၂ဝ၁၇ ခုနှစ် H1N1 ရာသီ တုပ်ကွေးရောဂါ အတွေ့အကြုံ များကိုအခြေခံ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ဖို့လိုကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဆေးသုတေသနဌာန၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ၂ဝ၁၈ ခုနှစ်အတွက် ရာသီတုပ်ကွေးရောဂါ ကာကွယ်တုံ့ပြန်ရေးညှိနှိုင်းအစည်းအဝေးပွဲတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၂ဝ၁၇ ခုနှစ် H1N1 ထိန်းချုပ်မှုဖြစ်စဉ်နှင့် သုံးသပ်တွေ့ရှိချက် အစီရင်ခံစာသည် ပြည့်စုံကောင်းမွန်သဖြင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တွင် လေ့လာသင်ကြားပေးသင့်ကြောင်းနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အပတ်စဉ်ထုတ်ဝေသော Weekly Epidemiological Record နှင့် အမေရိကန်နိုင်ငံ CDC မှထုတ်ဝေသော MMWR တို့ကို အပတ်စဉ်လေ့လာဖတ်ရှု သုံးသပ်ပြီး အရေးကြီးသော သတင်း အချက်အလက်များအား တိုင်းဒေသကြီး၊ ပြည်နယ်များသို့ မျှဝေအသိပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ် Health Care System ကြီး တစ်ခုလုံးသာမက Sub Health Care System များကိုလည်း ပိုမိုတိုးတက်သောစနစ်များဖြစ်စေရန် ကြိုးပမ်းနေကြောင်း ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံး သပ်၍ ပြောင်းလဲလာသောအခြေ အနေနှင့်အညီဖြစ်စေဖို့ ပြုပြင် ရေးဆွဲရန်လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။
ဝေဖြိုးအောင်
