လူစဉ်မမီတဲ့ ဝင်ငွေပြဿနာ

၂၀၁၈ မတ် ၁၇ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၁၇)
မြန်မာပြည်သူလူထုသည် ဘက်ပေါင်းစုံတွင် ကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရပြီး အလုပ်အကိုင် ရှားပါးခြင်းနှင့်အတူ အခြေခံ လုပ်ခလစာများ နည်းပါးလွန်းသည့်ဖြစ်စဉ်များကြောင့်အလုပ်သမား ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်လာနေပြီးဖြစ်သည်။
လက်ရှိမြန်မာအလုပ်သမားများ တောင်းဆိုနေသည့် တစ်နေ့ကျပ်ငွေ လေးထောင်ရှစ်ရာ ဟူသည်မှာ ခေတ်ကာလ ကုန်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်ပင် နည်းနေသော်လည်း အလုပ်သမားရေးရာဝန်ကြီးဌာန အနေဖြင့် ထိုမျှနှင့်ပင် ကျေနပ်လိုက်သည်မှာ ပြည်သူလူထုဘဝနှင့် အလှမ်းဝေးနေသည်ကို မီမောင်းထိုးပြသလို ဖြစ်နေသည်။
တိုင်းပြည်တွင်အမှုထမ်းနေသော ဌာနဆိုင်ရာအသီးသီးမှ အရာရှိအားလုံးနီးပါးမှာလည်း လူထု၏ပြဿနာများ အပေါ်တွင် တိုင်ကြားမှ အရေးယူသည့် စနစ်ဆိုးကြီးအား ယနေ့အထိ စွဲမြဲစွာ ကိုင်တွယ်ကျင့်သုံးနေဆဲရှိနေသည်။ ထို့ကြောင့် လူထုအနေဖြင့် နိုင်ငံသားတို့၏ ရပိုင်ခွင့်များအမြဲထာဝရ ဆုံးရှုံးနေခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင် သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
လူတစ်ဦးချင်းစီ၏ ရှင်သန်ရပ်တည်မှုတွင် နေ့စဉ်ဝင်ငွေသည် မဖြစ်မနေ အရေးကြီးသော အကြောင်းတစ်ရပ်ဖြစ်သော်လည်း မြန်မာပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အရေးကို ဦးစားပေးသည့် နိုင်ငံရေးစနစ် ပျက်သုဉ်းခဲ့ကာ ခရိုနီ အရင်းရှင်ဝါဒ ကြီးများ လွှမ်းမိုးချုပ်ကိုင်လာသော အဓမ္မစီးပွားရေး ပိုင်ဆိုင်မှုတွင် သာ အုပ်ချုပ်သူလူတန်းစားတို့က ပုံဖော်ခဲ့ကြလေသည်။
ယနေ့မြန်မာပြည်အခြေအနေသည် ဆင်းရဲချမ်းသာမတရား ကွာဟလာပြီး နိုင်ငံသားတို့၏ အခြေအနေမှာလည်း စနစ်ဆိုးများ၏ သိမ်းသွင်းမှုကြောင့် အမှန်တရားအပေါ် သစ္စာခံလိုစိတ် ခန်းခြောက်နေပြီးဖြစ်သည်။ မိမိ၏ မိသားစု အသိုင်အဝိုင်းအတွက်သာ တွေးတော ကြံဆမှုများ ရှိနေပြီး လုပ်သင့်မလုပ်သင့်ဟူသော လူမှုရပ်ဝန်းထိန်းကျောင်းနေထိုင်ရေး မူဝါဒကိုပင် လျစ်လျူရှုလာတတ်ကြပြီဖြစ်သည်။
နိုင်ငံတစ်ဝှမ်းလုံး၌ ဆင်းရဲ မွဲတေမှု ထူထပ်နေချိန်တွင် လုပ်ငန်းရှင်များအပေါ် တိုးမြှင့်ကောက်ခံခဲ့သော အခွန်ငွေသက်ရောက်မှုကလည်း အောက်ခြေစားသုံးသူများထံသို့သာ ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်လာခဲ့ပေသည်။
အစိုးရမှ အခွန်တိုးမြှင့်ကောက်ခံလိုက်သည်နှင့် စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများ ဆင့်ကဲတက်သွားကာနော်ကဆုံးအခွန်ထမ်းနေရသည်က လက်လုပ်လက်စားများပင်ဖြစ်နေတော့ သည် ။
နိုင်ငံတော်အား နိုင်ငံသားတို့၏ အခွန်ဖြင့် တည်ဆောက်သည်ကို လက်ခံရမည်ဖြစ်သော်လည်း ရရှိလာသည့် အခွန်ငွေများ မည်သို့တိုးမြှင့်ကောက်ခံနေစေကာမူ လူထုအတွက် ဆင်းရဲတွင်းနက်နေအုံးမည်ဖြစ်ပေသည်။
ယခင်အစိုးရလက်ထက်တွင် လုပ်အားခများနှင့် မင်းမှုထမ်းလစာများ အကြိမ်ကြိမ် တိုးမြှင့်ခဲ့သော်လည်း လုပ်ခလစာတိုးတက် ရရှိာလသည်နှင့်တပြိုင်နက် တစ်ဖက်တွင် ကုန်ဈေးနှုန်က ရုတ်တရက် ခုန်တက်သွားပေသည် ။ ထိုဖြင့်စဉ်ကြောင့် တိုးမြှင့်ရရှိလာသည့် အပိုဝင်ငွေများသည် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများထဲ ပြန်လည်မျှောပါသွားတော့ သည် ။ ဤ အခြေအနေကို လေ့လာကြည့်လျှင် အခြေခံလူတန်းစားများအား လုပ်အားခတိုးပေးလိုက်ခြင်းက အရင်းရှင်စီးပွားရေးသမားများ၏ စည်းစိမ်တောင့်တင်းရေးကိုသာ ဦးတည်သွားတော့သည်။ ဤသို့သော ဖြစ်ရပ်ဆိုးများအားမထိန်းကျောင်းနိုင်သရွေ့ အခြေခံပြည်သူလူထုမှာ ခရိုနီအရင်းရှင်တို့၏ ကျွန်ဘဝတွင် နေ့စဉ် လည်စင်းခံနေရမည်ဖြစ်ပါကြောင်း ယူနတီမှ သုံးသပ်လိုက်ရပေသည်။
အယ်ဒီတာ့ အာဘော်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်