စာမေးပွဲဖြေဆိုခန်းတွင် ဆေးရုံတက်ခဲ့ရသော လေးတန်း၊ ရှစ်တန်းကျောင်းသားကျောင်းသူများအား နှုတ်မေး၊ နှုတ်ဖြေစနစ်ဖြင့် စာမေးပွဲပြန်လည်ကျင်းပပေးမည်

အခြေခံပညာအဆင့်အစိုးရစစ်ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်း နောက်ဆုံးစာမေးပွဲတွင် ဘာသာရပ်တစ်ခုဖြေဆိုပြီး ဆေးရုံသို့ တက်ရောက်ကုသရကာ ဆက်လက်ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို နှုတ်မေး၊ နှုတ်ဖြေပြန်စစ်ဆေးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
” သူတို့တွေတစ်နှစ် တစ်တန်းနစ်နာသွားမှာစိုးတဲ့အတွက် အခုလိုနှုတ်မေးနှုတ်ဖြေပြန်လုပ်ပေးဖို့စီစဉ်နေပါတယ်။ ပြီးတော့ တစ်နှစ်လုံးရဲ့ရလဒ်ကိုကြည့်ပြီး အအောင်အရှုံး သတ်မှတ်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအတန်းများ၏ စာမေးပွဲရလဒ်အဖြစ် အမှတ် ၈ဝ နှင့်အထက်ကို (အေ)အဆင့်၊ အမှတ် ၆ဝ မှ ၇၉ မှတ်အထိကို (ဘီ)အဆင့်၊ အမှတ် ၄ဝ မှ ၅၉ မှတ်အထိကို (စီ)အဆင့်၊ အမှတ် ၃၉ အောက်အဆင့်ကို (ဒီ)အဆင့် ဖြင့်သတ်မှတ်ပြီး နောက်ဆုံးစာ မေးပွဲတွင် ဒီအဆင့်ရရှိသော ဘာသာရပ်များကို အခန်းဆုံးစစ်ဆေး စဉ်ရရှိခဲ့သည့် ရမှတ်အဆင့်ဖြင့် ပြန်လည်တွက်ချက်ပြီးအအောင် အရှုံးသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက် အထိ ကျင်းပခဲ့ပြီး အဆိုပါစာမေး ပွဲတွင် ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနက် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက် ကုသရသူနှင့် ဘာသာရပ်တစ်ခုဖြေဆိုပြီး အခြားဘာသာရပ်များကို ဆက်ဖြေဆိုနိုင်ခြင်း မရှိသူများအား နှုတ်မေး၊ နှုတ်ဖြေစစ်ဆေးမှုပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်