ရန်ကုန်- ပုသိမ်ကားလမ်းမကြီးဘေး အမျိုးသားတစ်ဦး၏အလောင်း လာရောက်စွန့်ပစ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရန်ကုန်- ပုသိမ်ကားလမ်းမကြီးဘေးတွင် ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နံနက်ပိုင်းက အသက် ၃၅ နှစ်အရွယ် အမျိုးသားအလောင်းတစ်လောင်း လာရောက်စွန့်ပစ်မှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါအလောင်းတွင် ဒဏ်ရာများပါရှိကြောင်း သိရသည်။
အဆိုပါအမျိုးသားအလောင်းကို ရန်ကုန်- ပုသိမ်ကားလမ်းမကြီး မိုင်တိုင် ၆၆ နှင့် ၆၆ မိုင် ၁ ဖာလုံကြားလမ်း ဘေးတွင်လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကာ အသတ်ခံရသူ၏ အမည်နှင့်လိပ်စာအား ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က “ အဲဒီဘက်ကလှမ်းပြောလို့သွားကြည့်တော့ သိရတာ။ အသတ်ခံရတဲ့သူဘယ်သူလဲဆိုတာ စုံစမ်းနေတယ်။ ဆရာဝန်ကြီးနဲ့လည်းပြင်ပဒဏ်ရာ အခြေအနေနဲ့ သေဆုံးချိန်အခြေအနေသိရဖို့ သွားစစ်ဆေးပြီး အသက်ခန့်မှန်းတာတွေ တိုးလ်ဂိတ်တွေကို ယာဉ်ဖြတ်သန်းချိန်တွေနဲ့ တိုက်ပြီးစစ်ဆေးနေတယ်” ဟု ပြောသည်။
ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးရာတွင် အလောင်းအားအုပ်ထားသည့်ပုဆိုးတစ်ထည်နှင့် ကားကူရှင်အစွပ်တစ်ခုသာ သဲလွန်စတွေ့ရပြီး လမ်းပေါ်မှဆွဲချသည့်သွေးစွန်းကြောင်းကိုလည်း တွေ့ရကြောင်း သိရသည်။
အဆိုပါအမည်မသိအမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ ကျောင်းကုန်းမြို့မရဲစခန်းမှ (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး လူသတ်တရားခံအား အမြန်ဆုံးဖမ်းမိနိုင်ရေး စုံစမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
စိုင်းကို(ကျောင်းကုန်း)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်