အသတ်ခံရပြီး ရွှေလီမြစ်ကမ်းတွင်ပုပ်ပွနေသည့် လူငယ်အလောင်းအား ယနေ့အထိဇာတိလိပ်စာ မသိသေး

မြန်မာနိုင်ငံအပိုင် ရွှေလီမြစ်ကမ်းဘေးတွင် တွေ့ရှိသောဆာလာအိတ်ဖြင့်ထုပ်ထားသည့် အသတ်ခံရသောအမျိုးသားအလောင်းမှာ တရုတ်နိုင်ငံဘက်က မျောပါလာခြင်းဖြစ်နိုင်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအုပ်ကျော်မိုးက ပြောသည်။
“ ဒီအထုပ်က အထက်ပိုင်းက မျောပါလာတာဖြစ်တဲ့အတွက် တရုတ်ဘက်ကဖြစ်ဖို့များတယ်။ ဘာလို့လဲဆိုတော့ ရွှေလီရဲ့အထက်ဘက်မှာ ရေပိုင်နက်က မြန်မာပိုင်နက်ကနည်းတယ်။ တရုတ်ပိုင်နက်ကများတယ်။ အဲ့ဒါကြောင့် တရုတ်ဘက်ကိုလည်း အကြောင်းကြားထားပါတယ်” ဟု၎င်းကဆိုသည်။
အသတ်ခံရသော အမျိုးသားအလောင်းမှာ ပုပ်ပွနေခြင်းကြောင့် ယနေ့အချိန်အထိမည်သူမည်ဝါဖြစ်မှန်း မသိသေးကြောင်းနှင့် အနီးပတ်ဝန်းကျင်နယ်မြေများသို့ လိုက်လံစုံစမ်းရာ လူပျောက်တိုင်ထားမှုလည်းမရှိကြောင်း ရဲအုပ်ကျော်စိုးမိုးက ပြောသည်။
“ ဘယ်သူဘယ်ဝါမှန်းတော့ စုံစမ်းလို့မရသေးပါဘူး။ အလောင်းက လက်အရေခွံလက်ဗွေကို စစ်ဆေးပေးဖို့ မှုခင်းတပ်ဖွဲ့စီအိုင်ဒီရုံးကို ပို့ထားပါတယ်” ဟု ၎င်းကဆက်လက်ရှင်းပြသည်။
အဆိုပါ အသတ်ခံရသူအမျိုးသားအလောင်းကို မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေလီမြစ်ကမ်းဘေး၌ ဆာလာအိတ်ဖြင့်ထုပ်ထားသည်ကို ဖေဖော်ဝါရီ ၁၉ ရက်ကတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဆာလာအိတ်အတွင်း ကျောက်တုံးထည့်လျက် အသက် ၂၅ နှစ်ခန့် အမျိုးသားအလောင်းမှာ လက်ပြန်ကြိုးတုပ်ပြီး မျက်နှာနှင့်ပါးစပ်တို့အား အနီရောင်ပိတ်စဖြင့်စည်းကာ လည်ပင်းတွင် လေးလက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်နှင့်အတူ ပုပ်ပွနေသည်ကိုတွေ့ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သေဆုံးသူအမျိုးသားအလောင်းကို မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး မူဆယ်မြို့မရဲစခန်း၌ (ပ)၆၄/၂၀၁၈ ဥပဒေပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ရဲကျော်ထက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်