စစ်တပ်ခေတ်မီရေး ဆက်လက်လုပ်ဆောင်နေသည့် တရုတ်တွင် လူလိုက်ပါခြင်းမရှိသော တင့်ကားများ စမ်းသပ်မောင်းနှင်

စစ်တပ်ကို ခေတ်မီအောင်လုပ်ဆောင်ရေးအစီအစဉ် ရှေ့ဆက်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသည် ဥာဏ်ရည်တုထည့်သွင်းအသုံးပြုနိုင်သည့် လူလိုက်ပါခြင်းမရှိသော တင့်ကားများကို စမ်းသပ်မောင်းနှင်နေကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာ Global Times က မတ်လ ၂၁ ရက်တွင် ဖော်ပြသည်။
လူလိုက်ပါခြင်းမရှိသော တင့်ကားများ စမ်းသပ်မောင်းနှင်နေပုံကို ထုတ်လွှင့်သည့်ရုပ်သံသတင်းတွင် Type 59 တင့်ကားတစ်စီးအား အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နေသည်ကို တွေ့မြင်ရသည်။ ယင်းမှာတရုတ်လုပ် လူလိုက်ပါခြင်းမရှိသည့် တင့်ကားတစ်စီးကို အများပြည်သူဆိုင်ရာ ပလက်ဖောင်းတစ်ခုတွင် ပထမဆုံးအကြိမ် ထုတ်ပြလိုက်ခြင်းဖြစ်သည်ဟု Global Times က ဆိုသည်။
Type 59 တင့်ကားကို တရုတ်နိုင်ငံတွင် ၁၉၅၀ ခုနှစ်များအတွင်း စတင်အသုံးပြုခဲ့သည့် ရှေးဆိုဗီယက်မော်ဒယ်တစ်ခုအပေါ် အခြေပြုတည်ဆောက်ခြင်းဖြစ်သည်ဟု သိရပြီး အရေအတွက်အများအပြားထုတ်လုပ်ထားကာ သက်တမ်းတာရှည်ခံသည်ဟု Global Times က ဖော်ပြသည်။ အနားပေးရတော့မည့် Type 59 တင့်ကားအမြောက်အမြားကို ဥာဏ်ရည်တုထည့်သွင်းလိုပါက လူလိုက်ပါခြင်းမရှိသော အဝေးထိန်းယာဉ်များအဖြစ် ပြောင်းလဲ၍ရကြောင်း တရုတ်စစ်ဘက်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်ငံ၏ တန်ခိုးဩဇာမြင့်တက်လာနေမှုကို ခိုင်မာအောင်လုပ်ရန်သမ္မတရှီကျင်းပင် အာရုံစိုက်နေခြင်းနှင့်အတူ တရုတ်သည် ရေဒါကိုရှောင်နိုင်သည့် တိုက်ခိုက်ရေးလေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်သစ်များ တည်ဆောက်ခြင်းတို့အပါအဝင် သူ့စစ်တပ်အတွက် အထင်ကြီလောက်စရာ ခေတ်မီအောင်လုပ်ရေး အစီအစဉ်တစ်ရပ် ဆောင်ရွက်လျက်ရှိသည်။
Source: Reuters

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်