သာစည်မြို့ပေါ်ရပ်ကွက်အချို့ စည်ပင်ရေမလုံလောက်၍ ဒုက္ခကြုံတွေ့ဟုဆို

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ် ၅ ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများအား မြို့နယ်စည်ပင်သာယာရေး ရေပေးဝေရေးမှ ၁ ပတ် တစ်ခါသာ ပေးနေသည့်အတွက် ရေလုံလောက်မှုမရှိကြောင်း သိရသည်။
သာစည်မြို့ အမှတ် ၅ ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများသို့ သာစည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လွှတ်ပေးနေသည့် အများသုံးရေမှာ(၇)ရက် (၁)ပတ်လျှင်(၁)ကြိမ်သာပေးကြောင်း အချို့နေအိမ်များ၌ ရေထည့်သုံးရန်အတွက် အုတ်ကန်၊ ကျောက်စည်ပိုင်း၊ ပီပါ စသဖြင့် အများအပြားမရှိကြ၍ တစ်ပတ်တစ်ခါလာသော စည်ပင်ရေအား သိုလှောင်ထားစရာမရှိကြသူများမှာ ရေပြတ်လျှင် ပြင်ပမှရေကို ဝယ်ယူသုံးစွဲကြရကြောင်း ဒေသခံများက ပြောသည်။
“ ကျမတို့က အောင်သုခဆန်စက်ဘေးလမ်းက ရေပိုက်ကရေယူတာပါ။ ရေကပြည့်အောင်မရဘူး။ သန့်လဲမသန့်ဘူး ပေးတဲ့အချိန်ကလည်း နည်းတော့ရေကမပြည့်ဘူး။ ခုလိုနွေရာသီရောက်လာချိန်မှာ ရေလာချိန်နည်းပါတယ်” ဟု မနှောင်းနှောင်းက ဆိုသည်။
ရပ်ကွက်နေပြည်သူများ၏ တူညီသောပြောဆိုချက်များအရ ဆောင်းရာသီနှင့်မိုးရာသီများတွင် ရေကိုများများလွှတ်ပေးပြီး နွေရာသီရောက်ချိန်၌ ရေလွှတ်ပေးချိန် နည်းသွားကြောင်း လူများကဆိုသည်။ အချို့တည်းခိုခန်းပိုင်ရှင်များမှာ ကိုယ်ပိုင်ရေတွင်းများကိုသာ အားကိုးနေကြရပြီး စည်ပင်ရေကို အသုံးနည်းကြောင်းနှင့် အချိန်တိကျစွာရေးပေးခြင်းမျိုး မဟုတ်၍အားကိုးမရနိုင်ကြောင်း ဆိုသည် “ စည်ပင်ရေကပေးတဲ့အချိန် အတိအကျပေးတာမျိုးမဟုတ်လို့ ကျွန်တော်တို့ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့ ရေလာချိန်ကိုမသိတာမျိုးရှိတယ်။ ညဘက်သန်းကောင်မှာ ရေပေးတာမျိုးဆိုရင်လည်း မသိနိုင်ဘူး ဒါ့ကြောင့်ကိုယ်ပိုင်ရေကိုပဲ အားကိုးသုံးခဲ့ရပါတယ်” ဟု ဦးမျိုးထွန်းက ဆိုသည်။ မြို့နယ်ရေပေးဝေရေးအဖွဲ့မှ အနည်းဆုံး ၅ ယူနစ်လောက် ရေကိုသုံးပေးရမယ်၊ လုံးဝမသုံးလို့တော့မရကြောင်း လက်မှတ်ရေးထိုးခိုင်းပြီး ရေကိုလုံးဝမသုံးခဲ့ပါလျှင် စည်ပင်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဦးမျိုးထွန်းမှ သူ၏အဖြစ်အပျက်ကို ရှင်းပြသည်။
“ ကျွန်တော်တို့မှာရေနဲ့ပတ်သက်လို့ အခက်အခဲမရှိပါဘူး။ မီးပျက်တဲ့အခါမျိုးတို့မှာတော့ ရေလွှတ်ရတာအခက်အခဲရှိတတ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူမှဆိုသည်။ သာစည်မြို့ အမှတ် ၅ ရပ်ကွက်ရှိ စည်ပင်သာယာရေးကြီး၏ အရှေ့ဘက်လမ်း တောင်ဘက်ထောင့် MCC ကွန်ပျူတာသင်တန်း တိုက်တန်းရှေ့ကားလမ်းမပေါ်တွင် အများပြည်သူသုံး စည်ပင်ရေပိုက်ပေါက်နေခြင်းနှင့် ၎င်းဈေး၏ အရှေ့မြောက်ဘက်ထောင့် လမ်းဘေးတွင်လည်း အများပြည်သူသုံး ရေပိုက်ပေါက်နေခြင်း၊ အလားတူအမှတ် ၆ ရပ်ကွက် သမဝါယမဆိုင်ဟောင်း၏ အရှေ့မြောက်ထောင့် လမ်းမဘေးတွင်လည်း စည်ပင်ရေပိုက်ပေါက်နေခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရပြီး စည်ပင်မှကွင်းဆင်းစစ်ဆေးမှု အားနည်းနေသည်ဟု ဒေသခံအချို့က ဝေဖန်သည်။

နေဝင်း(သာစည်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်