ဟန်ဆောင်လုပ်လို့မရတဲ့ နိုင်ငံရေးနဲ့ ပရဟိတ

စိတ်ရင်းစေတနာ အစစ်အမှန်မဟုတ်ပါဘဲနှင့် ဟန်ဆောင်နေရခြင်းသည် တခဏသာရပါမည်။ ကြာရှည်စွာ မလုပ်ဆောင်နိုင်ပါ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် မူလသရုပ်မှန်စိတ်ထားအတိုင်း ပေါ်ပေါက်လာမည်သာ ဖြစ်ပါသည်။ တိုင်းပြည်အပေါ် အမှန်တကယ်ကောင်း စားစေချင်သော စေတနာဖြင့်နိုင်ငံရေး လုပ်သူများရှိသလို စေတနာမရှိဘဲလျက် ငါကောင်းစားရေးနှင့် ရာထူးအာဏာ နေရာအခွင့်အရေးရရှိရန်အတွက် ရည်ရွယ်ကာ နိုင်ငံ့အပေါ်ကောင်းလေဟန်ဆောင် လျက် လုပ်စားနေတတ်သော နိုင်ငံရေးသမားများလည်းရှိသည်ကို တွေ့ရပါသည်။
ထို့အတူ ပရဟိတအများကောင်း စားရေးအတွက်ဟူသော ခံယူချင်စိတ်ထားအစစ်အမှန်ရှိတဲ့သူများရှိသလို၊ စေ တနာသဒ္ဓါတရားမရှိပါဘဲနှင့် နေရာရရှိရေးကိုသာ အဓိကထား၍ စေတနာရှိလေဟန်ဆောင်ကာ အသင်းအဖွဲ့မှာ နေရာ ယူလုပ်ကိုင်နေသူများလည်း ရှိကြပါသည်။
အသင်းအဖွဲဲ႕အပေါ်အမှန်တကယ် စေတနာရှိမရှိကို အသင်း၏သုံးစွဲစရိတ် ကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ စာရင်းထဲတွင်အသင်းကိစ္စအတွက် ဟိုနားဒီနားသွားရာ တက္ကစီကားခထည့်ထားခြင်း၊ လက်ဖက်ရည်ဖိုးထည့်ထားခြင်း၊ နှစ်ယောက်သုံးယောက်စာထမင်းဖိုးထည့်ထားခြင်း၊ စာရင်းကိုက်သွားရန် အထွေထွေအသေးစား အသုံးစရိတ် ထည့်ထားခြင်းတို့သည် ပရဟိတအသင်းဝင်အမှုဆောင်တို့အဖို့ မဖြစ်သင့်သော စာရင်းဆိုး၊ စာရင်းအညစ်အကြေးများ ဖြစ်ပေသည်။
ထိုစာရင်းကို ထည့်ထားခြင်းအားဖြင့် အသင်းဝင်တို့အဖို့ စေတနာအနစ်နာ မခံနိုင်ကြခြင်းကို ဖော်ပြရာရောက်သည်ဟု ကျွန်တော့်အမြင်အရ သတ်မှတ်ပါသည်။ ထိုအသုံးစရိတ်လောက်ကိုဖြင့် အဆင်ပြေသူတတ်နိုင်သူက စိုက်ထုတ် သုံးစွဲသင့်ပါသည်။ မတတ်နိုင်ပါကလည်း စုပေါင်းဖြေရှင်းသင့်၏။ အသင်းပိုင်ငွေထဲမှ မသုံးစွဲသင့်ပါဟုမြင်မိပါသည်။ သို့ မှသာ အသင်းအတွက် ရန်ပုံငွေပေးအပ် လှူဒါန်းသူနှင့် လှူကြမည့်သူများက အသင်းဦးဆောင်သူများအပေါ် အားရကျေ နပ်ကြမှာဖြစ်ပါသည်။ ငွေကြေးတတ်နိုင်သူအသင်းဝင်တချို့ကလည်း အသင်းအပေါ်ထောက်ပံ့နိုင်သည်နှင့်အမျှ နေ ရာယူချင်သော လောဘဖြစ်မှန်းမသိ ဖြစ်တတ်ကြပြန်ပါသည်။
မိမိနှင့်သင့်လျော်မည့်နေရာကိုသာ ယူသင့်ပါသည်။ လောဘဟူသည် ပစ္စည်းဥစ္စာများကိုလိုချင်တာ တစ်ခုတည်းမဟုတ်ပါ။ နေရာလိုချင်မှု၊ နာမည်ထင်ပေါ်ကျော်ကြားချင်မှုတို့သည်လည်း လောဘပင်ဖြစ်ပါသည်။ နိုင်ငံရေးအလုပ်ဟူသည် အကြီးစားပရဟိတလုပ်ငန်း ဖြစ်ပါသည်။ နိုင်ငံကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံရမည် ဖြစ်ပါသည်။ လိုအပ်လာလျှင်ဘဝကို ရင်းနှီးစိုက်ထုတ်ပေးနိုင်ရမည်ဖြစ်ပါသည်။ ဟန်ဆောင်နိုင်ငံရေးသမားသည် မကြာမီကာလတွင်ပင် စိတ်ရင်းအမှန်အား မဖုံးကွယ်နိုင်ဘဲ အခွင့်အရေးသမားအဖြစ် ပေါ်လာရမည်ဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် ဟန်ဆောင်သူတို့ ၏ စိတ်ထားများတစ်စတစ်စပေါ်လာကြပြီဖြစ်ပါသည်။
ပွင့်လင်းမြင်သာသောခေတ်တွင် သတင်းစာရှင်းလင်းပွဲများ အခါအားလျော်စွာ ပြုလုပ်လာကြပါသည်။ သတင်း မီဒီယာများက သူတို့သိလိုသောအကြောင်းအရာများကို မေးလာတတ်ပါသည်။ ပရဟိတနိုင်ငံရေးသမားနှင့် အ သင်းတာဝန်ရှိသူတို့က စိတ်ရှည်စွာဖြေ ကြားပေးရမည်ဖြစ်သော်လည်း ရှောင်ချင်ကြသည်ကိုသတိထားမိပါသည်။
မှန်ကန်သူတို့သည်ရဲရင့်ကြ၏ ဆိုသည့်အတိုင်း စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်နေကြသူတို့သည် အား ရပါးရခြင်္သေ့ကဲ့သောအသံဖြင့်ဖြေကြ၏။ ဟန်ဆောင်နေသောသူများတွင်မူ ဝေ့လည်ကြောင်ပတ်သာ ဖြေကြလေသည်။
မိမိတို့၏သရုပ်မှန်စိတ်တို့ပေါ်လာ ပါတော့၏။ စကားထဲကဇာတိပြဆို သည့်အတိုင်း တွေ့ရ၏။ ခြင်္သေ့ဟန် ဆောင်ထားသော မြေခွေးပမာဆိုသော အသံမှာကွဲပြားလာပါသည်။ ယခုရက် ပိုင်းနိုင်ငံ၏အရေးပါသော လူမှုရေးအဖွဲ့ တစ်ဖွဲ့၏ တာဝန်ရှိသူတချို့ဖြေဆိုသော အဖြေများမှာ စိတ်ပျက်ဖွယ်ရာကြားသိ ရပါသည်။ နိုင်ငံနှင့် ပြည်သူတို့အပေါ် အ မှန်တကယ်ကောင်းစေချင်သော နိုင်ငံရေးသမားတို့သည် ကိုယ်ကျိုးမဖက် ဘဝပျက်ခံ၍ပင် လုပ်ကြ၏။ ကမ္ဘာ့နိုင်ငံအ သီးသီးရှိ သမိုင်းဝင်နိုင်ငံရေးသမားတို့သည် မိမိနိုင်ငံနှင့်လူမျိုးအပေါ် စေတနာ အစစ်အမှန်တို့ဖြင့် ပြုမူဆောင်ရွက်ခဲ့ကြ သည်ကိုတွေ့ရ၏။ ဟန်ဆောင်နိုင်ငံရေး သမားဟူသည် သမိုင်း၌အရာမထင် ပျောက်ရှခဲ့ကြရသည်သာ။
နိုင်ငံရေးနှင့်ပရဟိတဆိုသည်မှာ ဟန်ဆောင်လုပ်၍မရနိုင်ပါ။ ဟန်ဆောင်သည်နှင့်ပတ်သက်သော ပုံပြင်လေးတစ် ပုဒ်ဤနေရာတွင် တင်ပြလိုပါသည်။
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်တွင် မင်းလုပ်အုပ်ချုပ်နေသော ဘုရင်နဲ့မှူးမတ်များသည် ရသေ့တစ်ပါးကို မင်းဆရာအဖြစ်ကိုးကွယ်ကြ၏။ ဘုရင်ကြီး၏ အခက်အခဲမှန်သမျှအား မှော်ပညာနှင့် ကူညီဖြေရှင်းပေးလေ့ရှိ၏။ တစ် နေ့မမျှော်လင့်ဘဲဝန်ကြီး၊ အမတ်နဲ့ဘုရင်ကြီးဟာ ရုတ်တရက်နတ်ရွာစံကွယ်လွန်သွားကြတယ်။ ကျန်ရှိတဲ့အမတ်နဲ့ဝန်ကြီး တို့ဟာ လစ်လပ်နေတဲ့ဘုရင်နေရာနဲ့ အမတ်ဝန်ကြီးများနေရာတွေအတွက် ရွေးချယ်ပေးဖို့ ဆရာ့ရသေ့ထံမှာသွားရောက် လျှောက်ထားကြပါတယ်။ ဆရာရသေ့ကြီးကလည်း နောက်ဆယ်ရက်နေရင် လာခဲ့ကြလို့မှာလိုက်ပါတယ်။ ရသေ့ကြီး လည်းဘုရင်၊ ဝန်ကြီးအမတ်အတွက်အပင်ပန်းခံလိုက်မရှာတော့ဘဲ ကျောင်းသင်္ခမ်းအနီးရှိသစ်ပင်ပေါ်က မျောက်တစ် ကောင်ကိုခေါ် မှော်ပညာနဲ့မန်းမှုတ်ပြီး ချည်ကြိုးကိုကွင်းလုပ်ကာ မျောက်ကြီးလည်ပင်းစွပ်လိုက်လေရာ အင်မတန် ဥပဓိရုပ်ခန့်ညားတဲ့ လူသားဖြစ်သွားပါတယ်။ ရသေ့ကြီးက မျောက်ကြီးကိုယခု လိုမေးပါတယ်။
” ကဲ … အမောင်မျောက် မင်းကိုဘုရင်လုပ်ခိုင်းမယ် လုပ်နိုင်ပါ့မလား”
” ဟုတ်ကဲ့ … ရှင်ရသေ့ လုပ်နိုင်ပါ တယ်ခင်ဗျာ”
နောက်တစ်ခါ ဝန်ကြီးနေရာအတွက် ကျောင်းနားကမြက်ခင်းမှာ လာစားနေတဲ့ မြင်းကြီးကိုချည်မန်းကွင်းစွပ် လိုက်ပြန်ပါတယ်။ လူဖြစ်သွားပြန်တယ်။ သူ့ကိုဝန်ကြီးနေရာလုပ်ဖို့ပြောတော့ သဘောတူတာနဲ့ နောက်တစ်ယောက် အ မတ်နေရာအတွက် တောဆိတ်တစ်ကောင်ကို လူဖြစ်အောင်လုပ်လိုက်ပြန်ပါတယ်။ ရသေ့ကြီးဟာ မျောက်၊ မြင်းနဲ့ ဆိတ်ကို ယခုလိုမှာပါတယ်။
” မင်းတို့ဟာ တကယ်တော့လူမ ဟုတ်ကြဘူးဆိုတာကို မမေ့ကြပါနဲ့။ အထူးသဖြင့် ငါမန်းထားတဲ့ချည်မန်းကွင်း ကိုမပြတ်အောင်သတိနဲ့ ထိန်းထားရမယ်။ ကြိုးပြတ်သွားလို့ကတော့ သုံးယောက်စလုံး မူလပုံစံဘဝကို ပြန်ရောက် သွားလိမ့်မယ်။ သတိနဲ့နေကြပေတော့”
အဲဒီလိုနဲ့ နန်းတော်ကမှူးမတ်များ ရောက်လာကြတော့ အယောင်ဆောင် ထားတဲ့ ဘုရင်၊ ဝန်ကြီးနဲ့အမတ်ကြီးတို့ ကိုတွေ့လိုက်တော့ အားရဝမ်းသာနဲ့ ရသေ့ကြီးကို ကျေးဇူးတင်ဦးချပြီး နန်းတော်ထဲကိုခေါ်ဆောင်သွားပါတော့တယ်။
နန်းတွင်းထဲရောက်တာနဲ့ ဘုရင်ကြီးကိုပုလ္လင်ပေါ်တင်၊ ဝန်ကြီးနဲ့အမတ်ကို နေရာပေးကာ နန်းတွင်းညီလာခံ ကိုပုံမှန်ကျင်းပပါတော့တယ်။ ခဏတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့အယောင်ဆောင်ဟန်ဆောင်ခြင်းသည် တခဏ သာဆိုတဲ့အတိုင်း တစ်နေ့မှာတော့ ဘုရင်ဖြစ်နေတဲ့မျောက်ဟာ ဣန္ဒြေနဲ့ငြိမ် နေရတာမအောင့်နိုင်တော့ဘဲ မျောက် တို့ထုံးစံအတိုင်း ဟိုကုတ်ဒီကုတ်လုပ် ရင်းနဲ့လည်ပင်းက ချည်မန်းကြိုးကို မတော်တဆဆွဲဖြုတ်မိသွားတယ်။ ပလ္လင် ပေါ်မှာ မျောက်ကြီးငုတ်တုတ်ထိုင်နေ တာကို တွေ့လိုက်ကြတယ်။ မင်းပရိသတ်ထဲမှာလည်း မြင်းနဲ့ဆိတ်ကြီးရောက် နေပါတော့တယ်။ ကျန်ရှိနေတဲ့မှူးမတ် တွေလည်း အံ့ဩထိတ်လန့်စွာနဲ့ မျောက်၊ မြင်းနဲ့ဆိတ်ကိုနန်းတွင်းကနေ မောင်း ထုတ်လိုက်ကြရသတဲ့။
ဒီဥပမာလိုပါပဲ ။ နိုင်ငံရေးနဲ့ပရဟိတ စိတ်ဆိုတာ ဟန်ဆောင်လုပ်လို့မရပါ ဘူး။ ဟန်ဆောင်ခဲ့လျှင်လည်း သူတို့၏ လောဘ၊ ဒေါသ၊ မောဟတွေကိုကြာ ရှည်စွာမထိန်းနိုင်ဘဲ မူလစိတ်ထားများ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဟန် ဆောင်မှုကင်းဝေးသော နိုင်ငံရေးဖြစ်ပြီး ပွင့်လင်းမြင်သာ ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းများ၏ နိုင်ငံတော်ဖြစ်ပါ စေ။ လူသားအချင်းချင်း လှည့်ပတ်ခြင်းလည်း ကင်းဝေးကြပါစေဟု ဆန္ဒပြုရေးသားတင်ပြလိုက်ပါသည်။

ညီမေတ္တာ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်