လူကောင်းတွေနဲ့ ဆုံပါစေ (အယ်ဒီတာ့ အာဘော်)

လောကလူသားတို့၏ ဘဝခရီး ဖြောင့်ဖြူးသာယာရေးတွင် တစ်ဦးတစ်ယောက်တည်း၏ ရပ်တည်ရုန်းကန် ကြိုးစားမှုဖြင့်မရနိုင်ပေ။ ပတ်ဝန်းကျင် လူသားရင်းမြစ်၏ ဖေးမမှု၊ ပေါင်းစပ်မှု တို့ များစွာပါဝင်နေမည်ဖြစ်သည်။ မိမိ၏ တစ်နိုင်တစ်ပိုင်လုပ်ငန်းပင်ဖြစ်စေ၊ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု၌ ပင်ဖြစ်စေ တခြားသော လူသားတို့နှင့် ဆက်ဆံထိတွေ့မှသာ မိမိလုပ်ငန်းကို လည်ပတ်မောင်းနှင်နိုင်မည်ဖြစ်သည်။ ဤအခြေအနေကို ငြင်းပယ်ချင်၍ မရ။ ဆိုလိုသည့် သဘောမှာ လူတစ်ဦးတိုင်းစီတွင် အခြားလူများဖြင့် ထိတွေ့ဆက်ဆံပတ်သက်မှုမရှိဘဲ ရပ်တည်ရှင်သန်၍ မဖြစ်နိုင်။
မည်သည့်လုပ်ငန်းမျှ မထူထောင်နိုင်သော လူများသည်လည်း မိ်မိတို့ဘဝ ရပ်တည်းနေနိုင်ရေးအတွက် တစ်ခြားသော သူတစ်ဦးဦး၏ လုပ်ငန်းခွင်ထဲတွင်ဖြစ်စေ၊ အစိုးရရုံးဌာနများတွင်ဖြစ်စေ၊ ကြုံလာမည့် သူများနှင့် ပေါင်းသင်းဆက်ဆံကာ လုပ်ငန်းခွင် ဝင်ကြရမည်ဖြစ်သည်။
လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ပတ်သက်ဆက်နွယ်နေကြသဖြင့် တစ်နေရာရာတွင်တော့ ဆုံကြရမည်ဖြစ်သည်။ ခရီးသွားစဉ်ဖြစ်စေ၊ အလုပ်လုပ်နေစဉ်ဖြစ်စေ လူသားတို့တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနေကြရမည်ဖြစ်သည်။ သို့သော် ရေရှည်တွေ့ဆုံနေကြရသည်ဖြစ်စေ၊ ခေတ္တခဏ ခရီးသွားရင်း တွေ့ဆုံကြသည်ဖြစ်စေ တစ်ဦးအပေါ်တစ်ဦးလို တန်ဖိုးထားတတ်သော စိတ်များထားရှိ မွေးမြူရမည်ဖြစ်သည်။ လူသားတို့ ကျင်လည်ရာ လုပ်ငန်းအသီးသီးတွင် ထိုသို့သော စိတ်ကောင်းရှိသူများဖြင့် ဖွဲ့စည်းမိရန် အရေးကြီးပေသည်။
စိတ်ဓာတ်ညံ့ဖျင်းသူများ ရောနှောနေသော အသင်းအဖွဲ့များ ၊ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံရေးပါတီများသည် မည်သည့်အခါမျှ ညီညွှတ်နိုင်မည်မဟုတ်သကဲ့သို့ အောင်မြင်မှု လမ်းကြောင်းနှင့်လည်း နေ့စဉ်ဝေးကွာနေမည်ဖြစ်သည်။ ဤသည်ကား ခန့်မှန်းတွက်ဆချက် မဟုတ်။ လက်တွေ့လေ့လာနိုင်သောဖြစ်ရပ်များဟု ဆိုချင်သည်။
လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင်လည်း မိမိ၏ ဆန္ဒကိုသာ ရှေ့တန်းမတင်မိစေရန် အရေးကြီး သည်။ မိမိဆန္ဒသာ အကောင်အထည်ဖော်ချင်၍ တစ်ဖက်သား လူ၏ သဘောထားအပေါ် မျက်ကွယ်ပြုလျှင်သော်လည်းကောင်း၊ ပြတ်ရယ်ပြုလျှင်သော်လည်ကောင်း ၊ ဝေဖန်ထိုးနှက်ချင်စိတ်ဖြင့် အပြစ်မြင်နေလျှင်သော်လည်ကောင်း လူသားဆိုင်ရာ သင့်မြတ်မှု အခွင့်အလမ်း ကုန်ဆုံးနေမည်ဖြစ်ပြီး မငြိမ်မသက်မှုနှင့် ဒေါသသိုလှောင်မှုများ ဖြစ်ပေါ်နေကြမည်ဖြစ်သည်။
လူသားပေါင်း မြောက်မြားစွာရှိနေသော ကမ္ဘာကြီးအား စုံစမ်းကြည့်ပါက လူ့အခွင့်အရေး တန်းတူရရှိသော တိုင်းပြည်များ၌ နိုင်ငံသားများ၏ ဘဝသည် ဖြောင့်ဖြူးသာယာ ကောင်းမွန်စွာ နေထိုင်ကြရသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပြီး လူ့အခွင့်အရေးမညီမျှသော တိုင်းပြည်မျိုး၌ အရာရှိ အသိုင်းအဝိုင်းနှင့် ဆွေတော်မျိုးတော်များ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းရှင် ခရိုနီကြီးများသာ ကြွယ်ဝချမ်းသားနေမည်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၏ လူသားအရင်းအမြစ်တန်ဖိုးကောင်းမွန်ရန် ထိုတိုင်းပြည်၏ လုပ်ငန်းအသီးသီးနှင့် ဌာနဆိုင်ရာများတွင် လူကောင်းများ အရေအတွက် များပြာစွာ ပေါက်ရောက်နေရမည်ဖြစ်သည်။
ငြိမ်းချမ်းအေးမြသော နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာစေရန် ထိုနိုင်ငံ၏ အစိုးရအဖွဲ့အစည်းတွင် လူကောင်းများကိုသာ ရွေးချယ်ခန့်အပ်ထားရမည်။ အပုပ်နံ့ကင်းသော ဝန်ထမ်းလောကကြီးနှင့် ရိုးသားကြိုးစားသော ကျွမ်းကျင်သောလုပ်သားများ လုံလောက်နေရမည်ဖြစ်သည်။ လူသားတစ်ယောက်ချင်းစီသည်သာမန်ခရီးစဉ်တွင် ဖြစ်စေ၊ လုပ်ငန်းခွင်များတွင်ဖြစ်စေ၊ မိမိနှင့်မသိကျွမ်းဖူးသောတခြားလူသားများနှင့် ဆက်ဆံကြရမည်ဖြစ်သည်။ ထိုအခါတွင် မိမိနှင့် ဆက်ဆံမည့်သူများ အားလုံး လူကောင်းများ ဖြစ်သင့်သကဲ့သို့ မိမိ်သည်လည်း လူကောင်းစာရင်းဝင်နိုင်အောင် အမှန်တရားတန်ဖိုးကို ပုံဖော်ရန်ဖြစ်ပါကြောင်းယူနတီမှ သုံးသပ်လိုက်ရပေသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်