ဆမ်ဆောင်းက တရုတ်တွင် ဒုတိယမြောက် မမ်မိုရီချစ်ပ်စက်ရုံ တည်ဆောက်

ဆမ်ဆောင်း၏ 3D V- NAND ထုတ်ကုန်များအတွက် ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအားမြင့်တက်နေရာ ယင်းကိုဖြေရှင်း ရေးလုပ်ဆောင်ချက်တစ်ရပ်အဖြစ် ဆမ်ဆောင်းသည် တရုတ်နိုင်ငံတွင် ချစ်ပ်ထုတ်လုပ်သည့် စက်ရုံသစ်တစ်ခုစတင် တည်ဆောက်လျက်ရှိကြောင်း တောင်ကိုရီးယားအီလက်ထရောနစ်ကုမ္ပဏီ၏ မတ် ၂၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

စက်ရုံကို တရုတ်အလယ်ပိုင်း ရှီအန်းမြို့တွင် တည်ဆောက်နေခြင်းဖြစ်ပြီး တရုတ်တွင် ဆမ်ဆောင်း၏ဒုတိယမြောက် ချစ်ပ်ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး မမ်မိုရီချစ်ပ်ကုမ္ပဏီဆမ်ဆောင်းသည် တရုတ်တွင်၎င်း၏ပထမဆုံး ချစ်ပ်စက်ရုံကို ၂ဝ၁၂ က မြို့တော်ပေကျင်း၌ တည်ဆောက်ခဲ့သည်။ ယခုစက်ရုံသစ်ကို လာမည့်နှစ်တွင်တည်ဆောက် မှုပြီးစီးရန် စီစဉ်ထားကြောင်း သိရသည်။

လာမည့်သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇ ဘီလျံ ဖြင့် တရုတ်တွင် ဒုတိယမြောက် ချစ်ပ်စက်ရုံတည်ဆောက်ရန် ဆမ်ဆောင်းသည် ရှီအန်းမြို့တည်ရှိရာ ရှန်းရှီပြည်နယ်အစိုးရနှင့် ၂ဝ၁၇ ဩဂုတ်က နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပြီးနောက် ယခုတည်ဆောက်မှု စတင်ခဲ့ခြင်းဖြစ်သည်။

ရှီအန်းစက်ရုံသစ်ကို အောင်အောင်မြင်မြင် လည်ပတ်နိုင်ခြင်းမှတစ်ဆင့် ဆမ်ဆောင်းအနေဖြင့် အကောင်းဆုံးတစ်ပိုင်း လျှပ်ကူးပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဝယ်ယူသုံးစွဲသူများအတွက် အထူးကောင်းမွန်သောဖြေရှင်းနည်းများ ရရှိစေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အိုင်တီဈေးကွက်ဖွံ့ဖြိုးမှုကို ဆက်လက်ပါဝင်အထောက်အကူပြုမည်ဟု ဆမ်ဆောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဤစက်ရုံသစ် တည်ဆောက်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းမှ မိုဘိုင်းနည်းပညာနှင့် အိုင်တီကုမ္ပဏီများ၏ ထုတ်လုပ်ရေးလုပ်ငန်းနေရာများစုပြုံရာ တရုတ်ဈေးကွက်တွင် ဆမ်ဆောင်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေလိမ့်မည်ဟုလည်း ကုမ္ပဏီကပြောကြားသည်။

ရှီအန်းစက်ရုံသည် တည်ဆောက်မှုပြီးစီးသည်နှင့် တောင်ကိုရီးယားနိုင်ငံဂျောင်းဂီပြည်နယ်မှ ဟွာဆောင်းနှင့် ဖြောင်းထဲ့မြို့များရှိ ထုတ်လုပ်ရေးလုပ်ငန်းနေရာများနှင့်အတူ ဆမ်ဆောင်း၏ ချစ်ပ်ထုတ်လုပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။

Source: TKT

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်