ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အပူချိန်လွန်ကဲမှုသိမှတ်ဖွယ်ရာ ထုတ်ပြန်

၂ဝ၁၈ ခုနှစ် နွေဦးရာသီ အချိန်အခါသမယတွင် အပူချိန်လွန်ကဲမှုနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်များကြောင့် ပြည် သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် နောက်ဆက်တွဲဖြစ်ပွားတတ်သည့် ကျန်းမာရေးပြဿနာများအား သတိပြုမိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခန့်အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန်နှင့် အပြင်ထွက်ရန်လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့်ပခုံးတို့ပါ လုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားရန် လိုအပ်ပါကြောင်း၊ အဝတ်လွတ်ကင်းနေ သောလက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ(သို့မဟုတ်) SPS 15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲ မထွက်မီ ၁၅ မိနစ်ခန့်ကြိုလိမ်းရန်၊ နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း တစ်ခါထပ်၍လိမ်းပေးရန်နှင့် ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်နေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်ပါကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။
ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ရန်၊ ဆီး ချိုရောဂါ၊ နှလုံးရောဂါများ၊ အရက်အလွန်အကျွံသောက်သုံးသူများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများသည် ခရမ်း လွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်ပါသဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်ပါကြောင်းနှင့် ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည် အန္တရာယ်၏ဆိုးကျိုးများကို ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် အထူးဂရုပြုကာကွယ်ရန်၊ အထက်ပါအချက်ခုနစ်ချက်အား သတိပေးနှိုးဆော်ချက်များအနေဖြင့် ထုတ်ပြန်ကြေညာထားသည်။
လတ်တလော ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများပါ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ယခုနှစ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နွေရာသီကာလတွင် ဖြစ်ပေါ်လာ နိုင်သည့် လာနီညာအခြေအနေ ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိနေကြောင်း၊ လာနီညာဖြစ်ပေါ်မှုခန့်မှန်းသည့်သင်္ချာပုံစံမော်ဒယ်များအရ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၅၂ ရာခိုင်နှုန်းအထိရှိနေ ပြီဖြစ်ကြောင်း သိရသည်။
အရက်သေစာသောက်စားခြင်းဖြင့် အပူဒဏ်ပိုမိုခံစားရစေနိုင်ပြီး ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ရန်၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းများ ရှောင်ကြဉ်ရန်၊ ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆား များဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ရေ နှင့် ဓာတ်ဆားရည်ကိုလုံလောက်အောင် သောက်သုံးရန်နှင့် မိတ်နှင့်ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ရန်စသည့် အချက်များအား အပူဒဏ်ကြို တင်ကာကွယ်ရေးအနေဖြင့် သတိပြုလုပ်ဆောင်ရန် လိုအပ်ပါကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်