ပြုပြင်သင့်ပြီ ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မိလ္လာစနစ်

၂၀၁၈ မတ်လ ၁၀ ရက်နေ့ထုတ် ယူနတီဂျာနယ် အတွဲ(၁)၊ အမှတ်စဉ်(၁၆)
ရန်ကုန်မြို့ရဲ့ မိလ္လာစနစ်နဲ့ ပတ်သတ်ပြီး အခုရက်ပိုင်းမှာ ဝေဖန်မှု ပြင်းထန်လာတယ်။ မိလ္လာအညစ်အကြေး ရေဆိုးတွေကိုထိန်းသိမ်းဖို့တာဝန်ရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ အချိန်မှီထိန်းသိမ်းပေးနိုင်ခြင်းမရှိတာကြောင့် လမ်းပေါ်တွေအထိ စီးဆင်းမှု ဖြစ်ပေါ်နေတာကို မြို့တော် ခန်းမ အနီးအနားမှာပင်တွေ့ နေရတယ်လို့ ပြည်သူလွှတ်တော်က်ိုယ်စားလှယ် ဦးနေမျိုးထက်က ပြည်သူ့လွှတ်တော် မှာပြောခဲ့ဖူးတာကို ပြန်လည်အမှတ်ရလာပါတယ်။
ဦးနေမျိုးထက် က “ မိလ္လာကန်က ထွက်တဲ့ အညစ်အကြေးတွေဟာ ၃၅ လမ်းအထက် နဲ့ မဟာဗန္ဓုလ ပန်းခြံ လမ်းအထက် နောက်ဖေးလမ်းကြားမြောင်းတွေမှာရော၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးရုံးရှေ့ တွေမှာပါ ဖြစ်ပေါ်နေတာပါ။ မိလ္လာပန့်တွေမစုပ်တဲ့အတွက် မိလ္လာအရည်တွေဟာ ရေမြောင်းတွေထဲ အကုန်စီးဆင်းကုန်ပါတယ်။ မိလ္လာဖုံးတွေကလည်း မရှိဘူးဆိုတဲ့ အခြေအနေက မြို့ထဲမှာ ဖြစ်ပေါ်နေပါတယ် ” လို့ မိလ္လာပိုက်ကနေထွက်နေတဲ့ အညစ်အကြေးတွေ ကားလမ်းပေါ်ထွက်ကျနေပုံကို မှတ်တမ်း ဓာတ်ပုံတွေနဲ့ပြသ ပြီး လွှတ်တော်မှာ ပြောခဲ့ဖူးပါတယ်။
ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့သလို ရန်ကုန်မြို့မှာ မိလ္လာအညစ်အကြေးတွေပြည့်လျှံပြီး အများသူငါ သွားနေတဲ့ လမ်းပေါ် စီးဆင်းနေတာဟုတ်သလား ဆိုတော့ ဟုတ်ပါတယ်လို့ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုအဖြစ်မျိုးကိုအနော်ရထာလမ်းမကြီး ဘက် လမ်း ၅၀ နဲ့ ၅၁ လမ်းထိပ်မှာ တစ်ခါတစ်ရံ သွားလာရင်းနဲ့တွေ့ခဲ့ရလို့ပါ။
တစ်ခါတုန်းကများဆိုရင် လမ်း ၅၀ မှတ်တိုင်မှာ ကားစောင့်နေတုန်း လမ်း၅၀ ထိပ်မှာလူတစ်ရပ်အမြင့်ခန့် ရှိတဲ့ ရေဆိုးတွေ ပန်းထွက်နေတာ တွေ့ရပါတယ်။ လူတွေရော ၊ ကားတွေရောသွားလို့မရအောင်ကိုဖြစ်ရပါတယ်။ အဲဒီရေဆိုးတွေဟာလမ်းတစ်လျှောက်မြင့်ရာကနိမ့်ရာဖြစ်တဲ့ကားမှတ်တိုင်ဘက် စီးဆင်းလာတဲ့အတွက်ခရီးသည်တွေဟာ အဝေးကိုရှောင်ရသလို၊ အနံအသက်ကလည်းအလွန်ဆိုးလှလို့ နှာခေါင်းပါပိတ်ထားရပါတယ်။ အဲဒါနဲအနီးအနားမှာရှိတဲ့ ဈေးသည်တစ်ယောက်ကိုမေးကြည့်တော့ မိလ္လာရည်တွေလို့ပြောပါတယ်။
ရန်ကုန်မြို့ပေါ်မှာအသုံးပြုနေတဲ့မိလ္လာစနစ်နဲ့ပတ်သတ်ပြီးပြောရရင် မြို့ထဲလမ်းမ နဲ့ပလက်ဖောင်း ကြားမှာ လူတစ်ဖက်စာလောက်ရှိတဲ့ သံကြွပ်တိုင်ကြီးတွေဟာ လမ်းပေါ်ရဲ့ စကောစက နေရာမှာရှိတာကြောင့် မျက်စိနောက်စရာဖြစ်သလို အမြင်လည်း မတင့်တယ်ပါဘူး။ အဲဒီသံကြွပ်တိုင်ကြီးတွေဟာ ဘာလုပ်တဲ့တိုင်တွေမို့လို့ မလွတ်မလပ်ထားရတာလဲဆိုတော့ ရန်ကုန်မြို့နဲ့ မိလ္လာစနစ်မှာ အရမ်းအရေးပါတဲ့လေ ထုတ်ခေါင်းတိုင်တွေဖြစ်နေလို့ပါပဲ။
အဲဒီလို လေထုတ်ခေါင်းတိုင်တွေထားတာနဲ့ပတ်သတ်ပြီး ဖယ်ရှားပေးဖို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် တုန်းက ရန်ကုန်လွှတ်တော်မှာ မေးမြန်းခဲ့ဖူးပါတယ်။ မေးမြန်းချက်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်အောင်က ဖြေကြားခဲ့ပါတယ်။
ဝန်ကြီးရဲ့ဖြေကြားချက်ထဲမှာတော့ “ ရန်ကုန်မြို့ ရဲ့မိလ္လာစနစ်မှာ အဲဒီ သံကြွပ်တိုင်ဟောင်းကြီးတွေရဲ့အရေးပါမှု ဟာ အင်မတန်ပဲ အရေးကြီးနေပါတယ်။ အဲဒီမိလ္လာပြွန်စနစ်ဟာ ၁၈၈၈ ခုနှစ်ကစပြီး တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ ခုထက်ထိအသုံးဝင်နေဆဲဖြစ်ပါတယ်။ မြို့တွင်းခြောက်မြို့နယ်ရဲ့ မိလ္လာစနစ်မှာ စီအိုင်မိလ္လာပိုက်တွေ၊ လေပိုက်လိုင်းတွေ။ နောက်ပြီး လေမှုတ်စက်ရုံနဲ့မိလ္လာစက်အိုး ၃၅ လုံးအသုံးပြုပြီးတော့ မိလ္လာရေဆိုးတွေကို ဗိုလ်တစ်ထောင်မြို့နယ် ရေဆိုးသန့်စင်စက်ရုံကနေပြီး ယနေ့ထိစွန့်ပစ် သန့်စင်နေဆဲဖြစ်ပါတယ်။
မိလ္လာစက်အိုးကနေပြီးတော့ မိလ္လာရည်တွေကို စုဆောင်းလက်ခံပြီး လေဖိအားသုံးကာ စီအိုင်မိလ္လာ ပိုက်လိုင်းထဲကို တွန်းပို့ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မိလ္လာစက်အိုးအတွင်း မိလ္လာရည်တွေကုန်သွားရင် စက်အိုးအတွင်းမှာရှိတဲ့လေတွေဟာ အနီးမှာရှိတဲ့အိတ်ဇောပိုက်၊ အဲဒီသံကြွပ်လေထုတ်ပိုက်ကတစ်ဆင့် လေထုထဲကို စွန့်ထုတ်ရတဲ့စနစ်ဖြစ်ပါတယ်။ စက်အိုးအတွင်းကနေ လေကုန်တဲ့အခါမှာ မိလ္လာရည်တွေထပ်မံစုဆောင်းထားတဲ့စနစ်ဖြစ်ပါတယ် ” လို့ အဲဒီ သံကြွပ်တိုင်တွေလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးပြောခဲ့ဖူးပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ ရန်ကုန်လွှတ်တော်မှာ ရန်ကုန်မြို့ရဲ့ မိလ္လာစနစ်နဲ့ ပတ်သက်ပြီး ရန်ကုန်လွှတ်တော်မှာတော့ မြို့တော်ဝန်ဦးမောင်မောင်စိုးကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားပေးပြီး ပြည်သူ့လွှတ်တော်မှာတော့ ရန်ကုန်အစိုးရအဖွဲ့ကိုယ်စား ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြားပေးခဲ့တာပါ။ ဒီလိုဖြေကြားပေးရာမှာ ဦးဝင်းခိုင်က “ ရေဆိုးသန့်စင်စက်ရုံကနေ သန့်စင်ပြီးရေကြည်ကို မြစ်အတွင်းစွန့်ပစ်ရတဲ့စနစ်ဖြစ်ကြောင်း၊ မူလက လူဦးရေလေးသောင်းအတွက် ရည်ရွယ်ပြီးတည်ဆောက်ခဲ့တဲ့ မိလ္လာပြွန်စနစ်ဖြစ်ကြောင်း၊ အထပ်မြင့်အဆောက်အအုံတိုးပွားလာတာနဲ့လူဦးရေများပြားလာတာကြောင့် မိလ္လာစွန့်ပစ်မှုပိုမိုများပြားကြောင်းပြောခဲ့ပါတယ်။
ဒါ့အပြင် နောက်ဖေးလမ်းကြားမှာအမှိုက်စွန့်ပစ်မှုကြောင့် မိလ္လာလူဝင်ကျင်းအတွင်းအမှိုက်တွေ ဝင်ရောက်ပိတ်ဆို့တာ လျှံကျတာ၊ မိလ္လာကျင်းတွေ နိမ့်တာ၊ အုတ်နံရံတွေပြိုကျတာတွေ ရှိလို့ လူဝင်ကျင်းတွေကို လူအားနဲ့ ရှင်းလင်းအနည်ဆယ်တာ၊ လူဝင်ကျင်းတွေကို မြှင့်တင်တာ၊ ပြုပြင်ထိန်းသိမ်းတာတွေ ပြုလုပ်ပေးလျက်ရှိတယ်လို့ပြောပါတယ်။ နောက်ပြီး တိုးတက်လာတဲ့ လူဦးရေနဲ့အညီ ၂၀၄၀ ခုနှစ်အထိ တိုးလာမယ့် လူဦရေကိုလျာထားပြီး JICA နဲ့ပူးပေါင်းကာ ရေဆိုးသန့်စင်စက်ရုံနဲ့ ရေဆိုးသွယ်ပိုက်တွေ ဇုန်အလိုက်ဆောင်ရွက်နိုင်ဖို့ မာစတာပလန်ရေးဆွဲထားတယ်လို့လည်းဆိုပါတယ်။
လောလောဆယ်ဆယ်အနေနဲ့ကတော့ နောက်ဖေးလမ်းကြားအရေအတွက် ၁၁၀ မှာရှိတဲ့မိလ္လာပြွှန်အရှည်ပေ ၁၂၆၊ ၂၇၀ နဲ့ မိလ္လာကန် ၈၉၇ လုံးကိုလူအားနဲ့ရှင်းတာ၊ အနည်ဆယ်တာလုပ်ပေးနေသလို မိလ္လာတွန်းစက်တွေရဲ့ စက်အစိတ်အပိုင်းတစ်ချို့ကိုလည်း ပြည်တွင်းပစ္စည်းတွေနဲ့ လဲလှယ်ထိန်းသိမ်းခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ကပြောခဲ့ပါတယ်။ ဒီတော့ ရန်ကုန်မြို့ရဲ့မိလ္လာစနစ်ကိုကြည့်ရင် ဘာကြောင့်လမ်းတွေပေါ် အညစ်အကြေးတွေ စီးဆင်းနေတယ်ဆိုတာ အဖြေကပေါ်လာပါပြီ။ ဒီလိုမဖြစ်အောင် အတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာနေဆဲပဲလို့ လူအင်အားနဲ့ပဲ ဆောင်ရွက်နေရတယ်လို့ပြောရမှာပါ။
တကယ်ဆိုရင် ရန်ကုန်မြို့မှာ ရေဆိုးစွန့်ပစ်မှုဟာ စနစ်ကျမှုမရှိဘူးလို့ပြောရမှာပါ။ အိမ်သာကစွန့်ပစ်လိုက်တဲ့ရေနဲ့ မီးဖိုချောင်၊ ရေချိုးခန်းကစွန့်ပစ်တဲ့ရေတို့ဟာ ခွဲခြားမှုမရှိဘဲအတူတကွ ပေါင်းစုံစီးဆင်းတာတွေရှိနေပါတယ်။ တခြားနိုင်ငံတွေဖြစ်တဲ့ မလေးရှားတို့၊ စင်ကာပူတို့မှာဆိုရင် အိမ်သာကစွန့်ပစ်လိုက်တဲ့ရေနဲ့၊ မီးဖိုချောင်၊ ရေချိုးခန်းကစွန့်ပစ်တဲ့ရေ၊ မိုးရေတို့ကို သီးခြားစီစီးဆင်းစေပြီး ရေဆိုးတွေကိုမြစ်ထဲ၊ချောင်းထဲ၊ ပင်လယ်ထဲတိုက်ရိုက်စွန့်မပစ်ဘဲစုဆောင်းပြီး ရေသန့်အဖြစ်ပြန်လည်သန့်စင်မှုတွေပြုလုပ်ကြပါတယ်။ ဒီလိုပြန်လည်သန့်စင်နိုင်ဖို့အတွက် စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကိုရပ်ကွက်ရဲ့ ရေစုန်ကန်မှာထိန်းသိမ်းပြီး စက်ရုံကနေပြန်လည်သန့်စင်ကြတာပါ။ မလေးရှားမှာဆိုရင်ပြန်လည်သန့်စင်လိုက်တဲ့ရေဟာ သောက်သုံးလို့ ရတဲ့အထိသန့်စင်ကြောင်းကို မီဒီယာတွေရှေ့မှာ ဝန်ကြီးက သောက်ပြလိုက်တဲ့အထိ တာဝန်ယူခဲ့ပါတယ်။
လူတွေအသုံးမလိုတော့လို့ စွန့်ပစ်လိုက်တဲ့ ရေဟာ ရောဂါပိုးတွေပါဝင်ပါတယ်။ ဒီရေဆိုးတွေကို စနစ်ကျ စီမံခန့်ခွဲဖို့အတွက် စုဆောင်းတာ၊ သန့်စင်တာ၊ ပြန်လည်စွန့်ပစ်တာတွေလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အရင်တုန်းက စက်မှုနည်းပညာမထွန်းကားတာကြောင့် မိလ္လာအညစ်အကြေးတွေကို ပင်လယ်ထဲ ၊ မြစ်ထဲ တိုက်ရိုက်စွန့်ပစ်မှုတွေရှိခဲ့ပေမဲ့ ဒီရေတက်တဲ့အခါ ပြန်လည်မျောပါပြီး ရေထုကညစ်ညမ်းစေတာကြောင့် နောက်ပိုင်းမှာ အညစ်အကြေးတွေကို အရေခန်းစေပြီး ကျန်တဲ့အစိုက်အခဲတွေကို အမှုန့်ကြိတ်ကာ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ မြေဩဇာအဖြစ်အသုံးပြုစေခဲ့ပါတယ်။
ဒီလိုမြေဩဇာအဖြစ်အသုံးပြုရတဲ့အခါ အနံ့အသက်မကောင်းတာကြောင့် မသုံးချင်ကြသလို စက်ရုံရဲ့လည်ပတ်စရိတ်ကလည်း ကြီးမြင့်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ ပြန်လည်သန့်စင်ပြီးလို့ ကျန်တဲ့အညစ်အကြေးတွေကို ကွန်ကရစ်ကဲ့သို့မာတဲ့အတုံးတွေပြန်လုပ်တာတို့၊ မိလ္လာတွေကိုစားပစ်တဲ့ ဗက်တီးရီးယားတွေမွေးမြူပြီး မိလ္လာကန်ထဲတည့်တာတို့ပြုလုပ်ပြီး ဖြေရှင်းကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ရေချိုပေါများလို့လားတော့မသိပါဘူး ။ ရေဆိုးတွေကိုပြန်လည်သန့်စင်သုံးစွဲတယ်လို့မကြားရအောင်ပါပဲ။ ဒါ့အပြင် အင်္ဂလိပ်လက်ထက်က လူလေးသောင်းစာအတွက်လုပ်သွားခဲ့တဲ့ မိလ္လာစနစ်ကို အခုချိန်အထိ လူလေးသိန်းစာလောက်က မျှဝေသုံးစွဲနေရတယ်ဆိုတာကလည်း မဖြစ်သင့်တော့ပါဘူး။
ဒီတော့ ရန်ကုန်မြို့တော် နေ ပြည်သူတွေ နေ့စဉ်စွန့်ထုတ်လိုက်တဲ့ မိလ္လာတွေ ၊ ရေဆိုးရေညစ်တွေ ဘယ်ရောက်သွားလဲ၊ အဲဒါတွေကိုဘယ်လိုစုဆောင်းထားသလဲ။ ဘယ်လိုသန့်စင်ပြီးတော့ စွန့်ပစ်သလဲဆိုတာလည်းမသိပါဘူး။ သိတာကတော့ တော်လှန်ရေးကောင်းစီခေတ်ကနေ ယနေ့ခေတ်ထိ ပေါ်ပေါက်လာတဲ့ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ရွှေပေါက္ကံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံတောင်၊ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းစတဲ့ စတဲ့မြို့နယ်တွေနဲ့ အရင်ရှိပြီးသား ဆင်ခြေဖုံးမြို့နယ်တွေမှာ တော့ အိမ်တိုင်း အိမ်တိုင်း စနစ်ကျတဲ့ အရည်ကန်၊ အဖတ်ကန်ပါတဲ့ မိလ္လာကန်စနစ်ကို အသုံးမပြုကြသေးဘဲ အရည်ရော၊ အဖတ်ရောရောတဲ့ တစ်ကန်စနစ်ကိုသုံးနေကြတယ်ဆိုတာတော့ သိနေတွေ့နေရတုန်းပါပဲ။
ဘာလို့စနစ်ကျတဲ့ မိလ္လာကန်ကို အသုံးမပြုတာလဲဆိုတော့ အသုံးပြုရကောင်းမှန်းမသိတာရယ်၊ သိသော်လည်း မိလ္လာကန်တည်ဆောက်ဖို့ ငွေကြေးအခက်အခဲကြောင့်လို့ ပြောရမှာဖြစ်သလို့ ရေပုပ်စုပ်စက်ကားလို့ခေါ်တဲ့ မိလ္လာသယ်တဲ့ကားတွေကို ရပ်ကွက်ထဲမှာ သွားရင်းလာရင်းနဲ့တောင် တစ်လနေလို့တစ်စီးမတွေ့ရတာကြောင့်လည်း မိလ္လာကန်စနစ် သိပ်အသုံးမပြုကြတာလို့ ပြောရတာဖြစ်ပါတယ်။
အခုအခါမှာတော့ မိလ္လာပြွန်စနစ်ကိုအသုံးပြုနေတဲ့ ရန်ကုန်မြို့တွင်းမှ အဆောက်အအုံတွေ တိုးပွားလာသလို လူဦးရေကလည်း များလာတဲ့အတွက် ရေဆိုးစွန့်ပစ်မှုကလည်း များလာပါတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာ လည်း လူဦးရေကများလာတဲ့အတွက် အဆောက်အအုံတွေလည်း တိုးပွားလာပါတယ်။
ဒီလိုတိုးပွားလာတဲ့အတွက် အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်လာတဲ့အခါမှာ တိုက်တစ်လုံး၊ အဝီစိတွင်းတစ်တွင်း၊ မိလ္လာကန်တစ်ခုဆိုတဲ့ စနစ်ကိုကျင့်သုံးလာတဲ့အခါ မြန်မာ့နည်း ၊မြန်မာ့ဟန်နဲ့ မိလ္လာကန်တွေတည်ဆောက်လာတာကိုလည်း တွေ့ရပါတယ်။
ဘာလို့မြန်မာ့နည်း၊မြန်မာ့ဟန်နဲ့တည်ဆောက် တယ်လို့ပြောရသလဲဆိုတော့ တချို့ကန်ထရိုက်တိုက်တွေဟာ လူကိုယ်တိုင်မလာတဲ့ နာမည်ခံ အင်ဂျင်နီယာတွေတည်ဆောက်တာကြောင့် ပန်းရံဆရာက အုတ်ကန်ဖြစ်ပြီးရောဆိုပြီး မိလ္လာကန်တည်ဆောက်ကြပါတယ်။ အဲဒီလိုတည်ဆောက်တဲ့ အတွက် တိုက်အောက်မှာရှိတဲ့ရေလှောင်ကန်နဲ့ အဝီစိတွင်းထဲကို မိလ္လာကန်က ရေဆိုးတွေစိမ့်ဝင်မှုဖြစ်နိုင်တယ်ဆိုတာမသိကြပါဘူး။ ဒီလိုစနစ်တကျမတည်ဆောက်ဘူးဆိုတာကလည်း စစ်ဆေးရမယ့်သူတွေက တိုင်မဲ့သူမရှိဘူးဆိုပြီး ပေါ့လျော့စွာ စစ်ဆေးကြတာလည်းပါတယ်။ ဒီတော့ ရန်ကုန်မြို့ရဲ့မိလ္လာစနစ်၊ ရေသန့်စနစ်၊ ရေပေးရေးစနစ်၊ အမှိုက်စနစ်စတဲ့ ကိစ္စတွေကို တာဝန်ယူထားတဲ့ ရန်ကုန်မြို့တော်စည်ပင်ဟာဥပဒေတွေ၊ နည်းဥပဒေတွေရှိရဲ့သားနဲ့ဘာကြောင့်ရန်ကုန်မြို့တော်ကို အင်္ဂလိပ်လက်ထက်တုန်းကလို စနစ်တကျဖြစ်အောင် မထိန်းသိမ်းနိုင်တာလည်း ညစ်ပတ်အောင်ထားတာလဲ။ မိလ္လာစနစ်အတွက် လိုက်လံစစ်ဆေးပေးမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့အကူအညီကို ဘာကြောင့်မယူချင်တာလဲလို့ မေးရမလိုဖြစ်နေပါတယ်။
တကယ်တော့ မိလ္လာစနစ်ဟာ သက်ရှိသတ္တဝါတွေအားလုံးရဲ့ ကျန်းမာရေးနဲ့တိုက်ရိုက်ပတ်သက်မှုရှိနေတယ်ဆိုတာ တာဝန်ရှိသူတွေအနေနဲ့ သိသင့်ပါတယ်။ ရောဂါဖြစ်မှ ငွေကုန်ခံပြီးလုပ်ကြမှာထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ရမှာပါ။ ရာသီမရွေးလမ်းပေါ်မှာ ရေရှိနေတဲ့ ရန်ကုန်မြို့ဟာ မိုးလေးရွာလိုက်ပြီးဆိုရင် ရေမြောင်းတွေပိတ်ဆို့ပြီး ရေလျှံတက်တာမဆန်းတော့ပါဘူး။
ဆန်းတာကတော့ မိုးရွာပြီးဆိုတာနဲ့ ဒူးခေါင်းလောက်၊ ရင်ခေါင်းလောက် ရေဖုံးလွမ်းတတ်တဲ့ နေရာစုံမှာ မိလ္လာကန်တွေထဲကိုလည်း ရေဝင်တာ ၊ဖုံးလွှမ်းတာတွေလည်းဖြစ်လာမှာပဲ။ ဒီလိုဖြစ်လာမယ်ဆိုရင်တော့ မိလ္လာတွေဟာ ကန်ထဲကနေ အတားအစီးမဲ့ထွက်လာပြီး နေရာအန့ွံပျ ံ႔ နှံ့ကုန်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ မိလ္လာအညစ်အကြေးတွေနဲ့ အတူပါလာတဲ့ ရောဂါပိုးတွေ ၊ အထူးသဖြင့်ဝမ်းပျက် ဝမ်းလျှောရောဂါပိုးတွေ မပါလာဘူးလို့လည်း ဘယ်သူမှမပြောနိုင်ပါဘူး။
ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်ဘူးဆိုပေမဲ့ ဖြစ်လာခဲ့ရင်တော့ အရွယ်သုံးပါးမရွေး သေကျေပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရန်ကုန်မြို့ရဲ့ မိလ္လာစနစ်ကို အမြန်ဆုံးပြုပြင်သင့်ပြီးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
နောင်တင်စိုး

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်