ရုပ်ရှင်ရုံများ လစဉ်ဝင်ငွေသိန်းရာချီ ရရှိနေသော်လည်း နိုင်ငံတော်အစိုးရသို့ ငှားရမ်းခပေးသွင်းငွေ အလွန်အကျွံနည်းပါးနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများငှားရမ်းမှုသည် နိုင်ငံတော်အတွက်ဝင်ငွေခွန် အလွန်နည်းပါးမှုများ ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
ယခင် မြန်မာ့ရုပ်ရှင်ရုံများကိစ္စအား ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ကိုင်တွယ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်၌ ရှိခဲ့ရာမှ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတစ်ခုသာ တိုင်းလက်အောက်ခံရောက်ရှိခဲ့ရာတွင် ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများ၏ ငှားရမ်းခနှုန်းထားများ အလွန်နည်းပါးနေမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ သမ္မတရုပ်ရှင်ရုံအပါအဝင် ရုံပေါင်း ၁၄ ရုံနဲ့ ဆိုင်ခန်းတွေငှားရမ်းထားတာက အခုခေတ်ကာလပေါက်ဈေးနဲ့ဆို အရမ်းနည်းတယ်။ ဒါကြောင့်လည်းလွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းပြပြီး မေးခဲ့တယ်။ နောက်ပြီးရုပ်ရှင်ရုံ ၁၄ ရုံကို နှစ်ရှည်စနစ်ငှားရမ်းထားတာက အရင်အစိုးရလက်ထက် BOT စနစ်နဲ့ပေါ့။ သက်တမ်းကို တိုးတိုးပြီးငှားထားတာ။ ငှားထားတဲ့နှစ်ရှည်ငှားရမ်းမှုကတော့ ၂၀၃၀ လောက်အထိ ရှိနေနိုင်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပဥ္စမပုံမှန်အစည်းအဝေးတွင် မြန်မာရုပ်ရှင်မြှင့်တင်ရေး၏ သာမန်ရငွေများ စိစစ်ရာ၌ရုပ်ရှင်ရုံနှင့် ဆိုင်ခန်းများငှားရမ်းခအလွန်နည်းနေသည့် မေးခွန်းမေးခဲ့ရာမှ သမ္မတရုပ်ရှင်ရုံငှားရမ်းခသည် အလွန်နည်းပြီး ရုပ်ရှင်ရုံ၏ဝင်ငွေမှ လစဉ်သိန်းထောင်ချီဝင်နေကြောင်း၊ ထို့အတူကျန်ရှိသည့် ရုပ်ရှင်ရုံများလည်းပါဝင်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြသည်။
၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်တွင် သမ္မတရုပ်ရှင်ရုံကြီးအပါအဝင် ရုံ ၁၄ ရုံကို ငှားထားမှုမှ ကျပ်သန်းပေါင်း ၁၆၃ ဒဿမ ၆၉၃ သန်း၊ တစ်လ ၁၃၅ သိန်းသာ ရရှိသဖြင့် ယင်းငှားရမ်းမှု ၁၃၅ သိန်းတွင် ရုပ်ရှင်ရုံနှင့် ဆိုင်ခန်းများအားလုံး၏ ငှားရမ်းမှုဖြစ်သည်။
ထို့ကြောင့် တိုင်းဒေသကြီးအစိုးရမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ညှိနှိုင်းပြီး ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများငှားရမ်းခ တိုးမြှင့်ပေးရန် အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့သည်။
သို့သော် တိုးလိုက်သည့်ရုပ်ရှင်ရုံ ၁၄ ရုံငှားရမ်းမှုမှ တစ်လကို ၂၄၁ သိန်းနှင့် ဆိုင်ခန်းငှားခက ၃၀ ဒဿမ ၅၃၁ သိန်း တိုး၍ရရှိခဲ့ပြီး ယင်းငွေများသည် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည်ဖြစ်သော်လည်း ယခုခေတ်ကာလပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါနေသေးကြောင်း ၎င်းကဆိုသည်။
“ တိုးပြီးပေးဖို့ ညှိနှိုင်းလိုက်တဲ့အတွက် ခြောက်လအတွက်ရသင့်တဲ့ငွေဟာ အခုလျာထားတဲ့အခါ ကိုယ်စားလှယ်တွေကိုပေးတော့ ၁၀၅ ဒဿမ ၈၁၉ သန်းလို့ ဖော်ပြခဲ့တယ်။ အမှန်တကယ် ညှိနှိုင်းလိုက်တဲ့အတိုင်း လိုက်နာရင် သာမန်ရငွေရဲ့ လျာထားချက်က ၁၆၁ ဒဿမ ၉ သန်းဖြစ်တယ်။ ရငွေအတိုင်းစာရင်းအရကတော့ ၅၀ ဒဿမ ၁ သန်းပေါ့။ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာနအနေနဲ့ လိုအပ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရုပ်ရှင်ရုံများအား တိုးမြှင့်ပြီးကောက်ခံလိုက်သည့်ငွေများနှင့်ပတ်သက်၍ သမ္မတရုံသည် ၅၂သိန်း၊ ဆိုင်ခန်း သုံးခန်းဖြစ်ပြီး ဆိုင်ခန်းသုံးခန်းမှာ ကျပ် ၁၂၄၀၀၀ ဖြစ်၍ ညှိနှိုင်းဈေးကို ထုတ်ဝေသူများနှင့် မေးမြန်းရာ၌ သမ္မတရုံမှာ ရုပ်ရှင်တစ်ကားကို နှစ်ပတ်တင်ပြီး လူကြိုက်များအောင်မြင်သည့်ကားဖြစ်ပါက တစ်ပတ်တည်းနှင့် သိန်း ၅၀၀ ဝင်ကြောင်း၊ နှစ်ပတ်လျှင်အနည်းဆုံး သိန်း ၄၀၀၊ တစ်လကိုအနည်းဆုံး သိန်း ၈၀၀ ရကြောင်း၊ ထုတ်လုပ်သူနှင့် ရုပ်ရှင်ရုံငှားသည့်သူ တစ်ဝက်စီခွဲယူကာ ပြုလုပ်နေကြောင်း ထို့ကြောင့် သမ္မတရုပ်ရှင်ရုံသည် မည်သည့်ကားတင်တင် သိန်းတစ်ထောင်ကျန်ပြီး ဝန်ထမ်းခနှင့် ဝန်ဆောင်မှု Maintenance ခများ နှုတ်ရင် သိန်း ၅၀၀ ကျန်၍ ယင်းသိန်း ၅၀၀ အသားတင်မှ နိုင်ငံတော်က ၅၁ သိန်းသာရသဖြင့် အလွန်ပင်ရင်နာစရာကောင်းပြီး အလွန်နည်းသောဈေးနှုန်းဖြစ်ကြောင်း ဦးကျော်ဇေယျမှ ဆက်လက်ပြောကြားသည်။
ထို့အပြင် နဝဒေးရုပ်ရှင်ရုံသည် ၄၅ သိန်းဖြင့်ငှားရမ်းထားပြီး ဆိုင်ခန်းအားဖြင့် ၁၂ ခန်းကို ခုနစ်သိန်းဖြင့် ငှားထားသဖြင့် စိစစ်သင့်ကြောင်း သမ္မတရုံနှင့် နဝဒေးရုံတို့သည် ရုံငှားသူများမှဆိုင်ခန်းများကို ပြန်လည်ငှားရမ်းခြင်းဖြစ်ကြောင်း ရုပ်ရှင်ရုံ ၁၄ ရုံ၏ ဆိုင်ခန်းစုစုပေါင်း ၆၇ ခန်းတွင် ငှားရမ်းခသိန်းပေါင်း ၄၇၆၀၀၀ ရှိကြောင်း သိရသည်။
“ မြို့လယ်ခေါင်ကြီးတွေမှာရှိတဲ့ သမ္မတရုံ၊ နေပြည်တော်ရုံတို့ရဲ့ ငှားရမ်းခတွေလည်း အလွန်နည်းတယ်။ ဒါကြောင့်ကာလပေါက်ဈေးနဲ့ ပြန်လည်ချင့်ချိန်သင့်ပါတယ်” ဟု ဦးကျော်ဇေယျက ဆိုသည်။
ရန်ကုန်မြို့အတွင်းရှိ ရုပ်ရှင်ရုံများအား ငှားရမ်းထားမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက သေချာမသိရှိသေးသဖြင့် သုံးသပ်၍မရသလို အမှန်မှာပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသင့်ပြီး ၎င်းတို့၏အပြောသာအတည်ဖြစ်၍ သုံးသပ်ပြောပေးရန်ခက်ခဲကြောင်း ဖြေကြားသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်