သမ္မတသစ်ရဲ့ အရွေ့ နိဒါန်း (အယ်ဒီတာ့ အာဘော်)

အရပ်သားအစိုးရ၏ သက်တမ်းနှစ်နှစ်ကျော်စပြုလာသည်နှင့် သမ္မတကြီး ဦးထင်ကျော်မှာ ကျန်းမာရေးအခြအနေအရ အနားယူ နုတ်ထွက်သွားပြီးဖြစ်၍ လစ်လပ်နေသော နိုင်ငံတော်သမ္မတ ရာထူးနေရာတွင် ရွေးကောက်ခံ ကိုယ်စားလှည်တို့၏ ဆန္ဒ မဲ ဆုံးဖြတ်ချက်ဖြင့် ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်လာခဲ့ပြီး ဖြစ်သည်။
သမ္မတ အသစ်ဟု ဆိုသော်လည်း လွှတ်တော်ဥက္ကဋ္ဌ သက်တမ်း နှစ်နှစ်ရှိခဲ့ပြီး တရားရေးကဏ္ဍတွင် အတွေ့ အကြုံများစွာဖြင့် ဖြတ်သန်းလာသူ တစ်ဦး ဖြစ်နေသောကြောင့် သမ္မတကြီး ဦးဝင်းမြင့် ၏ နိုင်ငံရေး အရွေ့ နိဒါန်းသည် အထိုက်အလျောက်တော့ အောင်မြင်နိုင်ပေလိမ့်မည်။
မြန်မာ့ နိုင်ငံရေးဟု တွေးမိလိုက်တိုင်း ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို မဖြစ်မနေ ထည့်တွက်စဉ်းစားရပေမည်။ နိုင်ငံရေးဟူသည့် တိုင်းပြည်အတွင်းမှ လူမှုရပ်ဝန်းအားလုံးအပေါ် တွင် မှီတင်နေ၍ ခေါင်းဆောင်တစ်ဦးတည်းကို အားကိုးလွန်းပါက နိုင်ငံရေးနှင့် မတူတော့ ပဲ မှီခိုရေးသာဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် လူထုအရေအသွေးသည် အရေးကြီးသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုရှိခြင်း ၊ မရှိခြင်း၏ အဓိက လမ်းစဉ်မှာ ဝန်ကြီးဌာနအားလုံး၏ ငွေစာရင်းမသမာမှု အကြီး အသေးပေါ်တွင် တည်မှီနေပြီး နိုင်ငံသား အများစု ၏ စိတ်ဓာတ်နှင့်လည်း သက်ဆိုင်နေပြန်သည် ။ သို့သော် အစိုးရ၏ စနစ်ကိုလည်း ထည့်သွင်းတွက်ချက်ရပေမည်။
မြန်မာနိုင်ငံတွင် မဆလခေတ်ကပင် လာဘ်စားမှု အစပျိုးလာပြီး သမဝါယမဆိုင်ရာ အရှုပ်တော်ပုံများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ပဲဂိုဒေါင်များတွင်အိတ်ရေ သောင်းချီ၊ သိန်းချီ စရင်းပြခဲ့သော်လည်း သတင်းအရ ရှောင်တခင် ဝင်ရောက်စစ်ဆေးသောအခါ ဂိုဒေါင်များတွင် ဟာလာဟင်းလင်းဖြင့် သော့ခတ်ထားပြီး အယုံသွင်းခဲ့သည်ကို စစ်ဆေးထောက်လှန်းမိခဲ့သည်။ ထို့ကြောင့်များစွာတို့အား သက်ရွယ်ရနေပြီး ဖြစ်သော တပ်မတော် အရာရှိအသိုင်းအဝိုင်း၏ စာပေအချို့တွင် လေ့လာဖတ်ရှုမိခဲ့သည်။
နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လက်ရှိရယူထားသော အရပ်သားအစိုးရသည့် အတိတ်မှ အပြစ်အနာအစာများအား လျစ်လျူရှုကာ တိုင်းပြည်နှင့် လူထု၏ အနာဂတ်ခရီး ဖြောင့်ဖြူးရေးကိုသာ အားစိုက်လုံးပမ်းနေသည်ဟု ဆိုရလောက်အောင် လက်တွေ့ အကောင်အထည်ဖော်နေကြသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ယဉ်ကျေးမှု ဓလေ့စရိုက်သည် တခြားနိုင်ငံများနှင့် မည်သို့မျှ ထပ်တူမကျနိုင်ပေ။ ထို့ကြောင့် မြန်မာ့ အရေးသည် ခက်ထန်နေသရောင်ရောင်ရှိသော်လည်း မြေပြင်အခြေအနေအရ ဗြဟ္မစိုရ်တရားများဖြင့် ဖေးမစောင့်ရှောက်ကာ ညှာသင့်သည်များကိုညှာနေသည်။ တရားဥပဒေ ရှုထောက်အရဟု ဆိုသည်ထက် လူမှုရေး ဖြေလျော့မှုကို ဦးစားပေးသည်။ ထိုပြဿနာ သည် ကမ္ဘာက ကျေနပ်လက်ခံရခက်သော်လည်း မြန်မာတို့အတွက် ရင့်ကျက်နေသည့် သင်ရိုးညွှန်းတမ်းသဖွယ်ဖြစ်နေသည်။
ယနေ့အနားယူသွားပြီး ဖြစ်သော သမ္မတကြီး ဦးထင်ကျော်ကဲ့သို့ ရိုးရိုးအေးအေး လူကြီး လူကောင်း တစ်ဦး ကိုပင်လျှင် ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။ သို့သော် မေတ္တာကြီးမားသော သမ္မတကြီး ဦးထင်ကျော်က အပြုံးမပျက်ခဲ့ပေ ။ သမ္မတ အသစ်အနေဖြင့်လည်း ဝေဖန်ရေးများနှင့် ထိပ်တိုက်ကြုံရအုံးမည်ဖြစ်သည်။ ဝေဖန်မှုများက ဖြောင့်မတ်သူကိုအလဲထိုး၍မရ ။
သမ္မတအသစ်ဦးဝင်းမြင့်သည် ပြည်သူလူထု၏ အခက်အခဲကိုသိသည်။ တိုင်းရေးပြည်ရေးကိုသိသည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သက်တမ်း တစ်လျှောက် လယ်သမားများဘက်မှ အမြဲတမ်းရပ်တည်ခဲ့သည်။
နိုင်ငံရေးတွင် ခေါင်းဆောင်တစ်စုတစ်ဖွဲ့၏ ခွန်အားဖြင့် မလုံလောက်သည်ကို သိထားရမည်ဖြစ်သကဲသို့ သမ္မတသစ်၏ အရွေ့ နိဒါန်းတွင်လည်း အသိတရားကိုယ်စီဖြင့် နိုင်ငံသား အများစု လိုက်ပါပံ့ပိုးနိုင်မှသာမြန်မာ့အရေး ဖွံ့ဖြို း မည်ဖြစ်ပါကြောင်း ယူနတီမှ တိုက်တွန်းလိုက်ရပေသည်။

10Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်