FDA ညွှန်ချုပ် အဂတိ လိုက်စားမှုဖြင့် ကော်မရှင်က အမှုဖွင့်အရေးယူခံရ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဟာ တင်ဒါအောင်တဲ့ ကုမ္ပဏီကနေ ကျပ်သိန်း ၁၅၀၀ ကျော်ကို တောင်းခံခဲ့တဲ့အတွက် အဂတိလိုက်စားမှုကော်မရှင်က ဒီကနေ့မှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။

ဒါဟာ သမ္မတအသစ်ပြောင်းပြီး အစိုးရဝန်ထမ်း အရာရှိတွေထဲမှာ ပထမဆုံးအရေးယူခံခဲ့ရတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီလိုအရေးယူတဲ့အကြောင်းရင်းကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စီမံကိန်း တွေနဲ့ပတ်သက်လို့ အရည်အသွေးမပြည့်မီတာ၊ ဌာနအကြီးအကဲတစ်ချို့ ပြည်သူ့ဘဏ္ဍာတွေ ကိုယ်ကျိုးအတွက် အသုံးပြုမှုဖော်ထုတ်စစ်ဆေးဖို့ တိုင်ကြားတာကြောင့်လို့ ကော်မရှင်ကဆိုပါတယ်။

ဒါကြောင့် ကော်မရှင်က ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှာ ဒီကနေ့ တိုင်ချက်ဖွင့်လှစ်ခဲ့တာပါ။
ထုတ်ပြန်ချက်အရ FDA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ၂၀၁၇ ခုနှစ်အတွင်းမှာ သူပိုင်ဆိုင်တဲ့ မြေကွက် ပေါ်က နေအိမ်အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းတွေနဲ့ သူပိုင်ဆိုင်တဲ့ တခြားမြေကွက်ပေါ်မှာ ခြံစည်းရိုး ကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခုတို့အတွက် စုစုပေါင်း တန်ဘိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းတစ်ထောင့် ငါးရာကျော်) ကို အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့တယ်လို့ အဂတိလိုက်စားမှုကော်မရှင်က ဆိုထားပါတယ်။

ဆလိုင်းလာလ်နွန်အုပ်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်