ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ် နေပြည်တော်တွင် ခုနစ်ရာကျော်ဖြင့် ဈေးတင်ရောင်းချ

နေပြည်တော်၌ တရားဝင်အောင်ဘာလေ သိန်းထီလက်မှတ်များကို သတ်မှတ်ဈေးနှုန်းများထက်ပို၍ ဈေးတင်ရောင်းချကြောင်းသိရသည်။
နိုင်ငံတော်အစိုးရမှ အောင်ဘာလေထီလက်မှတ်များအား ကျပ် ၅၀၀ ဖြင့်သာ ရောင်းချရန်ကြေညာထားခဲ့ပြီး ဈေးနှုန်းပိုမို၍ ရောင်းချမှုများရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်သည်ဟု ဆိုသော်လည်း ထီလက်မှတ်ရောင်းချသည့် ဆိုင်များအနေနှင့် သယ်ယူစရိတ်နှင့် တစ်ဆင့်ခံဝယ်ယူရသည့်အတွက် ငွေကျပ် ၅၀၀ ဖြင့် ရောင်းချရန်မဖြစ်နိုင်ဘဲ ၆၀၀ ကျပ်ဖြင့်ရောင်းချသည့်ဆိုင်သည် ဈေးနှုန်းအသက်သာဆုံးသောဆိုင်ဖြစ်နေပြီး နေပြည်တော်၌ပင် ထီလက်မှတ်တစ်စောင်လျှင် ၇၀၀ ကျော်ဖြင့် ရောင်းချနေကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် လှည့်လည်ရောင်းချသည့် လက်ပွေ့ထီသည်များ၊ တွန်းလှည်းနှင့်ရောင်းသည့်ထီသည်များ၊ ကား(သို့မဟုတ်)သုံးဘီး၊ ဆိုင်ကယ် စသည်တို့ဖြင့် ရောင်းချသည့် ထီလက်မှတ်ရောင်းချသူများအပေါ် ဈေးနှုန်းပိုရောင်းသည်ကို နားလည်ပေးနိုင်သော်လည်း နာမည်ကြီးထီကုန်သည်များဖွင့်လှစ်ထားသည့် ဆိုင်များ၌ပင် ဈေးနှုန်းပို၍ရောင်းချနေကြသည်မှာ သဘာဝမကျဟု ထီကံစမ်းသူများမှ ဝေဖန်ကြသည်။
” ထီလက်မှတ်တွေကို လက်ပွေ့ရောင်းတဲ့သူတွေ ကားတို့ဆိုင်ကယ်တို့နဲ့ ရောင်းတဲ့သူတွေ၊ဆိုက္ကား၊သုံးဘီးနဲ့ရောင်းတာထက်နာမည်ကြီးဆိုင်တွေက ဈေးပိုရောင်းတာကတော့ သိပ်သဘာဝမကျဘူးဗျာ။ အဲ့ဒါတွေကိုတော့ အရေးယူပေးစေချင်တယ်။ အရေးမယူဘူးဆိုရင်တောင် ဈေးနှုန်းမှန်မှန်နဲ့ရောင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအောင်ဘာလေထီဆိုတာက တရားဝင်နိုင်ငံတော်ကထုတ်တဲ့ ထီလက်မှတ်လေ။ ဒါကြောင့်ဒီလိုမဖြစ်သင့်ဘူးလို့ထင်ပါတယ်။ နိုင်ငံတော်ကလည်း ဈေးပိုရောင်းရင်တိုင်ကြားနိုင်တယ်။ အရေးယူမယ်လို့ ကြေညာထားတာပဲ” ဟု ထီဝါသနာရှင် ဦးဒေါင်ဂျုံးက ပြောသည်။
ထီကံစမ်းသူများနှင့် ထီကုန်သယ်များ၏ ပြောကြားချက်အရ ပြည်တွင်းအခွန်ဦးစီးဌာနမှ ထီလက်မှတ်များ လွယ်ကူစွာဝယ်ယူခွင့်မရခြင်းသည် ဈေးနှုန်းပိုမိုရောင်းချရခြင်း၏ အဓိကအချက်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့်ထီလုပ်ငန်းလုပ်ကိုင်သူများမှ ထီလက်မှတ်ဈေးနှုန်း မှန်မှန်ကန်ကန်ရောင်းဝယ်နိုင်စေရေးနှင့် ဈေးနှုန်းထိန်းချုပ်နိုင်ရေးတို့အတွက် ပြည်တွင်းအခွန်ဦးစီးဌာနမှ ထီလက်မှတ်များကို အလွယ်တကူဝယ်ယူခွင့်ရရန် ဆောင်ရွက်ထားသင့်ကြောင်း ထီလက်မှတ်ဈေးနှုန်းများ အလျင်အမြန်မထိန်းချုပ်နိုင်ပါက ထီကံစမ်းသူများလမ်းလွှဲလိုက်ကာ နှစ်လုံး၊ သုံးလုံး စသည့်ချဲထီများကို ပြန်လည်ဦးလှည့်သွားစေနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ဘရန်ဆိုင်း

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်