နံပြားဖုတ်တာ လွယ်ပါတယ်

၂၀၁၇ ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၆)
“ မျောက်နှစ်ကောင်နော် အသေအခြာ မှာပါရဲ့ ငါတို့ပြန်လာရင် အိမ်ကိုအတည့်အတိုင်းပဲ မြင်ပါရစေ”
အမေသည် ပြောပြောဆိုဆို ပိုက်ဆံအိပ်ကိုဖွင့်နေပါ၏။ မနက်စောစောမို့ ကျွန်တော်နှင့်ညီမလေး မှာ အိပ်ရာထဲကွေးနေလျက် အမေထားခဲ့ မည့် နံနက်စာမုန့်ဖိုးကို ကြည့်နေကြပါသည်။
“ အမေကလည်း မီးမီးတို့က ဒီလောက်တော့ အားမရှိသေးပါဘူး” ညီမလေး ချေပချက်ကို အမေဂရုမထားပါ။
“ ရော့ လက်ဖက်ရည်နဲ့ နံပြားဝယ်စားကြ ” ဆိုကာ ပိုက်ဆံထုတ်ပေးသည်။ အစ်မနှစ်ယောက် ကျောင်းသွားကြပြီ။ အဖေနှင့်အမေမှာ ကျွန်တောတ်ို့အဖိုးနေမကောင်း၍ သွားကြည့်ကြမည်မို့ အိမ်တစ်လုံးထဲ ကျွန်တော်တို့နှစ်ယောက်တည်းထားခဲ့ရမှာ ကို မျောက်လက်ထဲ ငှပျောခိုင် အပ်ထားရမှာလို အသည်းယားနေကြခြင်းဖြစ်သည်။
စက်ချုပ်သမကြီးများရှိသောလည်း ကျွန်တော်တို့ နှစ်ယောက်ကို ဂရုစိုက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ညီမလေးက ကျွန်တော်နားကပ်၍ “ ကြောင်အိမ်ထဲမှာ ပုဇွန်ခြောက်ပုံးရှိတယ်။ အပေါ်ဆုံအဆင့်မှာ ကိုကိုကုန်းပိုးပေးရင် မီးမီးလှန်ဆွဲလို့ရတယ်” ဟု သူခိုးအဖော်စညှိပါ၏။
ကျွန်တော်ကားအဝတ်လှဲနေသော အမေ့ကို လှမ်းကြည့် ပြီးမှာ “ ဟာ လျော့သွားရင်သိသွားမှာပေါ့ ” ဟု ကန့်ကွက်ရာ ညီမလေးက “ ပုံးကိုလှုပ်ပြီး ပြန်ဖွင့်လိုက်ရင်ရတယ်” ဟု ရှင်းပြနေပါ၏။
ဒါတွေက ကျွန်တော်လုပ်ခဲ့ ပြီး ရိုးနေပြီး ဖြစ်၍ “ နင်ကငါသင်ပေးထားလို့ တတ်တဲ့ ပညာနဲ့ ငါ့ကိုဆရာလုပ်ချင်သေးတယ်” ဟု နှိမ်လိုက်ပါသည်။ ညီမလေးမှာ ဆရာလုပ်ချင်သူပီပီ ဒေါပွသွားပြီး “ ဒါဆို ဇောင်းလျားသီးကြော်စားကြမယ်။ မီးမီးကြော်တတ်တယ်” ဟု နော်ကတစ်မျိုးဆွယ်ပြန်ပါ၏။
ဇောင်လျားသီးကြော်တဲ့ ကြံကြံဖန်ဖန် ဒီတစ်ခါတော့ သူ့ကို ဆရာတင်မှရတော့မည်။
ဇောင်းလျားသီးမှာလည်း ခေါင်းရင်းခြံထဲ့က ဘွားဘွားတို့အလစ် ဝါးလုံးဖြင့်ထိုးချရမှာမို့ နည်းနည်းတော့ ပျော်စရာကောင်းမည်ထင်သည်။ သို့သော် ကျွန်တော်လူကြီးတွေလစ်တုန်း တစ်ခုခု တီတွင်ကြည့်လိုသူပီပီ “ ထားပါဦး ငါနင့်ဂါဝန်မှာ ကာတွန်းရုပ်ဆွဲပေးမယ်” ဟု စည်းရုံးလိုက်ပါ၏။
အဖေ့ပန်ချီဆေးများယူ၍ လက်တည့်စမ်းတော့မှာ သိနေတဲ့ ညီမလေးက တွန့်သွားသည်။
“ အား မလုပ်ပါနဲ့ မီးမီးပါ ကျောကော့နေပါဦးမယ်”
“ နင်မသိလိုက်ဘူးလို့ ပြောပေါ့။ နင်ပဲ ဘိုခွေးရုပ်လေးနဲ့ဂါဝန်ကြိုက်တယ်ဆို”
ညီမလေးမှာတွေဝေသွားပါ၏။ ထိုအခါ ကျွန်တော်က “ ငါ့လက်ရာလည်းနင်သိသားပဲ။ ကြိုက်မှ အော်ဒါအပ်” ဟုပြောလိုက်ရသည်။ ညီမလေးက ကြည့်မယ်လေးဟု ဖြေပါ၏။
အမေက မသင်္ကာ သလို လှန့်ကြည့်ပြီး “ မျောက်တွေနော် ငါကြိမ်လုံမကိုင်ချင်ဘူး” ဟု ကြိုဟန့်နေသည်။ ညီမလေးက အမေပေးသော ပိုက်ဆံကိုကြည့်၍ “ ဟင် ခွေးမ အတွက်ရော” ဟုဆိုကာထပ်တောင်းသည်။ အမေက နင်တို့ထဲကဖဲ့ပေးလိုက်ပေါ့ဟု ပြောကာ ထွက်မည်အပြု ညီမလေး က စောင်ကြီးခွာချကာ ထပြေးလိုက်ရင်း “ ခွေးမအတွက်လည်းပါရမှာပေါ့ ။ သူလည်းမိသားစုဝင်ပဲ” ဟု တစာစာ တောင်းဆိုမှ အမေက နားမျက်စိ ပူဒဏ်မခံနိုင်ဘဲ ထပ်ပေးခဲ့ပါ၏။
တစ်အိ်မ်လုံး ကျွန်တော်တို့ လက်ထဲရောက်သွားပြီးဆိုမှ ကဲဟုဆိုကာ ကျွန်တော်နှင့် ညီမလေးတို့အပြေးအလွှား မျက်နှာသစ်ပြီး “ အရင်ဆုံး ဗိုက်ဖြည့်ရမယ်” ဟုကြွေးကြော်လိုက်ကြပါသည်။
လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကဒီလောက်မကြာ။ နံပြားကအတော်နှင့်မရနိုင်။ နံပြားဖိုးဘေး ဝယ်သူတွေတန်းစီနေရသည်။ ကောင်တာမှာ လူကြီးထံ ညီမလေးကပိုက်ဆံပေးရင်း “ လက်ဖက်ရည်သုံးခွက် နံပြားသုံးချပ် ” ဟု အော်လိုက်ပါ၏။ ဆိုင်ရှင်က ဆိုင်ထဲအထိလိုက်ဝင်လာသော ခွေးမကို မရှုဆိမ့်သလို ကြည့် ပြီး “ နင်တို့ခွေးကလည်း ဆိုင်ခုံပေါ်တက်ထိုင်မဲ့ ပုံ ဘာလို့ခေါ်လာတာလဲ” အို သူလည်း မိသားစုဝင်ပဲ” ဟု ညီမလေးကနှုတ်ခမ်းထော်ထော်လေးနှင့် ချေပပါသည်။ ဆိုင်ရှင်က သဘောပေါက်ဟန်မတူပါ။ မှန်ပုံးထဲမှာ မုန့်မျိုးစုံ ကို နှုတ်သီး နှင့် အတင့်ရဲစွာ လှမ်းထိုးနေသည့် ခွေးမအား “ ဟဲခွေး ငါ့မှန်ကွဲတော့မှာ ပဲ ” ဟုလှမ်းငေါက်နေပါ၏။
ညီမလေးလည်းဒေါကန်ပြီး “ ဟဲခွေးမ အဲဒီမုန့်တွေ ဘာလုပ်မှာလဲ။ အိမ်မှာ ကိတ်မုန့်ဒီလောက် စားနေရတာ” ဟု ခပ်ကျယ်ကျယ်လေး တုံ့ပြန်လိုက်ရာ ဆိုင်ရှင်မှအပ ဆိုင်ထဲကလူတွေ ဝိုင်းရယ်ကြပါ၏။
ကောင်တာမှ ပေးလိုက်သော တိုကင်သုံးချပ်ကို ညီမလေးက ကိုင်ဆုပ်လျက် နံပြားဖိုနံဘေး တန်းစီသူများကို ကျော်ဖြတ်ကာ “ နံပြားသုံးချပ် “ ဟု အော်၍ နံပြားဖုတ်သမားရှေ့ ချပေးလိုက်သည်။
တစ်ယောက်တည်းလက်မလည်နိုင်သော နံပြားဆရာက “ ဟဲ တန်းစီလေ” ဟုငေါက်ပါသည်။
ညီမလေးက မကျေမလည် ကျွန်တော့် ကို တိုင်ပင်သလို လှည့်ကြည့် ၏။
“ ဟုတ်တယ်။ နင်ဝင်လိုက် ခွေးမသူ့နောက်လိုက်သွား”
ကျွန်တော် အကြံပေးချက်အတိုင်း ညီမလေးက ခွေးမကို နောက်ဆုံးမှာ ရောက်နေသည့် မိန်းမဝဝကြီး နောက် ကပ်ခိုင်းသည်။ ထိုအဒေါ်ကြီးမှာ တွန့်သွားပြီး “ ဟဲ” ဟုအော် ဘုကြည့် ကြည့်နေပါ၏။
“ ရပါတယ်။ ကြီးကြီး ရဲ့ သူကလူလိုသိပါတယ်” ဟု ညီမလေးက ရှင်းပြရာ “ တောက်တီးတောက်တဲ့တော် သူ့ရှေ့ငါမနေရဲ့ပါဘူး ” ဆိုကာ ထိုအဒေါ်ကြီးက ခွေးမနောက် ဝင်ရပ်လိုက်ရပါ၏။ ထိုအခါခွေးမရှေ့ရောက်နေသူကောင်လေးက “ အစ်မရေ ကြောက်တယ်” ဟု အော်ပြန်ပါသည်။ ညီမလေးက မနေသာပြန် “ ခွေးမရှိခိုးပြလိုက် နင့်အကြောင်းသိသွားအောင် ” ခွေးမသည် မဆိုင်းမတွပင် ကျွန်တော်တို့ သင်ထားသည့် အတိုင်းပင် တွေ့ကရာလူလှည့်၍ ရှိခိုးလ်ိုက်ပါသည်။ ထိုအခါမှ လူတွေပြုံးစိစိဖြစ် ကုန်ပြီး ထိုကိစ္စပြဿနာ မရှိတော့ပါ။
ပြဿနာက နံပြားသာ ဖြစ်ပါသည်။ နံပြားက တစ်ဖိုတည်း ဝယ်သူတွေက တအုံကြီး ။
နံပြားဆရာမှာ ခင်းထားသော ဂျုံလုံးလေးများကို ဆွဲယူနှဲလိုက် ၊ လက်ဝါးနှစ်ဖက် ဖြန့်လျက် ဘယ်ညာရိုက်ရင်းဂျုံပြာဖြစ်၊ ထိုဂျုံပြားကို အဝတ်ကျပ်ပေါ် ဖြန့်ချ၊ အနားဆွဲချ၊ဖိုထဲ ဗြုန်းခနဲ ပစ်ကပ် အထဲက ကျပ်နေသည့် နံပြားကို သံချိတ်ဖြင့် ဆွဲကော်၊ ဗန်းပေါ်ချ။ ကပြနေသည်နှင့်တူသေးသည်။
ဝယ်သူအားလုံးက သူလုပ်သမျှငေးနေရသည်။ သူကလည်းအိုင်တင်ခပ်များများ။ သူ့အလုပ်ကိုများ အတော် ပညာပါသည့် အလုပ်လိုလို။
ညီမလေးက ဗိုက်ကဂွီခနဲမြည်လာပြီး စိတ်မရှည်သလို ပြောပါတော့၏။
“ ဗိုက်ကလည်း ဆာလိုက်တာ နံပြားကလည်း ဘော်လီအင်္ကျ ီချုပ်တာထက်ကြာဦးမယ်” နံပြာဆရာက မျက်မှောက်ကြီးကျုံ့ကာ “ ဘာဆိုင်လဲ ကလေးမ ” ဟုမကျေမနပ်သလိုပြန်မေးပါ၏။
“ ဟုတ်တယ်လေ။ မီးမီးတို့ အိမ်မှာ အစ်မကြီးတွေ ဘော်လီတစ်ထည်ချုပ်တာကမှ ဦးလေးနံပြား တစ်ချပ် ကျက်တာထက် မြန်ဦးမယ်”
ညီမလေးစကားကြောင့် နံပြားဆရာက “ ဒါတော့မသိဘူး ။ အခုခေတ်အပျိုမတွေဆိုတော့ ဘရာစီယာဆိုတာပဲ ဝတ်ကြတော့တယ်” ဟု ပြုံးစိစိ ပြောပါ၏။
ကျွန်တော်လည်းဗိုက်ဆာလှသည်ဖြစ်၍” နံပြားဖုတ်တာများ ခက်လွန်းလို့ ကိုယ့်ဟာကိုဖုတ်လည်းရတာပဲ ” ဟု ဝေဖန်လိုက်ရာ ညီမလေးက” အေလေ ကြီးကျယ်လို့ ” ဟု ထောက်ခံပါသည်။
“ ဒါတော့ မင်းတို့ အိမ်မှာ နံပြားဖို ရှိရင်ဖုတ်ကြပေါ့ ” ဟု နံပြားဆရာက စိန်ခေါ်သည်။
ညီမလေးသည် သူဒေါပွတိုင်း စူတက်လာသည့် နှုတ်ခမ်းထော်လေး တလှုပ်လှုပ်ဖြစ်လာပြီး “ ရတာပေါ့ ဒါလေများကိုကိုရေ အိမ်မှာကိုယ့်ဟာ ကိုယ် ဖုတ်မယ်” ပြောပြောဆိုဆို တိုကင်သုံးချပ်ကို ဂျုံဗန်းပေါ်ချ၊ နယ်ထားသည့် ဂျုံလုံးသုံးလုံးကို ဆွဲယူ၊ ကျွန်တော်လည်းအေ ယူခဲ့လိုက်ဟု ပြောကာ ခွေးမကိုပြန်ခေါ်လိုက်ပါသည်။
ဆိုင်ထဲရှိလူမျာမှာ ညီမလေးဂါဝန်လေး ဗိုက်မှာတင်းနေပြီး ဝကစ်ကစ် ကိုယ်လုံးလေး ကော့ကော့နှင့် ဂျုံလုံးသုံးလုံးကိုင်ဆုပ်ကာ စိန်ခေါ်ထွက်သွားပုံကိုကြည့်၍ တသောသောရယ်ကြ၏။
ကျွန်တော်လည်း လက်ဖက်ရည်ချိုင့်ဆွဲ၍ ခပ်သုပ်သုပ်လိုက်ရသည်။
ခွေးမမှာတော့ ညီးမလေးရှေ့ကပင် ကြိုပြေးနေပြီ။
“ တွေ့ကြပြီပေါ့။ နံပြားဖုတ်တာများခတ်လွန်းလို့ ”
ကျွန်တော်က သောက်ရေအိုးကိုသွန်ပြီး မီးသွေးခဲအကြေတွေထည့် သည်။ ညီမလေးက အဝတ်စုတ်တွေစုပြီး နံပြားကျပ်ထုပ်လုတ်သည်။ ခွေးမက ဂျုံလုံးအစိမ်းတိုင်းပင် စားတော့ မလိုပြင်နေ၍ ညီမလေးက “ ငါပိတ်ရိုက်လိုက်မယ်” ဟု ငေါက်လိုက်ရပါ၏။
“ ပြီးပြီ ဒီမှာကြည့်”
“ ဟာ နင့်ခေါင်းကြီးထက်တောင်ကြီးနေသေးတယ်။ ရေအိုးထဲ ဘယ်လိုဝင်မလဲ”
ညီမလေးခေါင်းကုပ်သွားသည်။ကျပ်ထုပ်ကြီးကိုပြန်ဖြည်၊ ခပ်သေးသေးပြန်လုပ်ရင်းကျွန်တော့်အား မီးမွှေးထားလိုက်ဟု အမိန့်ပေးနေပါ၏။ ကျွန်တော်လည်း ရေအိုးထဲက မီးသွေးအကြေများပေါ် ရေနံဆီရွှဲရွှဲ ဖျန်းပြီး ဂျုံတစ်လုံးကို ဆွဲယူကာ နံပြားဆရာလုပ်သည့် အတိုင်း လက်ဝါးထဲလုပ်ကြည့်နေပါ၏။
ညီမလေးက ကျပ်ထုပ်အသေးပြင်ပြီးသော ကျွန်တော်ကိုကြည့်၍ ဒေါကန်သွားသည်။
“ ဟာ ရေနံဆီနံ့ နံကုန်မှာပေါ့။ ကိုကိုလုပ်ရင်နမော်နမဲ့ချည်းပဲ” ကျွန်တော်နမ်းကြည့်ပြီး အနံ့ နည်းနည်းရပါတယ် ဟုချော့ရသည်။ သူသည် ဂါဝန်ဖြင့် လက်သုပ်လိုက်ပြီးနံပြားဆရာမ အိုင်တင်ဖြင့် တဗျင်းဗျင်းရိုက်သည်။ ပြီးတော့ ကျွန်တော်ကိုပေးထားသည့် ကျပ်ထုတ်ပေါ်ဖိကပ် ဆွဲချလိုက်သည်။ ကျပ်ထုပ်ကသေး၍ နံပြားကထူနေပါပြီ။ “ နင့်ဟာက ပလာတာလို ထူနေပြီး ဘယ်ကျက်တော့မလဲ ”
“ ရပါတယ် မီးအားကောင်းကောင်းမွှေးလိုက်ပေါ့ ”
ကျွန်တော်လည်းဗိုက်ဆာလာပြီးဖြစ်၍ အိုးထဲမီးသွေးများပေါ် ရေနံဆီ ထပ်ဖျန်းပြီးမီးခြစ်ခြစ်ကာ “ ခွေးမ ဖယ်စမ်း” ဟု မောင်းထုပ်ပြီး မီးခြစ်ဆံကို အိုးထဲပစ်ထည့်လိုက်ပါသည်။
ညီမလေး ကျပ်ထုတ်ကိုင်၍ ဟန်ပြင်ထားတာတောင် လက်စွမ်းပြခွင့် မရလိုက်ပါ။ဖုန်းခနဲမြည်သံနှင့်အတူ ရေအိုးကြီးကွဲထွက်သွားပြီး မီးသွေးမှုန်များဖြင့် ကျွန်တော်တို့ နှစ်ယောက် မည်းတူးကာ ဖင်ထိုင်လျက်ပြုတ်ကြကုန်ပါတော့သည်။
အိုးလန့်ကွဲသံ၊ စီခနဲ လန့်အော်သံများကြောင့် စက်ချုပ်သမများ ပြေးလာကြတော့သည်။
လူကြီးတွေ ပြန်လာလျှင် ရေအိုးလိုပင် သူ့ခေါင်းကြီးလည်း ကွဲတော့မှာပူ၍ ညီမလေးက ဗြဲကနဲအော်ငိုနေပါပြီ။ ကျွန်တော်လည်း ရောယောင်အော်နေရပါသည်။
ခွေးမကတော့ ဖိတ်ကျသွားသောလက်ဖက်ရည်များကို အားရပါးရလျှာဖြင့်လျှက်လျက် ကျေနပ်နေပါသည် ခင်ဗျာ။ နံပြားဖုတ်ရတာ လွယ်ပါသည်။
မင်းကိုနိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်