ကျပ်နှစ်သောင်းသတ်မှတ်ထားသော ရွှေစက်တော်တည်းခိုခန်းခများအား ကျပ်တစ်သိန်းအထိ တောင်းယူနေမှု တိုင်ကြားသူမရှိ၍ အရေးမယူဟုဆို

မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ဘုရားပွဲတော်ရက်ဖြစ်သည့် တပေါင်းလပြည့်နေ့အတွင်း ဘုရားဖူးများအပေါ် တည်းခိုခန်းခဈေးနှုန်းများ သတ်မှတ်ထားသည်ထက် ပို၍တောင်းခံလာပြီး ဈေးနှုန်းကျပ်တစ်သိန်းအထိတိုးမြင့်သွားကြောင်း သိရသည်။
“ တပေါင်းလပြည့်နေ့အပါအဝင် ရုံးပိတ်ရက်လေးရက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ဘုရားဖူးယာဉ်တွေအတော်ကြီးကို စည်ကားပါတယ်။ ပွဲတော်အဝင်မှာ ယာဉ်အပ်နှံထိန်းသိမ်းခကောက်ခံတဲ့ဂိတ်ရှိပြီး အဲဒီမှာကြန့်ကြာမှုဖြစ်နေလို့ လှေတင်တံတားအထက်ပိုင်းကနေ ပွဲတော်အထိ ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ တည်းကျောင်းခဈေးတွေကလည်း သတ်မှတ်ထားသည်ထက် ပိုယူနေကြပါတယ်။ တချို့ဆိုတစ်သိန်းကျော်အထိ ပေးတည်းရတဲ့သူတွေရှိတယ်” ဟု ရန်ကုန်မှဘုရားဖူးလာရောက်သူ ဦးတင်ဝင်းက ယူနတီသို့ပြောသည်။
တည်းကျောင်းများ လုပ်ကိုင်ခွင့်ပေးရာတွင် သတ်မှတ်ထားသည့်ဈေးနှုန်းများအား ရေစပ်တစ်ခန်းလျှင် ကျပ်သုံးသောင်း၊ ကုန်းပေါ်တစ်ခန်းလျှင် ကျပ်နှစ်သောင်းထက် ပိုမယူရန်နှင့် ပိုယူပါကစည်းကမ်းဖောက်ဖျက်မှုဖြင့် ဒဏ်ရိုက်မည်ဖြစ်ပြီး ကြိုတင်ရယူထားသည့် အာမခံငွေကျပ်သိန်း ၂၀ ထဲမှ ဖြတ်တောက်မည်ဟု စည်းကမ်းချက်သတ်မှတ်မှုတွင် ထည့်သွင်းထားသော်လည်း တိုင်ကြားလာသူမရှိသေးကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“ အဲဒီလိုပိုယူနေတယ်ဆိုရင် ကျွန်တော်တို့ဂေါပကအဖွဲ့ကိုလာတိုင်ပါ။ တိုင်တန်းသူမရှိသေးတဲ့အတွက် ဒီနေ့အထိတော့ အရေးယူတာမျိုးမရှိသေးပါဘူး။ မနေ့ကတော့ လာတိုင်တဲ့သူရှိပေမယ့် သူတို့ချင်းပြေလည်သွားလို့ တိုင်ကြားမှုကို ပြန်ရုပ်သိမ်းသွားတာတစ်ခုတော့ရှိတယ်။ တရားရုံးတွေမှာတောင် ကျေအေးရင်အမှုရုပ်သိမ်းပေးရသေးတာပဲလေ” ဟု ဂေါပကဥက္ကဋ္ဌဦးသိန်းလှိုင်က ယူနတီသို့ပြောသည်။
“ သတ်မှတ်ဈေးထက်ပိုယူတာကိုမတိုင်ရင် မှိန်းယူနေမယ်။ တိုင်ရင်ပြန်ပေးပြီး ပြေလည်မှုရယူမယ်။ ဒီလိုသာလက်ခံနေရင် ထုတ်ပြန်ထားတဲ့စည်းကမ်းချက်ဟာ အလကားပဲပေါ့။ လူ လေး၊ ငါး၊ ခြောက်ယောက်လောက်ပဲတည်းနိုင်တဲ့ ကြမ်းခင်းထရံကာတစ်ခန်းကို ဟိုတယ်အခန်းခထက် လေး၊ ငါးဆပိုယူနေတာကြောင့် ဘုရားဖူးတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်” ဟု မြို့သစ်မြို့နယ်မှ လာရောက်သူ ဦးအောင်ခင်က ယူနတီအားပြောသည်။ တည်းကျောင်းလုပ်ကိုင်ခွင့်ရသူများ သတ်မှတ်စည်းကမ်းမလိုက်နာမှုများရှိပါကဘုရားဖူးလာရောက်သူပြည်သူများမှ ဂေါပကအဖွဲ့ထံ လာရောက်တိုင်ကြားရန် တိုက်တွန်းထားသည်။

ဇော်မိုးထွန်း(မကွေး)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်