တရားမဝင် သဲစုပ်ယူနေမှုများကြောင့် အောင်ပင်လယ်ကျေးရွာ ကမ်းပြိုမှုကြီးထွားလာပြီး ဒေသခံတို့ အသက်အန္တရာယ်နှင့် ကြုံဆုံနေ

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့ ၊အောင်ပင်လယ်ရွာတွင် ကမ်းပါးများ ပြိုကျမှုကြောင့် ဒေသခံပြည်သူများ အသက်အန္တရာယ်ကြုံတွေ့နေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ လျစ်လျူရှုနေကြသကဲသို့ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။
“ ကမ်းပါးက နှစ်စဉ်ကိုပြိုနေတာ ။ ကျွန်တော်တို့က ကမ်းပါးပြိုလို့နောက်ဆုတ်ရင် အခုနေစရာနေရာမရှိတော့သလို ဖြစ်နေပါတယ်။ ကမ်းပြိုမှုကြောင့် အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကလာသာကြည့်ပြီး ကမ်းပါးပြိုမှုကို ဘာမှ မလုပ်ဆောင်ပေးဘူး” ဟု အောင်ပင်လယ်ရွာမှ ကိုသိန်းအောင်ကပြောသည်။
အဆိုပါကမ်းပါးသည် အမြင့်အားဖြင့် ပေ ၃၀ ကျော်ရှိပြီး အရှည်အားဖြင့် ခန့်မှန်းနှစ်မိုင်ရှိကာ ယင်းကမ်းပါးဆက်လက်မပြိုရန် သက်ဆိုင်ရာမှ လာရောက် ထိန်းသိမ်းပေးသင့်ကြောင်း၊ ထို့အပြင် ကမ်းနား၌ သဲများ၊ ကျောက်များလာရောက်စုပ်ယူနေမှုကို ရပ်တန့်ပေးသင့်ကြောင်း ၎င်း ကဆိုသည်။
“ ကမ်းပါးမှာ သဲတွေ၊ ကျောက်တွေလာစုပ်ယူတဲ့သူတွေက တရားဝင်မဟုတ်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး စုပ်ယူတာ၊ ကမ်းပါးကမိုးတွင်းဆိုပိုဆိုးတယ် ။ ဒါကို သက်ဆိုင်ရာက လာမကြည့်ရင် အောက်ပင်လယ်ရွာဆိုတာ ကြာရင်ပျောက်ကွယ်တော့မယ် ” ဟု ဒေသခံ ကိုအောင်ကိုလတ် ကပြောသည်။
ကမ်းပါးပြိုနေမှုကို သက်ဆိုင်ရာမှ လာရောက်ကြည့်ရှုမှုသာရှိပြီး လုပ်ဆောင်မှုမပြုလုပ်ကြောင်း၊ အောင်သုခရွာသည် ကမ်းပါးပြိုမှုကြောင့် ရေကာတာတစ်ခု ဆောင်ရွက်ပေးခဲ့ပြီး အောင်ပင်လယ်ရွာအားလျစ်လျူရှုမှုကြောင့် ပြည်သူများ အသက်ပေးမှုများ ရှိခဲ့သလို ယခုချိန်တွင် ဒေသခံပြည်သူများ ကမ်းပါးပြိုမှု အန္တရာယ်ကို ရှောင်းရင်းနေထိုင်မှုများသည် ကျူးကျော်နေထိုင်မှုများ ကဲသို့ ဖြစ်နေရကြောင်း ၎င်းကဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဇင်နိုင်၊ ရဲကျော်ထက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်