ပေးခြင်းသည် ရွာလုံးကျွတ်ပါတီဝင်ခဲ့ကြသဖြင့် ထုတ်ပေးခြင်းဖြစ်ကြောင်း လူအင်အားအချို့နှင့် အသံချဲ့စက်များဖွင့်လျက် ရွာလမ်းမကြီးများပေါ်တွင် အောင်ပွဲခံခဲ့ကြကြောင်း ဒေသခံရွာသူရွာသားများက ပြောဆိုခဲ့ကြသည်။
“ ဒီကိစ္စနှင့် ပတ်သက်ပြီး ခရိုင် NLD ပါတီအလုပ်အမှုဆောင်ဆီကိုတော့ စာတင်ထားပြီးပါပြီ။ ကော်မရှင်အဆင့်ဆင့်ကို တင်ပြပေးသွားမယ်လို့တော့ ပြောပါတယ်” ဟု တံတာဦးမြို့နယ် NLD ဒုတိယ ဥက္ကဋ္ဌဦးသန်းဆွေက ပြောသည်။

ကေဝိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်