တော်သူစံ၍ ညံ့သူခံစတမ်း

ဧရာဝတီကျော်မြင့်

၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်၊( ယူနတီဂျာနယ်၊ အတွဲ (၁)၊ အမှတ်(၁၉))

အပ်ပျောက်တာကို ဆင်စီးရှာခြင်း နှင့် ဆင်ပျောက်တာကို သောင်ပြင်မှာ ဆန်ကာထက်သဲတင်ပြီး ကျင်ကာ ဆင်ရှာခြင်းဆိုတဲ့ ပုံခိုင်းကတော့ လူကောင်း တွေလုပ်တာကို ညွှန်းတာမဟုတ်တာ သေချာပါတယ်။ ရူးတဲ့သူ၊ အသိဥာဏ်မဲ့သူတွေကိုသာ ညွှန်းတာဖြစ်မှာပါ။

ပညာရှင် Friedrich Nietzsche ဖရက်ဒရစ်နစ်ရှေးဆိုမိန့်ခဲ့တာက ” in Individual Insenity is Rare, In Group,Parties and Epochs, It is the Rule” ၊ ” ပုဂ္ဂိုလ်တစ်ဦးချင်း ရူးနှမ်းတာတွေက တွေ့ရခဲပါတယ်။ လူအုပ်စုတွေ ပါတီတွေ ခေတ်ကာလအပိုင်းအခြား တွေမှာတော့ ရူးနှမ်းတာတွေဟာ ရှိကိုရှိရမယ့် စည်းကမ်းချက်” ပါပဲတဲ့ခင်ဗျ။ ဒီတော့ အာဏာရှိတဲ့သူတွေ ရူးလေ့ရှိတယ်လို့ပဲ ညင်ညင်သာသာလေးဆိုပါရ စေတော့။

Maoist Maxm မော်စီတုံးဝါဒမှာဆို ထားပြန်တာက Political Power Grows Out of the barrel of A Gun အာဏာသည် သေနတ်ပြောင်းဝမှာရှိသည်လို့ မြန်မာမှုပြုထားတာလည်း ရှိပါတယ်နော်။

ဒီတော့ အာဏာရှင်ဟာ လုပ်ချင်ရာလုပ်လို့ရတယ်လို့ပဲ ဆက်ဆိုကြပါစို့ ရဲ့ခင်ဗျာ။ မြန်မာနိုင်ငံမှာ ဦးနေဝင်းက ၁၉၆၂ မှာ အာဏာသိမ်းပြီးတဲ့နောက် ၃ဝ-၄-၁၉၆၂ မှာ မြန်မာ့ဆိုရှယ်လစ် အကြောင်းပြောပြီး ၄-၇-၆၂ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာပါတော့တယ်။

ကျွန်တော့်ကို ရေတပ်မတော်အရာရှိကြီးတစ်ဦးမိန့်တာက (အခုဆိုရှယ်လစ်စနစ်ကိုချီတက်တာ မဟုတ်ဘူး။ အခုမှ ဆိုရှယ်လစ်အစကို ချီတက်တာကွ။ ချမ်းသာပြည့်စုံတဲ့နိုင်ငံကနေ မွဲတေစုတ်ပြတ်မှ ဆိုရှယ်လစ်ကို ချီတက်လို့ရတယ်။ အခုက ဆင်းရဲဖို့စလုပ်တာပဲ။ အခုငါတို့ နိုင်ငံက လိုချင်တာအကုန်ရနေတယ်ကွ။ အဲ စားစရာမရှိ ငတ်ပြတ်မှချီတက်ရတာ။ အခုက ဆင်းရဲဖို့စလုပ်တာပဲ။ ခံယူချက် မရှိဘဲလုပ်မှာဆိုတော့ ရှေ့မှာဆင်းရဲမယ် ဒီတော့ကာ ဆိုရှယ်လစ်စတယ်ဆိုတာ အစ၏ အစကိုသွားခြင်း It is Beginning of the Beginning တဲ့ အရည်အချင်းက ၂ဝ သာရှိပြီး ၈ဝ လိုတဲ့ ဆိုရှယ်လစ်တဲ့) ဒက်ထိကွက်တိကြီးကို ပြောတာနဲ့ဖြစ်ခဲ့တာ တစ်ထပ်တည်း ကျနေပါလားခင်ဗျာ။

ပြည်သူပိုင်တွေသိမ်း၊ ၁ဝဝ တန်တွေ တရားမဝင်ကြေညာနဲ့ ထင်သလို လုပ်လိုက်ကြတာ ၂၆ နှစ်အကြာမှာ မဆလပြိုကွဲပြီး ဒုက္ခတွေဖြစ်တဲ့အကြောင်းတော့ အများသိကြပြီးမို့ မရေးပါရစေနှင့်တော့။ သယံဇာတပေါကြွယ်ဝတဲ့ တိုင်းပြည်လည်းမွဲ၊ ပြည်သူတွေလည်း ဆင်းရဲဖြစ်ရတာကမတတ်မကျွမ်း တဲ့ပညာနဲ့ စီမံအုပ်ချုပ်ခဲ့ကြတာကိုး။ အပ်ပျောက်ဆင်ပျောက်ရှာနည်းတွေနဲ့ လုပ်ခဲ့ကြလို့ပေါ့ခင်ဗျာ။

အရည်အချင်း၊ အတွေအကြုံ၊ ပညာမဲ့စွာနဲ့ တိုင်းပြည်ကြီးကိုအုပ်ချုပ်Manage လုပ်ကြပုံတွေထဲက ၁၉၇ဝ-၈ဝ အတွင်း ကျွန်တော်သိခဲ့ရတဲ့ဖြစ်ရပ် အချို့ကို တင်ပြပါရစေ။

သစ်လုပ်ငန်းမှာ မိုးကျရွှေကိုယ်ဟာ ပြည်ပသစ်ဝယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေး အရောင်းအဝယ်သွားလုပ်ရပါတယ်။ မူကတော့ရှိပြီးသားပါခင်ဗျာ။

သူပြန်လာပြီး ပထမပုဂ္ဂိုလ်ကိုပြောတာက သူ့သစ်အလုံးလိုက်ရောင်းခဲ့တယ်။ ဝယ်လိုအားကောင်းလွန်းလို့ပါတဲ့။ ပထမပုဂ္ဂိုလ်က မူအရခွဲစိတ်ပြီးသစ်ကိုသာရောင်းတယ်။ သစ်စက်တွေလည်ပတ်၊ လုပ်သားတွေအလုပ်ရ၊ လွှစာ၊ ပကာကြမ်းတွေရတဲ့အပြင် ဈေးကလည်း ထုတ်ပိုးခပါပိုရတယ်။ တွက်ခြေကိုက် တယ်လို့ပြောရာမှာ မိုးကျရွှေကိုယ်က မချေမငံစကားနဲ့ ပြန်လှန်ကောတော့ ပထမပုဂ္ဂိုလ်စိတ်ပျက်ပြီး အလုပ်ကထွက် သွားခဲ့ပါလေရဲ့။

သူကတောအုပ်ဘဝက တက်လာခဲ့ သူပါ။ အထက်အညာ၊ ပဲခူး၊ စစ်ကောင်း ဧရာဝတီကလာတဲ့သစ်ကို သစ်လုံးမြင်တာနဲ့ ဘယ်ကသစ်လို့သိတဲ့အပြင် သစ်တုံးရဲ့ပင်စည်မျက်နှာပြင်ကို လက်နဲ့ ခေါက်ကြည့်တာနဲ့ အတွင်းသားပိုးစားထား၊ မထားသိတဲ့ ကျွမ်းတဲ့သူပါခင်ဗျ။

အဝယ်တော်တွေက ပထမပုဂ္ဂိုလ် ရဲ့ ရင်နာချက်ကိုအကွက်ယူအပိုင်တွက်ပြီး သူတို့ရဲ့ကိုယ်စားလှယ်ခန့်ပါတယ်။ ဝါးပိုးဝါးကို မြန်မာပြည်ထွက် ကျွန်းသစ်လို့ ခင်ဗျားလက်မှတ်ထိုးပို့ရင်လည်း လက်ခံယူပါမယ်လို့တောင် ကတိပေးပါသတဲ့ခင်ဗျ။ လစာငါးသိန်းပေးပြီး ပ-၁၊ ဒု-၂ ယောက်တောင် လက်ထောက်ခန့် ပေးပါသေးတယ်။

တိုင်းပြည်နာချက်ကတော့ ၁၉၇ဝ/ ၈ဝ အတွင်း အလုံလမ်းဘေးတစ်လျှောက် နဲ့ စက်ဆန်းလမ်းဘေး(မီးရထားလမ်း တစ်လျှောက်)ပယ်သစ်တွေတောင်လိုပုံ နေတာ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရပါ သေးတယ်ခင်ဗျာ။ ပယ်ချခံသစ်လုံးတွေ လေဗျာ။ ဘယ်သူမှားတယ်မှန်တယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ပြည်နာတာတော့ အသေအချာပါပဲခင်ဗျ။

ပြည်ပနဲ့ ကုန်ရောင်းကုန်ဝယ်စာ ချုပ်ချုပ်ရာမှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မ ယှဉ်နိုင်ခဲ့ပါဘူး။ ၁၉၇၉ လောက်က ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန်ဝယ်ဖို့စာချုပ်ချုပ်ကြပါတယ်။ လိုတဲ့အချိန်တစ်လကြို ပြောမယ်ဆိုတဲ့အချက်ပါပါတယ်။ စာချုပ်အရလိုတဲ့အချိန်ပြောပြီး စစ်တွေ ဆိပ်ကမ်း(နီးတာကိုး)ကိုလာသယ်မယ်လို့ဆိုတော့ မြန်မာကအသင့်ပါပဲ။ ရန်ကုန်ဆိပ်ကမ်းမှာ လာသယ်ပါလို့ဆိုပါတယ်။ စာချုပ်အရ ဘင်္ဂလားဒေ့ရှ်ကကိုင်တာက ကုန်တင်ပို့ရမည့်ဆိပ်ကမ်းဟာ Burma Port လေ။ စစ်တွေဟာ Burma Port ပဲဆိုတော့ Burma Port ဆိုတဲ့အဓိပ္ပာယ်ကိုမသိတဲ့မြန်မာက စာချုပ်အရ ရန်ကုန်ကဆန်ကို ကြယ်ငါးပွင့်သင်္ဘော နဲ့ စစ်တွေကိုပို့ပေးရပါတယ်ခင်ဗျာ။

Management ညံ့ပုံက အိန္ဒိယအရှေ့ဘက်ခြမ်းမြို့ကို မြန်မာကပဲတန်ချိန် တစ်ထောင်သွားပို့ရပါတယ်။ အပြန်ကတော့ ဝန်မပါကုန်မပါဘဲ ပြန်လာရပါတယ်။ ပြန်ကုန်မရတော့ ရှုံးပြီပေါ့ခင်ဗျာ။ ညံ့တေးရှင်းကြီးပါလားဗျာတို့။

ကျွန်တော်သင်္ဘောသားဘဝမှာ JRC ကုမ္ပဏီက Crew Manager မစ္စတာဂူသာပြောသံကြားရတာ လဲသေချင်စိတ်ကိုပေါက်ခဲ့ရပါတယ်။ ” မင်းတို့နိုင်ငံက သင်္ဘောသစ်ကြီး ၃/၄ စင်းဝယ်တယ်။ ဈေးကြီးလိုက်တာ။ ငါဆို Good Second Hand တစ်ပတ်ရစ်ပဲဝယ်မှာကွ။ အသစ်ဈေးနဲ့အဟောင်းဝယ်ရင် သုံးစင်းဝယ်လို့ ရတယ်။ အင်မမိ အလိမ်မခံရဖို့တော့လိုတယ်။

တန်ဆာခက သင်္ဘောသစ်တာ၊ ဟောင်းတာနဲ့မဆိုင်ဘူး။ တန်တဲ့ဈေးပဲရမယ်ကွာ။ အဲဒီရုံးကလည်း ကြီးလိုက်တာ။ လူတွေလည်းများတယ်။ ငါတို့ကုမ္ပဏီဆိုရင် အခန်းကျယ်တစ်ခုပဲရှိတယ်။ လူလည်းမများဘူး။ ကမ္ဘာ့နိုင်ငံတွေမှာတော့ Agent အေးဂျင့်တွေထားတယ်၊သင်္ဘောတွေ ကုန်မပြတ်ရစေဖို့ပေါ့။ သွားကုန်၊ ပြန်ကုန်ရအောင်ရှာတယ်။ ဝန်မပါဘဲမောင်းရတာမရှိဘူးတဲ့။ လုပ်ငန်းကကုန်သည်မျက်စိရှိရတယ်ကွတဲ့ခင်ဗျာ။ ကျွန်တော်တော့ တော်တော်ကြီးကိုစိတ်ရှုပ် သွားခဲ့ရပါတယ်။ ရှက်လည်းရှက်မိတာပေါ့ခင်ဗျာ။ ညံ့ကြတယ်လို့ပြောတာကို။

မြန်မာတစ်နိုင်ငံလုံးခံလိုက်ရတဲ့ ဂျပန်အကူအညီတစ်ခုအကြောင်း ရင်ဖွင့်ပါရစေ။ ၁၉၇၉ လောက်မှာ ဌာနအား လုံးအတွက် ဂျပန်အကူအညီရရှိပါတယ်။ သယ်ပို့ဝန်ကြီးဌာနရေကြောင်းပို့ဆောင်ရေးအတွက် တွဲသင်္ဘော ၁၃ စင်းစာ (တွဲ သင်္ဘော ၁+စီဘီ ၂)ပါ ၃၉ စင်း(ဆန် သယ်ယူရေးအတွက်ပါ)။

ညွှန်မှူးက တန်ဖိုးအသုံးဝင်မှု ဝင်ငွေစသည့်အထွေထွေကို တွက်ကြည့်ပြီး ဝန်ကြီးကို အဲဒီငွေကို သူ့ဌာနကိုပေးပါ။ သူပိုင် ဒလသင်္ဘောကျင်းမှာ သူဆောက်ရင်ရမယ့် သင်္ဘောအရေအတွက်ထက် သုံးဆပိုရပါစေ့မယ်။ မရခဲ့သော် ပင်စင်မပေးဘဲ သူ့ကိုထုတ်ပစ်ပါလို့ စာရေးခဲ့ပါတယ်ခင်ဗျ။ ကျွန်တော်ကအကြောင်းစုံ သိတဲ့သူပါ။

နောက်ဆုံးတော့ဝန်ကြီးချုပ် ဦးမောင်မောင်ခကိုယ်တိုင် ညွှန်မှူးထံဖုန်းဆက်ပြီး ပြောတာက (အမိန့်ပေးသလို မဟုတ်သလို လေးလေးစားစားနဲ့ပြောရှာတာပါ)။ ကိုလှဝင်းရေ ခင်ဗျားတစ်ယောက်တည်းက အကူအညီကိုဆင်ခြေပေးငြင်းဆန်ရင်တော့ စီမံကိန်းတစ်ခုလုံးပျက်ရပါလိမ့်မယ်။ ဒီတော့ လက်မှတ်ထိုးပေးပါ လို့ မေတ္တာရပ်ခံတာပါခင်ဗျ။

ဒီတော့လည်းညွှန်မှူးက (သေလိုက်တော့ကွာ သေလိုက်တော့လို့)နုတ်ထွက်စကား ပြောကြားပြီး လက်မှတ်ထိုး ပေးလိုက်ရပါလေရဲ့။
စကားချပ်။ နောက်တော့ ဝန်ကြီးချုပ်က ကိုလှဝင်းရေ ခင်ဗျား Bank Account ထဲမှာ ကျပ် ၃၅ဝဝဝ ပဲရှိပါ လား။ မနက်ဖြန် နိုင်ငံခြားရေးရုံး(—)ထံသွားပြီး သီဟိုဠ်ကိုသံအမတ်အဖြစ် သွားလုပ်ပါတော့။ ကုသိုလ်လည်းရယူပါလို့ သူကောင်းပြုခံရပါတယ်။ ကျွန်တော့်ဆရာရင်း (ဗိုလ်မှူးလှဝင်း)ရေ/ ၃ဝ၂၆ ပါခင်ဗျ။

ကျွန်တော်လည်း ညွှန်မှူးရှင်းပြ ချက်ကြားပြီး ရေကြောင်းမှူးထံဝင်တွေ့ပြန်ကာ သင်္ဘောတွေကလည်း ဈေးကြီး လိုက်တာဗျာ။ ရေတပ်က တော်ပီဒိုသင်္ဘောထက် ဈေးကြီးနေပါလား။ ရေတပ်က တော်ပီဒိုသင်္ဘောက တန်ဖိုးကြီး ခေတ်မီလက်နက်တွေပါတဲ့အပြင် စက်က Napier Delitic Engine မြင်းကောင် ရေ 2500 × 2 လုံးပါတော့ မြင်းကောင် ရေ 5000 နဲ့ 45(knot) မိုင်ပြေးပါတယ်။ အခုသင်္ဘောက မြင်းကောင်ရေ 300 ကျော်လေး၊ မီးစက်နဲ့အဖုံးပွင့်ကုန်ပေါက်ပဲပါပါတယ်လို့ ပြောမိမေးမိပါတယ်။

ကျွန်တော်ကြားရတဲ့အဖြေက တန်ပါတယ်ကွာ။ အခုခေတ်က ဈေးတွေကြီးလှတယ်လို့ ပျားရည်နဲ့ဝမ်းချခံရပါတယ်။
မှတ်ချက်။ ရေးရမှာတော့ အားနာလိုက်တာ။ နိုင်ငံ့အရေးမို့ပါ။ ပုဂ္ဂိုလ်အားလုံးလည်း မရှိကြတော့ပါဘူး။ သူတို့ကို ဂျပန်က ဂျပန်ခေါ်ပစ္စည်းပြပြီးအပြန်မှာ သူတို့မတောင်းပါဘဲလျက်Hilux (Recondition) ကားလက်ဆောင်ပေး လိုက်တာကိုး။

ကျွန်တော်သင်္ဘောလိုက်ပြီး အိုပယ်ဖြစ်ကာ ပုသိမ်မှာပြန်နားတော့လည်း မြို့ပုသိမ်မှာ နှလုံးတုန်၊ ရင်ခုန်စရာတွေ သိရှိရပြန်ပါတယ်။

ကျွန်တော်စိတ်ဖြေမိတာက ပုသိမ်မှာလိုပဲ မြန်မာပြည်တစ်ဝန်းမှာ အသီးသီး အသက အသက ညံ့ကြီးရှင်တို့ရဲ့ မိုက်ချက်တွေရှိနေမယ်လို့ စဉ်းစားမိလို့ပါ။ ဟုတ်တာကတော့ အသေအချာချည့်ပါ။ ဒါကြောင့်လည်း တိုင်းပြည်မွဲရတာ ပေါ့ခင်ဗျာ။

ပထမဆုံးတော့ မှန်စက်ရုံကြီးပါ။ အဓိကကုန်ကြမ်းဖြစ်တဲ့ သဲကိုပင်လယ်ခြားပြီး ရေလမ်းက စက်လှေနဲ့မှာယူရပါ တယ်။ ဟုတ်ကဲ့ သဲထွက်တဲ့နေရာမှာ ဘာကြောင့် စက်ရုံမဆောက်သလဲလို့ မမေးရက်ပါဘူး။ အားနာလွန်းလို့ပါ။

တနင်္သာရီတိုင်းက စက်လှေတွေက အလာသဲတင်လာ၊ အပြန်မှာစားကုန်လူ သုံးကုန် ပြန်သယ်နဲ့ အိုကေစိုပြေသွားကြ တာပေါ့။ အခြားကုန်ကြမ်းပစ္စည်း မီးထိုး ဆီတို့ကိုလည်း ပုသိမ်ကို သယ်ယူပေးရ ပါတယ်။

အပူချိန် ၁၄ဝဝ CC နဲ့မှ ကုန်ကြမ်း တွေ သဲတွေအရည်ပျော်ပြီး ကုန်ချောမှန် ထွက်လာတာပါ။ မှန်ကိုရန်ကုန်ပြန်ပို့ရပါတယ်။ မီးဖိုကြီးကလည်း သက်တမ်းရှိပါတယ်။ ချို့ယွင်းရင် မီးဖိုအသစ်ပြန် ဆောက်ရပါတယ်။ ပြန်သုံးဖို့လည်း မီးဖို ကိုကျင့်ရပါတယ်။ တစ်ခါတည်းအင်အား ပြည့်သုံးလို့မရပါဘူး။ အခုတော့ မှန်စက်ရုံကြီး ဘာမှန်သလဲမသိပါဘူး။ ဒဏ်ရာ တွေနဲ့လဲပြီး သေရှာပါပြီခင်ဗျာ။

ဧရာဝတီတိုင်းဆိုတာက စပါးကျီကြီးလေ တန် ၁ဝဝ/၁၅ဝ ဆန်စက်တွေ ဆောက်တာ မှန်လိုက်တာ။ ယခင်က လည်ပတ်ပါတယ်။ အခုတော့အဖွဲ့ပဲပျက်သလား၊ ကြိတ်ခွဲစရာ စပါးပဲမထွက်လို့ လား မသိပါဘူး။ အခုတော့ ဆန်စက် ကြီးတွေ အိပ်ကြရှာပါပြီ။ ပိုလျှံဝန်ထမ်း တွေကိုတော့ လစာပေးရပါတယ်။ အလုပ်ကြမ်းသမားတွေကတော့ ကိုယ့်ဘာသာကိုယ်ရှင်းကြပါတော့။ ငါတို့နဲ့မဆိုင်ဆိုပြီး ပစ်ထားလိုက်တာပေါ့ခင်ဗျာ။

ဟုတ်ကဲ့ ပုဂ္ဂလိကဆန်စက်တွေကတော့ ပန်းပန်လျက်ပါပဲ။ အရေအတွက် တွေတောင် တိုးလာပါလေရဲ့။ စပါးက ထွက်နေတားကိုးဗျ။

နောက်ဆက်တွဲ ယခင်ကဆန်စက် ကြီးတွေမှီပြီး ဖွဲနုဆီစက်ကြီးတည် ဆောက်ပါတယ်။ ကုန်ကြမ်းဖွဲနုကရတာ ကိုး။ ကောင်းလိုက်တဲ့အကြံဥာဏ်ပါပဲ။ ဆက်စပ်အသုံးချနိုင်တဲ့ ဥာဏ်ပေါ့ခင်ဗျာ။ အခုတော့ ဆန်စက်ကြီးတွေအိပ်ကြတော့ ဖွဲနုဆီစက်ကြီးလည်း မအိပ်ချင်ဘဲ ထိုးအိပ်လိုက်ရှာပါပြီ။ ဝန်ထမ်းတွေလုပ်သား တွေကတော့ အထက်နည်းအတိုင်းပါပဲ။

ထပ်ပြီး ပုသိမ်းအနီးက သာပေါင်း စက္ကူစက်ကြီးအကြောင်း ပြောပါရစေ။ စချီကတည်းက ညံ့ကြီးရှင်တွေကကြိတ်ဝါးမယ့် ဝါးတောအလုံအလောက်ရှိရဲ့လား။ အဆက်မပြတ်စက်လည်ပတ်နိုင် အောင်ကော ဝါးတောကရှိမှာလား၊ တကယ်ကော အသုံးဝင်ပြီးမြတ်မှာလား၊ ရှုံးမှာလားဆိုတာကို စတုတ္ထတန်းအဆင့် နဲ့ သိနိုင်တဲ့ အတွက်အချက်တွေကိုတောင် မသိနိုင်လောက်အောင်ကို ညံ့ နေကြပါကလားဗျာ။

ယခုတော့ ဝါးတောလည်းပြုန်း(ပြုံး တာမဟုတ်ရပါ)။ ဝါးငုတ်တွေလည်း လူ တွေက တူးယူထင်းစိုက်ကြနဲ့ ပြန်ပေါက် စရာမရှိတော့ဘဲ ဝါးပြုန်းခဲ့ပါပြီ။ ဝါးဆို တာက တစ်နှစ်မှာ တစ်ခါသာမျှစ်စို့ ပေါက်ဝါးပင်ဖြစ်ပြီး ဝါးနုရင်လည်း စံချိန် မမီနိုင်ပါဘူးခင်ဗျ။ ရင့်သင့်သလောက် ရင့်မှ ဝါးဟာ အသုံးဝင်တာပါ။

စက္ကူစက်ရုံကြီးလည်း အိပ်တန်းတက်ကာ အိပ်စက်သွားရှာပါပြီ။ကောင်းတာမကောင်းတာတော့ အခုမှညံ့ကြီးရှင် (ဥာဏ်ကြီးရှင်မဟုတ်ဘူး)များ သိကြလို့လည်း အားလုံးဟာလွန်သွားခဲ့ပါပြီ။တစ် ခုအထူးကောင်းသွားတာကတော့ မြစ်အတွင်း စွန့်ပစ်ရေတွေမဆင်းနိုင်တော့ ငါးတွေပြန်ပေါလာတာပဲခင်ဗျာ။

ပုသိမ်မှာ မြေဩဇာစက်ရုံတစ်ရုံရှိ နေပါသေးတယ်။ တစ်ရုံတည်းကျန်ရှိနေ တာပါ။ စက်ရုံဇာတ်လမ်းကိုတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရပါမယ်။ အခြားစက်ရုံများနည်းတူ မအိပ်ပါစေနဲ့ လို့တော့ ကျွန်တော်အမှန်ကို ဆုတောင်း နေမိပါလေရဲ့ ခင်ဗျာ။

ဒီတော့ စီမံကိန်းရေးဆွဲသူ အကောင်အထည်ဖော်သူတွေရဲ့အပိုင်းက အလွန်အရေးကြီးပါတယ်။ စီမံခန့်ခွဲသူ ကို Manager လို့ခေါ်တာ လူတိုင်းအသိ ပါ။ Manager က ကြိုးစားတာလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒီတော့ Manager ဟာ ကြိုးစားသူဖြစ်သင့်တာပေါ့။ လုပ်ငန်းအောင်မြင်အောင် ကြိုးစားသူလေ။ ပြည်မြန်မာမှာတော့ မန်နေဂျာမဟုတ်တော့ဘဲ ချာမှသွက်သွက်ခါအောင်ချာ ရှာသူလို့ပြောရင် လွန်ရာမကျပါဘူးနော်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်