“ကိုယ့်အစိုးရနဲ့ ကိုယ့်လွှတ်တော်နဲ့ဖြစ်နေတော့ အချင်းချင်းညှိနှိုင်းပြီး အတတ်နိုင်ဆုံးလုပ်တာပေါ့၊ အခုနောက်ပိုင်းကျတော့ အဆင်မပြေဘူး”
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးနှင့် တွေ့ဆုံခြင်း
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ (၁) အမှတ်စဉ် (၆)
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ဖြစ်ပွားနေသည့် မှုခင်းများ၊ မြိတ်အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကိစ္စနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရတို့အကြား ဖြစ်ပွားနေသည်များကို ပြည်သူများသိရှိနိုင်ရန် ယူနတီဂျာနယ်မှ မြိတ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ရပါသည်။
လက်ရှိတိုင်းဒေသကြီးအစိုးရ လုပ်တာ ကိုရော အစ်ကို့အနေနဲ့လွှတ်တော်ဘက် က ကျေနပ်အားရမှုရှိလား။
လောလောဆယ်တော့မရှိဘူးပေါ့။ ကျွန်တော်တို့ ကြယ်ပွင့်ပြမမေးဘူးဆို တာ ကျွန်တော်တို့ အချင်းချင်းညှိပြီးတော့ ကိုယ့်အစိုးရနဲ့ ကိုယ့်လွှတ်တော်နဲ့ဖြစ် နေတော့ အချင်းချင်း ညှိနှိုင်းပြီးအတတ် နိုင် ဆုံးလုပ်တာပေါ့။ အခုနောက်ပိုင်းကျ တော့ အဆင်မပြေဘူး။ အမှန်တိုင်းပြော တာ။ အဆင်မပြေတဲ့အခါကျတော့ ကျွန် တော်တို့မေးရတော့မယ် အဆိုတွေ လည်း လုပ်ရတော့မယ်ဆိုတဲ့အပိုင်းတွေ ဖြစ်လာတာပေါ့။ ကျွန်တော်တို့ လွှတ် တော်ဘက်လည်း အားကောင်းအောင် လုပ်ရတော့မယ်။ ပထမတော့ လွှတ် တော်ရော အစိုးရရော ကိုယ့်လူတွေပဲဆို အတတ်နိုင်ဆုံး ညှိနှိုင်းလုပ်ကြတယ်။ အဆင်မပြေဘူးဆိုတာ အဆိုပြုတဲ့တိုက် တွန်းတဲ့ အပိုင်းတွေမှာ အစိုးရအကောင် အထည်မဖော်ပေးနိုင်တဲ့ အပိုင်းတွေ။ တစ်ခါတလေ ကျွန်တော်တို့ဆီကို ပြန် ပြီးတော့ Reply မပြန်တာတွေရှိလာတော့ ပြည်ထောင်စုကနေပြောရတော့မှာ။
လွတ်တော်အခန်းကဏ္ဍမြှင့်တင်မယ်ဆိုရင် အစ်ကိုတို့အနေနဲ့ ပါတီပိုင်းကအရေးယူမှုတွေ ရှိလာနိုင်လား။ ရှိလာရင်ရော ဘာဆက်လုပ်မလဲ။
အဲဒါတော့ ကျွန်တော်တို့မပြောနိုင်ဘူး။ လူကြီးတွေဆုံးဖြတ်ကြမှာပေါ့။ ကျွန်တော့်အနေနဲ့တော့ ကိုယ့်လွှတ်တော်တာဝန် လွှတ်တော်လုပ်ငန်းစဉ်ကို ဥပဒေနဲ့အညီ ဆက်လုပ်ရမှာပေါ့။
အခုတွေ့နေတာ ပါတီကနေ ထုတ်ပယ်တာမျိုးတွေရှိနေတယ်။ အစ်ကို ထုတ်ပယ်ခံရရင်ရော ဘယ်လိုအနေအထား ဖြစ်မလဲ။
ကျွန်တော်ကတော့ ထုတ်ပယ်ခံရလည်း ဘာမှတော့ ပြဿနာမရှိပါဘူး။ နဂိုကတည်းကလည်း မြိတ်မှာ တတ်နိုင်သလောက် ကိုယ့်ဒေသအကျိုးလုပ်နေ တဲ့သူဆိုတော့ပြဿနာမရှိပါဘူး။
ငါးလေလံဈေးကိုမေးခွန်းမေးဖို့ရှိတယ် ဆိုတော့ အဓိကမေးမယ့်မေးခွန်းက ဘာတွေဖြစ်မလဲ။
ကျွန်တော်တို့ ပြန်ညှိဦးမယ်။ ကျွန်းစုကိုယ်စားလှယ်တွေ မြိတ်ကိုယ်စားလှယ်တွေ အကုန်လုံးပြန်ညှိပြီး ဘယ်လို သွားမလဲ၊ အချက်အလက်တွေက အားလုံးရထားပြီးပြီဆိုတော့ ကြိုပြောလို့ မရသေးဘူး။
မြိတ်ကမ်းနားလမ်းတစ်လျှောက်မှာ စည်ပင်ပိုင်မြေမှာ တချို့ ကိုယ်ပိုင်မြေလို အသုံးပြုနေတာ တရားဝင်ခွင့်ပြုထားတာလား။
ကျွန်တော် သိထားတာ ဟိုတလောကလည်းမေးတယ်။ အရင်တုန်းကလုပ် ထားတာ။ ကုမ္ပဏီအနေနဲ့လုပ်ထားတယ် လို့သိထားတယ်။
ကျွန်တော်တို့ကြားတာက အစ်ကိုက စီးပွားရေးသမားဖြစ်တယ်။ အခုလွှတ်တော်ကိုယ်စားလှယ်လုပ်တဲ့အခါမှာ နောက်ငါးနှစ်ပြည့်လို့ လွှတ်တော်ကိုယ် စားလှယ်မလုပ်ရင် အစ်ကို့စီးပွားရေး ထိခိုက်မှာစိုးလို့ အစ်ကို့လုပ်ငန်း တာဝန်တွေကို သိပ်ထိထိရောက်ရောက် မလုပ် ဘူးလို့ကြားတယ်။ အစ်ကို ဘယ်လိုပြောချင်လဲ။
ကျွန်တော်က တိုင်းရင်းဆေး သင်္ကန်းပရိက္ခရာလုပ်တယ်။ ထိထိရောက်ရောက်မလုပ်ဘူးတော့ မဟုတ်ဘူး။ မနားတမ်းလုပ်နေပါတယ်။ မြိတ်ကလူတွေ တော်တော်များများ သိပါတယ်။ လက်ရှိအစိုးရကလည်း ကိုယ့်အစိုးရ၊ တစ်တိုင်းလုံးမှာလည်း တော်တော်များများကတော့ ညှိနှိုင်းဆောင် ရွက်ပေးနေတာပဲ။
တနသာၤရီတိုင်းအစိုးရကို လွှတ်တော်အနေနဲ့ ကောင်းကောင်းထိန်းချုပ်နိုင် တယ်ထင်လား။
မထင်ဘူး။ အဓိကတော့ နှစ်ဖက်မျှ စေချင်တာ။ Check and Balance ကိုပိုပြီး ပေါ်ချင်တယ်။ တဖြည်းဖြည်းတော့ အားကောင်းလာမှာပါ။
အခုပြည်သူတွေက လွှတ်တော်နဲ့အစိုးရက တစ်ဖွဲ့တည်းဖြစ်နေတော့ သိပ်အားမရတာတွေရှိတယ်၊ အဲဒီအကျိုးဆက်က ၂၀၂၀ မှာ ဘာတွေဖြစ်လာနိုင်လဲ။
ကျွန်တော့်အမြင် ဒီနှစ်ပိုင်းတွေမှာ အားကောင်းလာမယ်မြင်တယ်။ ဒီတစ်နှစ်အတွင်း အားကောင်းမယ်လို့ မျှော်လင့်တယ်။ ဒီမိုကရေစီသဘောသဘာဝက မဖြစ်မနေ လွှတ်တော်လည်း လွှတ်တော်ဆိုက်က ထိန်းကျောင်းရမယ့်တာဝန်တွေ ကိုယ်စားလှယ်ဖြစ်မှတော့ ပြောရတော့မှာလေ။ အမှန်ပြောရရင် ကျွန်တော်တို့ မပြောဘူးဆိုတာလေ အချင်းချင်းညှိနှိုင်းလို့ရတဲ့အပိုင်းတွေ လုပ်ငန်း အကောင်အထည်ဖော်တဲ့အပိုင်းတွေ ပေါင်းစပ်လုပ်တာပေါ့။ တချို့ကိစ္စတွေဆိုလည်း စောင့်ကြည့်နေတာပေါ့။ ဘယ်လောက်အထိ လုပ်မလဲပေါ့။
တနသာၤရီတိုင်းဒေသကြီးအစိုးရ လုပ်နေတဲ့အထဲမှာ ဘာဟာကွက်တွေမြင်လဲ။
စီမံကိန်းလေးတွေ လွှတ်တော်ချပြရမယ့်အပိုင်းလေးတွေရှိတယ်။ စိတ်စောလုပ်တာလေးတွေရှိတယ်။ ကျွန်တော်တို့ဒေသကို တိုးတက်အောင်ပဲ လုပ်မယ်။ မေးခွန်းမေးစရာရှိမေးမယ်။ တိုက်တွန်းစရာရှိ၊ တိုက်တွန်းမယ်။
လက်ရှိ ငါးလေလံဈေးအခြေအနေလေး သိချင်ပါတယ်။
အဓိကကတော့ အရင် MIC ကျထားတဲ့ လုပ်ငန်းရှင်ပေါ့။ သူ့ဘက်ကလည်း ငါးလေလံဈေးဖြစ်ဖို့အတွက် ပြင်ဆင်စရာတွေရှိနေတာပေါ့နော်။ အဲဒီ အတွက်လည်း ကျွန်တော်တို့ကအမြန် ဆုံးချပြဖို့ တိုက်တွန်းထားတာရှိတယ်။ အဲဒါမှလည်း လာရောင်းမယ့်သူတွေရော ဒေသခံရောက လုပ်ငန်းရှင်က ဘာတွေပြင်ဆင်ထားလည်းဆိုတာကို သိမှာ။ အဲဒီအပိုင်းကို လွှတ်တော်ပြန်မတက်ခင်မှာ ကျွန်တော်တို့ကိုလည်းပြ ပြည်သူကိုလည်းချပြဖို့ တိုက်တွန်းထားတယ်။ အရင် ၂၀၀၀ ပြည့်နှစ်ကတည်းက ကျတာ။ လုပ်ငန်းက မအောင်မြင်ဘူး။
လုပ်ငန်းကမအောင်မြင်တာ ဒီဘက်မှာ ထပ်ရင်းနှီးမြှုပ်နှံဖို့ ဒေါ်လာသန်း ၂၀ ကို ဒီဘက်လွှဲဖို့ကို ခွင့်မပြုသေးတာလို့ကြားတယ်။ အဲဒီအပေါ်ရော ဘယ်လိုအခက် အခဲတွေရှိလဲ။
ဟိုနေ့ကတော့ ငါးဦးစီးရော MIC ရော ဆုံတယ်။ MIC ဘက်ကခွင့်ပြုထားတာရှိတယ်။ ငါးဦးစီးကတော့ သူတို့တောင်းဆိုထားတဲ့ အချက်အလက်နဲ့ လက်ရှိ မကိုက်ညီတာတွေရှိနေတယ်။ လက်ရှိအနေအထားနဲ့ သဘောမတူလို့ မရတဲ့ အချက်အလက်တွေရှိနေတယ်။ အဲဒါကိုပြန်ညှိရမှာပေါ့။ ဒါတွေ ငါးဦးစီးဘက်လည်း လက်ရှိအခြေအနေနဲ့ ဥပဒေတွေနဲ့ကိုက်ညီတဲ့ဟာတွေဖြစ်လာမှ ခွင့်ပြုမယ့် အနေအထားရှိတယ်။ ငါးချက်လောက်ရှိတယ်။ အဲဒီအချက်တွေကိုညှိဖို့က လုပ်ငန်းရှင်ဘက်ကလည်း ဖြေလျှော့ဖို့လိုတယ်။ လက်ရှိ ဥပဒေနဲ့လည်း ညီညွတ်ဖို့လိုတယ်။ သူ့ဘက်ဖြေလျှော့ သလို ငါးဦးစီးဘက်ကလည်း လုပ်ကိုင်ခွင့်ရနိုင်အောင် ပံ့ပိုးပေးဖို့ တောင်းဆို ထားတာတွေရှိတယ်။
လုပ်ငန်းရှင်ဘက်က ချပြဖို့လိုတယ်ဆို တာ ဘယ်အပိုင်းတွေလဲ။
ကျွန်တော်တို့ ဒေသခံတွေမျှော်လင့်တာက အဓိက ဝယ်သူပေါ့။ သူဝယ်သူကို ဘယ်ကနေရှာပေးမလဲ၊ နောက်ပြီးတော့ အခြေခံအဆောက်အအုံ တံတားတွေ ရေခဲစက်တွေ သူဘယ်လောက်အထိပြင် ဆင်ထားလဲ၊ ဒီကနေ ယိုဒယားသွား ရောင်းမယ့်ဈေးတူနေရင်တောင် မဆိုးဘူးပေါ့။ ဒီထက်ဈေးကောင်းပေးပြီး ဝယ်နိုင်မယ့်သူကို မျှော်လင့်တာပေါ့။ သဘောက လှေအုပ်စုတစ်စုမှာဆိုရင် လှေက အစီး ၄၀၊ ၅၀ ပါတယ်။ တပြိုင် တည်း ဘယ်လောက်ရပ်နိုင်မလဲ၊ ကမ်း ပေါ်တင်လိုက်တဲ့ ငါးတွေရော ဝယ်နိုင် မလားဆိုတာရှိတယ်။
လက်ရှိ ဒီမှာ ဖမ်းဆီးရတဲ့ ငါးတွေကို အဓိက ဘယ်မှာရောင်းလဲ။
အဓိကကတော့ ယိုဒယား သွားရောင်းတယ်။ ရနောင်း သွားရောင်းတယ်၊ တချို့က မောတောင်တန်းကနေ ပကြော့ သွားရောင်းတယ်။ ဒါကတော့နည်းနည်း ပါးပါးပါ။ အများကြီးသွားမရောင်းဘူး။ ကင်မွန်းတွေရော ရောင်းတယ်။
ယိုးဒယား သွားရောင်းတာက သွားရောင်းတဲ့ စရိတ်တွေ ဘာတွေနဲ့ သူတို့ဘက်က ပေးတဲ့ဈေးနဲ့အဆင်ပြေလား။
သူတို့ပေးတဲ့ ဈေးပဲရတာပေါ့။ ကျွန်တော်တို့လိုချင်တာကတော့ ရောင်းသူစိတ်ကြိုက်ဈေးလိုချင်တာပေါ့။ တစ်ခါတလေကျ သွားရောင်းလို့ အဆင်မပြေဘူး။ သူတို့မလိုချင်လို့ရှိရင်လည်း နောက်ဆုံး ဘယ်မှရောင်းဖို့မရှိလည်း ရတဲ့ဈေးနဲ့ ရောင်းပြန်ခဲ့ရတာတွေလည်းရှိတယ်။ အဓိက အခွန်။ နိုင်ငံတော် အခွန်တိတိကျကျမရဘူး။ ငါးလေလံ ဈေးသာလုပ်မယ်ဆိုရင် တကယ်ကို ဝယ်သူလည်းကောင်းကောင်းရမယ်ဆို ကျွန်တော်တို့ သွားစရာတောင်မလိုဘူး။ ဒီမှာလည်း ဈေးကောင်းပေးဝယ်တဲ့သူ ရှိတဲ့အခါကျတော့ ဟိုမသွားဘဲ ဒီမှာပဲလာရောင်းကြမှာပေါ့။ အဲဒီလိုဆိုတော့ အခွန်လည်း သေချာရလာမယ်။ ငါးအမျိုးအစားတွေလည်း ငါးရဲ့အချက် အလက်တွေ၊ လှေရဲ့အချက်အလက်တွေ ရလာမယ်။ အခုကျတချို့လှေတွေ ပွားသွားတာတွေ မကြီးကြပ်နိုင်ဘူးပေါ့။
ငါးလေလံဈေးပေါ်ပေါက်လာမယ်ဆို ဒီလိုဆုံးရှုံးမှုတွေ လျော့သွားမယ်လို့ ပြောချင်တာလား။ လက်ရှိခန့်မှန်းခြေအရ တစ်နှစ် ဘယ်လောက် ဆုံးရှုံးမှုတွေရှိလဲ။
ဆုံးရှုံးမှုလည်းလျော့သွားမယ်။ စာရင်းအချက်အလက်တွေလည်း တိကျလာမယ်။ အရင်ထက်စာရင်တော့ တော်တော်လေးခိုးတာ နည်းလာတယ်။ ဆုံးရှုံးမှုတော့ သေချာတွက်ရမယ်။ ခန့်မှန်းခြေက နိုင်ငံတော်အခွန်ရတာ ၆၀ ဝန်းကျင်လောက်ပြန်ရနိုင်တယ်။ ခန့်မှန်းခြေ ပြောတာပါ။ အချက်အလက်တိတိကျကျ နဲ့ပြောတာ ပိုကောင်းပါတယ်။
ငါးလေလံဈေး အောင်မြင်သွားရင် ဒီဘက်မှာရောင်းဝယ်ကြမယ်၊ အခွန်လည်းသေချာစိစစ်နိုင်မယ်။ အဲဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ တိုက်တွန်းတာရှိလား။
အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဒါကအကြမ်းပါ။ မေးခွန်းမေးဖို့ စီစဉ်နေတယ်။ ပထမတော့ ဝန်ကြီးချုပ်ကတက်လာပြီး သိပ်မကြာဘူး၊ ထားဝယ်မှာ ရေနက်ဆိပ်ကမ်းလုပ်မယ်၊ မြိတ်မှာ ငါးလေလံဈေးလုပ်မယ် ဆိုတာမျိုးရှိတော့ မြိတ်ပြည်သူတွေက အရမ်းမျှော်လင့်တယ်။ အခုအထိတော့ မဖြစ်လာသေးဘူး။ ဝိုင်းဝန်းတိုက်တွန်း နေပါတယ်။
ဒေသခံတွေမေးကြည့်တော့ ဒီငါးလေလံ ဈေးကိုဖြစ်စေချင်တယ်။ ဝန်ကြီးချုပ်က လည်း ထားဝယ်မှာ ငါးလေလံဈေးလုပ်ဖို့ ရှိနေတယ်။ ဒါကို ဒေသခံတွေက မလုပ် နဲ့လို့မပြောဘူး။ ဒီဘက်မှာလည်းအဆင် ပြေအောင်လုပ်ပေးစေချင်တဲ့ ပုံစံကြား ရတော့ အစ်ကိုအနေနဲ့ ဒီဟာကိုဖြစ်ဖို့ ဘယ်လောက်အထိ စိတ်ဆန္ဒရှိလဲ၊ ဒေသခံတစ်ယောက်အနေနဲ့ရောပေါ့။ ငါးလေလံဈေးဖြစ်လာရင် အောင်မြင် မလား ဒေသတွင်းစီးပွားရေး ခရိုင်ရဲ့ စီးပွားရေးကို ဘယ်လောက်ထိအထောက် အပံ့ဖြစ်မယ်ထင်လဲ။
ဖြစ်နိုင်တယ်။ ကျွန်တော်တို့မြိတ်ကျွန်းစုဆိုတာ အဓိက ရေလုပ်ငန်းလုပ်တဲ့ ရာခိုင်နှုန်းပိုများတယ်။ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရော ငါးဖမ်းတဲ့ အဖွဲ့တွေရော တော်တော်များများ အလုပ်အကိုင် အခွင့်အလမ်းရလာမယ် လို့မျှော်လင့်တယ်။
ငါးလေလံဈေးက အခုပြောနေတဲ့ ဈေး တစ်ခုပဲရှိတာမဟုတ်လား။
နောက်ထပ် ပြင်ဆင်နေတာတွေ လည်းရှိတယ်လို့ ကျွန်တော်တို့ ကြားနေ ရတယ်။ ပုဂ္ဂလိကပဲလုပ်မှာပါ။
ဒီဈေးက တရားဝင် MIC ကခွင့်ပြုချက် ရပြီးသွားပြီ။ တရားဝင် MIC ကခွင့်ပြု ချက်မရဘဲလုပ်နေတာတွေရှိတယ်လို့ ကြားတယ်။ ဥပဒေနဲ့အကျုံးဝင်လား။
လောလောဆယ်တော့ သူတို့က မလုပ်သေးဘူး။ ပြင်ဆင်နေတာပေါ့။ ဥပဒေနဲ့အကျုံးဝင်အောင် တစ်ဆင့်ပြီး တစ်ဆင့်လုပ်နေတယ်။ လုပ်တော့ လုပ်နေတယ်။ ဥပဒေအရတော့ အကျုံးမဝင် သေးဘူး။ စီးပွားရေးအရ ပလန်တော့ ရှိနေပြီ။ မြေပြင်မှာတော့ ပလန်နဲ့ ပတ်သက်ပြီး ဘာမှမလုပ်ရသေးဘူး။ ငါးဝယ်မယ် ဆိုတဲ့ပုံစံပေါ့။ တစ်ဦးတည်းပေါ့၊ အများကြီးတော့ မဟုတ်ဘူး။ အရင်ကလည်း တစ်ဦးချင်းဝယ်တာရှိတယ်။
မြေငှားလုပ်ထားတာလား၊ စည်ပင်က ခွင့်ပြုထားတာလား၊ ဘယ်ဌာနကခွင့်ပြု ထားတာရှိလဲ။
အဲဒါတော့ ကျွန်တော် တိတိကျကျ ပြန်မေးရမယ်။ ကျွန်တော်မေးထားတာ ရှိတယ်။ သူတို့လည်းပြန်မဖြေသေးဘူး။
ပါတီအကျိုးစီးပွားနဲ့ အမျိုးသားရင်ကြားစေ့ရေးယှဉ်လာရင် ဘယ်ဟာကို ဦးစား ပေးမလဲ။ ပြည်သူ့ဆန္ဒကိုဦးစားပေးမလား၊ ပါတီမူဝါဒဘက် ဦးစားပေးမလား။
ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြောရရင်တော့ ပြည်သူ့ဆန္ဒကို ဦးစားပေးမယ်။
လက်ရှိ ပြင်သစ်က လာပြီး ရင်နှီးမြှုပ်နှံတဲ့ ငါးလေလံဈေးတစ်ခုပဲရှိသေးတာလား။ ဒီမှာထပ်လုပ်မယ်ဆို သူတို့လို ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာတွေလုပ်နိုင်ပါ့ မလား။
လုပ်နိုင်တယ်။ ဥပဒေနဲ့အညီလုပ်မယ်ဆို ဘယ်ရင်းနှီးမြှုပ်နှံသူမဆို ကျွန်တော်တို့ ပြည်သူကလည်း ကြိုဆိုမှာပါ။ သူက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့လည်း ထပ်ညှိဖို့လိုတယ်။ ဖြေလျှော့ရမယ့် အပိုင်းတွေလည်း ရှိသေးတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်နဲ့လည်း ထပ်ညှိ ဖို့ကျန်နေသေးတယ်။ သူ့ဘက်ကတောင်းဆိုထားတဲ့အချက်တွေနဲ့ ဒီဘက်ကညှိတဲ့အချက်တွေမှာ တစ်ဖက်နဲ့တစ်ဖက် ဖြေလျှော့ရမှာ။ သူ့ဘက်က တောင်းဆိုထားတာတွေမှာ ဥပဒေနဲ့ညှိရမှာတွေပါနေတယ်။
ဒီဘက်မှာ ငါးလေလံဈေးပေါ်လာရင် ယိုးဒယားမှာ အလုပ်သွားလုပ်နေတဲ့ လူတွေအတွက် ဒီဘက်မှာအလုပ်အကိုင် အခွင့်အလမ်းတွေ ရလာနိုင်လား။
ရနိုင်တယ်။ ငါးရွေးတာတွေက ဒီဘက်က ကျွမ်းကျင်လုပ်သားတွေ အဲဒီလူတွေကို ဒီထဲပြန်ဝင်လာစေချင်တယ်။ အဲဒါကြောင့် ပြင်ဆင်ထားတဲ့ အခြေခံ အဆောက်အအုံ ဘယ်လောက်ရှိလဲ သိချင်တယ်ဆိုတာ အဲဒါတွေပါတယ်။ ရေခဲစက်တွေ အအေးခန်းတွေ ငါးသယ်ဖို့ ဘယ်လိုပြင်ဆင်ထားလဲ၊ ကားနဲ့ဘယ်လို ချိတ်ဆက်ထားလဲဆိုတာတွေ ချပြ နိုင်ဖို့လိုတယ်။ ချပြတာမရှိသေးဘူး။
မြိတ်ဒေသ တရားဥပဒေ စိုးမိုးမှုအပိုင်းကရော လက်ရှိဘယ်လိုရှိလဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ရဲ လုပ်ငန်းစဉ်အားနည်းတယ်။ ရဲအင်အား လည်း နည်းတယ်။ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ရေထဲကျတော့လည်း သေချာမလုပ်နိုင်ဘူး။ ထိန်းချုပ်နိုင် အောင်ကြိုးစားနေတယ်။
ယူနတီသတင်းအဖွဲ့