ပညာရေးဝန်ကြီးဌာနက လူသားကောင်းများ မွေးထုတ်နေဟုဆို

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမူဝါဒ (မဟာဗျူဟာစီမံကိန်း)တွင် ဖော်ပြထားသည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မခွဲခြားဘဲကျောင်းနေအရွယ် လူငယ်၊ လူရွယ်အားလုံး လူသားကောင်းများဖြစ်စေရန် ပြုစုပျိုးထောင်ပေးနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
အဆိုပါပြောကြားမှုသည် ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်းမှဆောင်ရွက်ပြီးစီးခဲ့သည့် စာသင်ကျောင်း ၃၀၀ ပြည့်အထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ပညာရေးမူဝါဒ မဟာဗျူဟာစီမံကိန်းထဲမှာပါတဲ့အတိုင်း မည်သူမျှခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်အားလုံး လူသားကောင်းတွေဖြစ်ဖို့ ပြုစုပျိုးထောင်ပေးနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ထိုပြင်ကျောင်းသားကျောင်းသူအားလုံး အသင်းအဖွဲ့တည်ဆောက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်အောင်လေ့ကျင့်ပေးနေကြောင်း အရည်အသွေးမြင့်မားသည့် ဆရာကောင်းများမွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကောလိပ်များကို လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များဖြစ်အောင် အဆင့်မြင့်တင်ပေးနေကြောင်း ၎င်းကဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ နိပွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့နှင့် ၂၀၁၂ ခုနှစ်မှ စတင်ပူးပေါင်းဆောင်ရွက်ခဲ့ရာမှ ယခုအခါတွင် စာသင်ကျောင်းဆောင်သစ် ၃၀၀ ကျော်ဆောက်လုပ်ပေးနိုင်ခဲ့ပြီး အချို့ကျောင်းများကိုလည်း ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်