ဆားဘီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်သည် မိမိသားကိုမန်ချက်စတာယူနိုက်တက်အသင်း၏ အကယ်ဒမီတွင်အပ်နှံသည့် ယခုနောက်ဆုံးမန်ယူကြယ်ပွင့် ဖြစ်လာသည်။
ချယ်ဆီးကြယ်ပွင့်ဟောင်း မာတစ်ကသူ၏ ခုနစ်နှစ်အရွယ်သားဖြစ်သူ ဖီးလစ်ပ်ကို မန်ယူအကယ်ဒမီ၏ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် ဖွင့်လှစ်သည့်သင်တန်းသို့ အပ်နှံလိုက်ကြောင်းသိရသည်။ မာတစ်၏သား ဖီးလစ်ပ် သွားတက်ရသည့်သင်တန်းကို မန်ယူ၏ လေ့ကျင့်ရေးကွင်းဟောင်းတစ်ခုတွင် ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး မန်ယူကွင်းလယ်လူမိုက်ကယ်ကာရစ်၏သားလည်း တက်ရောက်နေသော သင်တန်းဖြစ်သည်။
မန်ယူအသင်း၏ လက်ရှိနှင့် ယခင်ကစားသမား တော်တော်များများက ၎င်းတို့၏ကလေးများကို မန်ယူအကယ်ဒမီတွင် အပ်နှံကြရာထိုအထဲတွင် မန်ယူဂန္ထဝင်များဖြစ်သည့် နစ်ကီဘတ်နှင့် ရိုင်ယန်ဂစ်တို့လည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သောရက်သတ္တပတ်က အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာသွားသောဝါရင့်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ကလည်း သူ့သားကို မန်ယူအကယ်ဒမီတွင် အပ်ခဲ့ဖူးသည်။ ကာရစ်၏သားတက်ရောက်နေသည့် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးတို့တွင် ဖွင့်သည့်သင်တန်းသို့ အီဗရာဟီမိုဗစ်က သူ့သားကို တက်ရောက်စေခဲ့ခြင်းဖြစ်သည်။ သို့သော် သူမန်ယူမှထွက်သွားသောကြောင့် သူ့သားလည်း ထိုသင်တန်းမှ ထွက်သွားခဲ့ကြောင်း သိရသည်။
Source: The Sun
