ဒီမိုကရေစီနိုင်ငံရေးပြုပြင်ဆဲကာလ၌ သုံးဦးမြှောက်သမ္မတအဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရ

ဒီမိုကရေစီကူးပြောင်းကာလဖြစ်သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်း သုံးယောက်မြောက်သမ္မတ အဖြစ် ဦးဝင်းမြင့် ကို မတ်လ ၂၀ ရက်တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ရွေးချယ်တင်မြှောက်ကြောင်းကြေညာခဲ့သည်။
နိုင်ငံတော်၏ လစ်လပ်နေသော ၁၀ ဦး မြောက်နိုင်ငံတော် သမ္မတနေရာအတွက် ဒုတိယသမ္မတ သုံးဦးဖြစ်သည့် ဦးဝင်းမြင့် ၊ ဦးဟင်နရီဗန်ထီးယူ နှင့် ဦးမြင့်ဆွေတို့ကို ဆန္ဒမဲလက်မှတ် ဖြင့်လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခဲ့ရာ ဦးဝင်းမြင့်သည် ဆန္ဒမဲအရေအတွက် ၄၀၃ မဲဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သူ ၆၃၆ ဦး အနက် ဦးဝင်းမြင့် ၄၀၃ မဲဖြင့် အများဆုံးရရှိခဲ့ပြီး ဦးမြင့်ဆွေမှာ ၂၁၁ မဲဖြင့်ဒုတိယရရှိကာ ဦးဟင်နရီဗန်ထီးယူသည် ၁၈ မဲရခဲ့သည်။
အဆိုပါအစည်းအဝေးပွဲအပြီး ပြည်ထောင်စုလွှတ်တော် အဆောင့်အအုံမှာ ထွက်ခွာစဉ် မီဒီယာသမားများ၏ မေးမြန်းချက်ကိုသမ္မတ ဦးဝင်းမြင့်က “ ကျွန်တော်အတတ်နိုင်ဆုံး ပြည်သူ့တာဝန်ကျေအောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားပါမယ် ” ဟု ဖြေကြားခဲ့သည်။
ထိုသို့ကျင်းပခဲ့သော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် တက်ရောက်ခွင့်ရှိသူ ၆၅၆ ဦးအနက် ၆၃၆ ဦး တက်ရောက်ခဲ့ရာ အဓိက ပြိုင်ဘက်နှစ်ဦးဖြစ်သော ဦးဝင်းမြင့် က ဆန္ဒမဲအားလုံး၏ ၆၃ ရာခိုင်နှုန်း ကျော်ရရှိခဲ့ပြီး ဦးမြင့်ဆွေက ၃၃ ရာခိုင်နှုန်း ကျော်ရရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ လေ့လာသူအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးလည်းတက်ရောက်ခဲ့ကြသည် ။
နိုင်ငံတော် သမ္မတဟောင်း တစ်ဦးဖြစ်သူ ဦးထင်ကျော် ဝင်ရောက်ရွေးချယ်တင်မြှောက်ခဲ့စဉ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲအရေအတွက် ၃၆၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုတင်မြှောက်ခံခဲ့ရသော သမ္မတဦးဝင်းမြင့်သည် ဆန္ဒမဲအရေအတွက် ၄၀၃ မဲဖြင့် အနိုင်ရရှိပြီး သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဓနုဖြူ မြို့ နယ်မှလည်းကောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တာမွေမြို့နယ်မှလည်ကောင်း အနိုင်ရခဲ့သည်။
ရဲကျော်ထက်

11Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်