ပင်လယ်သမုဒ္ဒရာထဲသို့ ပလပ်စတစ်အမှိုက်သရိုက်များစွန့်ပစ်မှုကို ထိန်းချုပ်ဟန့်တားခြင်းမပြုလျှင် သမုဒ္ဒရာထဲရှိပလပ်စတစ်ပမာဏမှာ လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း သုံးဆမြင့်တက်လာမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရထံတင်ပြရန်ပြုလုပ်သည့် အစီရင်ခံစာတစ်ရပ်၌ ဖော်ပြသည်။
ပလပ်စတစ်ပြဿနာသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ သမုဒ္ဒရာပိုမိုပူနွေးလာမှုနှင့် ရေထုညစ်ညမ်းမှုတို့နှင့်အတူ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ရင်ဆိုင်နေရသည့်အရေးကိစ္စတစ်ခုဖြစ်သည်ဟု Foresight Future of the Sea အစီရင်ခံစာကဆိုသည်။ ပင်လယ်ထဲသို့ ပလပ်စတစ်စွန့်ပစ်မှုကို ထိန်းချုပ်ဟန့်တားခြင်းမပြုပါက ၂၀၃၀ အရောက်တွင် ကမ္ဘာ့ရေထုထဲ ပလပ်စတစ်ပါဝင်မှုပမာဏ ယခုထက်သုံးဆပိုလာမည်ဟု သတိပေးသည်။
အရေးကြီးသည့် ရေလတ်နှင့် ရေရှည်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဝန်ကြီးများထံ အစီရင်ခံတင်ပြရန် ဗြိတိန်၌ Foresight အစီရင်ခံစာများကို တတ်သိပညာရှင်များက ရေးသားခြင်းဖြစ်ပြီး သမုဒ္ဒရာအကြောင်း နောက်ထပ်များစွာသိရန်လိုသေးသည်ဟု Foresight Future of the Sea အစီရင်ခံစာက ဆိုသည်။ သမုဒ္ဒရာသည် လူတို့၏ စီပွားရေးအနာဂတ်အတွက် အလွန်အရေးပါကြောင်း အစီရင်ခံစာပါဝင်ရေးသားသူတစ်ဦးဖြစ်သော ပါမောက္ခအက်ဒ်ဝပ်ဟီးလ်းက ပြောကြားသည်။ နောင်ရရှိလာမည့် ကမ္ဘာ့လူဦးရေ သန်း ၉ ထောင်သည် အစားအစာပိုရရန် သမုဒ္ဒရာဘက်လှည့်ရလိမ့်မည်ဟု ၎င်းကဆိုသည်။
Source: BBC
