ကျွန်တော်နဲ့ စိန (၃)

၂၀၁၇ ဇန်နဝါရီ ၆ ရက်နေ့ထုတ် ယူနတီ ဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၇)
ကျွန်တော်တို့သည် Pu’er မြို့ဟို တယ်မှာ တစ်ညတာ အိပ်စက်၍ မနက်မိုးလင်းသောအခါ နံနက်စာစားသုံးပြီး ခရီးဆက်ကြသည်။ Lancang မြို့ငယ် လေးများ ကို ဖြတ်ကျော်သွားသည်။ မြို့ငယ်လေးတွေဆိုပေမယ့် ကျွန်တော်တို့ မွေးဖွားရာရန်ကုန်မြို့ တော်ကြီးထက် အစစအရာရာတိုးတက် မှုအား တွေ့လိုက်ရသည်။ မော်တော်ကားလမ်းများ၊ ရထားလမ်းများ၊ တိုက်အတာအဆောက်အဦးများ၊ လမ်းဘေးဝဲယာမှ အလှစိုက်ပန်းခင်းများကို မြင်ရသည်မှာ မျက်စိပသာဒကျသည်။ မြင်ကွင်းအေးချမ်းသည်။
မော်တော်ကားလမ်းများတွင် အမှိုက်သရိုက်များကင်းစင်နေသည်။ နယ်ဘက်ဖြင့်လင့်ကစား လမ်း၏ အကျယ်မှာ ခြောက်လမ်းသွားကားလမ်းက အကျဉ်းဆုံးဖြစ်သည်။ မော်တော်ဆိုင်ကယ်လမ်း နှင့် လူသွားလမ်းမှာ သီးခြားစီဖြစ်သည်။ မော်တော်ဆိုင်ကယ်အများစုမှာ လျှပ်စစ်ဓာတ်အားသုံး ဆိုင်ကယ်များဖြစ်ကြသည်။ သတိထားမိသည်မှာ သူတို့ ဆီမှာ တောင်ကုန်းတောင်တန်းများပေါ်နှင့် လမ်းဘေးရှိသစ်ပင်များကို လုံးဝ ခုတ်ထွင်ခြင်းမပြုဘဲ ပြုပြင်ထိန်းသိမ်းတာပဲဖြစ်သည်။ တောင်ပေါ်တွင်ပေါက်သည့် သစ်ပင်များသည် ကျွန်တော်တို့ မြန်မာနိုင်ငံကဲ့သို့ ကျွန်း၊ ပျဉ်းကတိုး ၊ အင်၊ အင်ကြင်းစသည့် အဖိုးတန်သစ်များ မဟုတ်ဘဲ ထင်းရှုးပင်နှင့် အခြားကျိုးတိုကျဲတဲ့ အပင်တစ်ချို့ သာဖြစ်သည်။ အရာရာကို ကျွန်တော်သည် ကိုယ့် နိုင်ငံ၊ ကိုယ့်မြို့ နှင့် နှိုင်းယှဉ်ကြည့်မိသည်။ ကျွန်တော်တို့ တိုင်းပြည်သည်လည်း ဒီဘက်ခေတ်တွင် ကျွန်းသစ်အပါအဝင် အခြားအဖိုးတန်သစ်များ ပြောင်တလင်းခါသွားအောင် တောရှင်းခံလိုက်ရသည်။ ပြန်လည်စိုက်ပျိုး၍ ရသော မြေ အမျိုးအစားဖြစ်သော်လည်း သဘာဝလိုအားကောင်းပါ့မလားဟု တွေးရင်း သက်ပြင်းချလိုက်မိပါသည်။
ကျွန်တော်တို့ ကို သယ်ဆောင်သွားသော မီနိဘတ်စ်ကားလေးသည် တောတွေကိုကျော်ဖြတ်၊ တောင်တွေကိုလိုင်းခေါင်းများကနေဝင်သွားပြီး အဝေးမှုန်ပျပျတွင် ကျွန်တော်တို့ သွားရောက်လေ့လာမည့် ရေကာတာကြီးကို လှမ်းမြင်နေရပြီးဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်တွင်လည်း ထိုရေကာတာမှ လွှတ်လိုက်သော ရေများဆင်းနေသည့် Lancang River မြန်မာအခေါ် မဲေခေါင်မြစ် ကိုတွေ့နေရသည်။ မြစ်ဘေးတစ်ဖက်တစ်ချက်တွင်လည်း သာယာလှပအောင် ဖန်တီးထားသည်။ လူနေအိမ်များကို မတွေ့ ရဘဲ အစိုးရရုံးများနှင့် စီမံကိန်းများကိုသာ တွေ့မြင်နေရသည်။
မကြာမီ ကျွန်တော်တို့သည် Lancang River ပေါ်တွင် တည်ဆောက်ထားသော Nuozhadu ရေအားလျှပ်စစ် စီမံကိန်း ရှိရာစက်ရုံ၏ နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည်။ ရေကာတာ(ဆည်) ကြီးတည်ဆောက်ထားပုံမှာ သပ်သပ်ရပ်ရပ်ရှိလှသည်။ တာဝန်ရှိသူများက ကျွန်တော်တို့အားရေအားလျှပ်စစ်နှင့် ပတ်သက်သော ရေကာတာတည်ဆောက်ပုံ ရေကာတာ အမျိုးအစား၊ ရေသိုလှောင်ပုံ၊ ဇီဝမျိုးစိတ်များထိန်းသိမ်ပုံနှင့် ရုပ်က္ခ သစ်ပင်များကို ထိန်းသိမ်းပုံတို့ အား ရှင်းပြသည်။ မြေငလျင် ရစ်ချက်စ်တစကေး အဆင့် ၉ အထိ ခံ နိုင် ကြောင်းသိလိုက်ရသည်။ ထို့နောက် ရေပိုလွှဲများ၊ ပါဝါဟောက်စ်များ နှင့် လျှပ်စစ်ဓာတ်အား မည်မျှထုတ်လုပ်သည်ဆိုတာတွေကိုပါ သေသေချာချာ စကားပြန်မှ တစ်ဆင့် ရှင်းပြသည်။ လျှပ်စစ်ဓာတ်အားကီလိုဝပ်မည်မျှ ထုတ်လုပ်သည်ဆိုတာတွေကိုလည်း ရှင်းပြသည်။ ကျွန်တော်သည် ရေကာတာ(ဆည်) များနှင့် လျှပ်စစ်ဓာတ်အားဖုတ်လုပ်ပုံအဆင့်ဆင့်ကို တစ်ခါမှ မမြင်ဖူးဘဲ ယခု အခါ မှ မြင်ဖူးခြင်းဖြစ်ရာ ကျွန်တော်တွေးထင်ထားသည်နှင့် တစ်ခြားစီပင်ဖြစ်နေတော့သည်။
ကျွန်တော် တွေးထင်ထားသည်မှာ မြစ်များတွင်ရေကာတာတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည် ဆိုရာ၌ မြစ်ကြီးကို တာတမံပိတ်ပြီး ရေစီးအားကိုးရယူကာ ဒလက်ကြီးများလည်စေပြီး ထိုလည်ပတ်မှု စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည်ဟု တွေးထင်ထားသည်။ တကယ်တမ်းတွင် ထိုသို့ မဟုတ်ဘဲ စီးဆင်းနေသောမြစ်၏ သင့်လျှော်သည့် ဘေးတစ်ဖက်ကျောက် တောတွင် လိုင်ခေါင်းများတူး၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ဒိုင်နမိုးများ ပန်ကာဒလက်များမြှုပ်ထားကာ ပါဝါဟောင်းများ တည်ဆောက်ပြီး ၎င်း လှိုင်ခေါင်းများမှ ရေပို့ လွှတ်ကာ ပန်ကာဒလက်များလည်စေ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြစ်တော့ သည်။ တစ်ချိန်တည်းတွင်ပင်လျင် စီးဆင်းနေသောမြစ်ကိုလည်း ပိတ်လိုက်ပြီး ရေပိုလွှဲများပြုလုပ်ကာ ပိုလျှံနေသည့်ရေများနှင့် မြစ်အောက်ပိုင်းလိုအပ်သည့် ရေများကို လိုတိုးပိုလျော့လုပ်ပေးကာမြစ်ရေကိုထိန်းချုပ်ထားခြင်းဖြစ်သည်။ စိတ်ထဲတွင်လည်း ဘာမှမခက်ဘူး တို့နိုင်ငံက ပညာရှင်များလုပ်မယ်ဆိုလျှင် လွယ်လွယ်လေးဟု တွေးမိလိုက်သည်။ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ် ဓာတ်အားလိုအပ်သည့် ပြဿနာ ကိုဖြေရှင်းရန်မြစ်ချောင်းပေါများသည့်နေရာများတွင် ယခုလို ရေကာတာများ ပြုလုပ်၍ ရေအားလျှပ်စစ်ထုတ်လုပ်မည် ဆိုပါက လျှပ်စစ်ဓာတ်အားရရှိမည့် အပြင် နွေရာသီ ရေသွယ်ကား ရေသွင်း စိုက်ပျိုးရေး လည်း လုပ်လို့ရနိုင်သည်ဟု စိတ်ကူးမိပြန်သည်။ နိုင်ငံဖွံ့ဖြိုးမှုများက လျှပ်စစ်စွမ်းအားအပေါ်အခြေခံနေသည် ဖြစ်၍ စိတ်ကူးမိခြင်းပင်။
ကျွန်တော်သည် မရှင်းလင်းသည်များနှင့် သိလိုသည့် အချက်အလက်အကြောင်းအရာတွေကို မေးမြန်းကာ လာရာလမ်းအတိုင်းပြန်လာခဲ့ကြပြီး အဆိုပါလျှပ်စစ်စီမံကိန်းနှင့် မလှမ်းမကမ်းရှိ ရုက္ခဥယျာဉ်သို့ ဝင်ရောက်လေ့လာခဲ့ကြသည်။ အဆိုပါ ရုက္ခသစ်ပင်များ ဥယျာဉ်သည် လျှပ်စစ်ဓာတ်အားပေးစက် ရုံ မတည်ဆောက်မီကာလက သဘာဝ ပတ်ဝန်းကျင်တွင်ရှိသော သစ်ပင်မျိုးစိတ်များကိုပြောင်းရွေ့ စိုက်ပျိုးထိန်းသိမ်းထားသော နေရာဖြစ်သည်ဟု သိရသည်။
ကျွန်တော်တို့နိုင်ငံက မေမြို့( ပြင်ဦးလွင်) ရှိ ရုက္ခဗေဒ ဥယျာဉ်ကို သတိရမိသည်။ တစ်ခါ မလှမ်းမကမ်းတွင်ရှိသော ဇီဝမျိုးစိတ်များ ထိန်းသိမ်းထားရာနေရာကိုလည်း လိုက်လံပြသသည်။ လှောင်ကန်ကြီးများတွင်လည်းကောင်း၊ မှန်ကန်များထဲတွင်လည်ကောင်း၊ ရှားပါးငါးများနှင့် ငါးမျိုးစိတ်အခြားအရောင်အသွေးအမျိုးမျိုးကို မွေးထားပြီး အရွယ်ရောက်ပြီး ငါးမျိုးနှင့် ခံနိုင်ရည်ရှိသည့် ငါးမျိုးများကို မြစ်ထဲသို့ ပြန်လည်လွှတ်ပေးသည်ဟု သိရသည်။ သူတို့သည်အပင်ပန်းခံ၍ တော်တော်စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း လက်တွေ့ သိလိုက်ရသည်။ ကျွန်တော်တို့ အားလိုက်လံပြသသည့်မြင်ကွင်းများ က ကြည်နူးထူးဆန်းဖွယ်ရာများပါရှိသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်ရေးနှင့် စီးပွားရေးတို့ ရောပြွမ်းပျော်ဝင်နေသည် ကိုလည်းတွေ့ရသည်။ တိုင်းတစ်ပါးသား တို့၏ စည်းစနစ်ရှိမှုနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် လှပစွာ မွမ်းမံထိန်ကျောင်းမှုတို့ အား ကြည့်ရှု၍ ကျွန်တော့် ရင်ထဲ ဘာမဆိုင်၊ ညာမဆိုင် မခံချင်စိတ်တော့ ဖြစ်မိတာ အမှန်ပင် ဖြစ်သည်။
ကျွန်တော်တို့ မှာ သူတို့ လိုက်လံပြသသည်များကို ကြည့်ရှုကာ မှတ်တမ်း ဓာတ်ပုံရိုက်ခြင်း၊ အမှတ်တရ ဓာတ်ပုံ ရိုက်ခြင်းများ ပြုလုပ်၍ ဟိုတယ်တွင် အမျိုးမျိုး အမည်မသိ ဟင်းမျိုးစုံတစ်ဝက်၊ အမည်သိ ဟင်မျိုးစုံတစ်ဝက် ဖြင့်တည်ခင်းထားသော ညစာကို စားသုံးပြီး အနားယူလိုက်ကြပါတော့ သည်။
သန့်ဇော်(သန်လျင်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်