ပြင်းထန်စွာ ချေမှုန်းနေရမယ့် လာဘ်ပေးလာဘ်ယူ စစ်ဆင်ရေး (အယ်ဒီတာ့ အာဘော်)

မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှုဖြင့် ကမ္ဘာ့ အလယ်တွင် ဂုဏ်သိက္ခာကင်းမဲ့နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်သော်လည်း ယနေ့တိုင်အောင် မည်သည့်အစိုးရမှ ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်းမရှိပေ။
ဝန်ကြီးဌာန အများစု၏ အကျင့်ပျက် ခြစားမှုများကြောင့် တိုင်းပြည်တွင် ဝင်ငွေထွက်ငွေများ မတရား လေလွင့်ဆုံးရှုံးနေပြီး ပြည်သူလူထု၏ ဆင်းရဲ နွမ်းပါးမှု အခြေအနေမှာလည်း မြင်မကောင်း၊ ကြားမကောင်းဖြစ်ပေါ်နေသည်။
ယခင်က မြို့ပြအဆင့်တွင်သာ နာမည်ကျော်ကြားခဲ့သော လာဘ်ပေးလာဘ်ယူပြဿနာများသည် ယနေ့အချိန်အခါ၌ ကျေးလက်ဒေသများသို့ ပင် ရောက်ရှိပျံ့နှံ့နေပြီးဖြစ်သည်။
အရိပ်ကင်းမဲ့သည့် လယ်ကွင်းပြင်တွင် တစ်နေကုန်ရုန်းကန်နေကြရသည့် တောင်သူလယ်သမား ကျောမွဲ လူတန်းစားများကိုပင် လာဘ်ပေးတတ်သူဖြစ်အောင် အကျင့်ပျက် အစိုးရအမှုထမ်းများက သင်ကြားပေးခဲ့ကြ၍ မြန်မာနိုင်ငံ၏ လာဘ်ပေးလာဘ်ယူပြဿနာမှာ ရိုးရာယဉ်ကျေးမှုကြီးသဖွယ် ဖြစ်နေသည်။ တချို့ သောရုံးများတွင် မည်သို့ပင်စည်းကမ်းချက်များ ထုတ်ထားစေကာမူ ပုံစံမျိုးစုံဖြင့် လာဘ်ပေးလာဘ်ယူမှုများ ဖြတ်သန်းစီးဆင်းနေဆဲဖြစ်သည်။
ထိုသို့လာဘ်ပေးလာဘ်ယူရှင်သန်အားကောင်းနေခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် ထိတ်လန့်ဖွယ်ရာဖြစ်နေသကဲသို့ တိုင်းပြည်အတွင်းရှိ နိုင်ငံသားများ၏ လူမှုဘဝရှင်သန်ရပ်တည်ရေးအတွက်လည်း နေ့စဉ်အကျပ်အတည်းများဖြင့်ကြုံဆုံလာနိုင်သည်။
ဥပမာ တစ်ရပ်အနေဖြင့် အစိုးရအသစ်လက်ထက်တွင် တပ်မတော်၏ ဘတ်ဂျတ်( Budget) အချို့ကို လျှော့ချဖြတ်တောက်ပြီး ကျန်းမာရေး ဘတ်ဂျတ်များ တိုးမြှင့်ပေးခဲ့သည်ဟု ပြည်တွင်းသတင်းမီဒီယာများတွင် ဖတ်ရှုခဲ့ရသော်လည်း ပြည်သူ့ဆေးရုံအများစုတွင် ဆေးနှင့် ဆေးပစ္စည်းအားလုံးနီးပါး ဝယ်ယူနေရသေးသည်ဟု ဆေးရုံဆင်းလာသူ လူနာတစ်ချို့၏ ရင်ဖွင့်ချက်ကိုကြားသိနေရသည်။ ထိုဖြစ်စဉ်သည် သာမန်မဟုတ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများအပေါ် အသွင်ယူစုံစမ်းသင့်ပြီးဖြစ်သည်။
အစိုးရအသစ်အနေဖြင့် အဓိက လုပ်သင့်လုပ်ထိုက်သော လာဘ်ပေးလာဘ်ယူ စစ်ဆင်ရေးကို ဦးစွာဆင်နွဲကြရမည်ဖြစ်သည်။ တိုင်ကြားမှာ အရေးယူတတ်သည့် အရာရှိများ၏ အကြောက်တရားသည် လူထုအတွက် ဆင်းရဲတွင်းတူးဖော်သလိုဖြစ်နေသည်ကို ဆင်ခြင်မိဖို့လိုပေမည်။ မိမိအခွင့်အရေးနှင့်ရာထူးအပေါ်ခုံမင်ကာ ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူမှုများတွင် ရေလိုက်ငါးလိုက် ပျော်ဝင်နေမည်ဆိုပါက မိမိတို့အစိုးရအရာ ရှိများသည် လူထုအပေါ်မတော်မတရားရက်စက်ရန် တာဝန်ရှိနေသော မသမာသည့် အဖွဲ့အစည်းများပင် ဖြစ်နေမည်။ ယင်ခင်အစိုးရအပေါ် လူထုက ခါးသီးစွာ မုန်းတီးရွံရှာခဲ့သည်မှာ လာဘ်ပေးလာဘ်ယူမှုများကြောင့် ဖြစ်သည်။
လာဘ်ပေးလာဘ်ယူ စစ်ဆင်ရေး တွင် လာဘ်ယူသူကိုသာမက လာဘ်ပေးသူကိုပါ ထိထိရောက်ရောက်ဖော်ထုတ်ပြစ်ဒဏ်ချမှတ်ရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ နှစ်ဖက်စလုံးအရေးယူနိုင်မှသာ အောင်မြင်မှုလမ်းစ ပွင့်ထွက်သွားမည်ဖြစ်သည်။
တရုတ်သမ္မတ ရှိကျင့်ဖျင်သည် လာဘ်ပေး လာဘ်ယူမှုများအား ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သဖြင့် တရုတ်စစ်ဘက်အရာရှိကြီးများပင် တုန်းလှုပ်ခြောက်ခြားခဲ့ရသည်။
မြန်မာနိုင်ငံတွင်လာဘ်ပေးလာဘ်ယူကိစ္စအား ကိုင်တွယ်မှုအားနည်းနေခဲ့သဖြင့် သသစ်ခိုးဂိုဏ်းများနှင့် ခိုးဝင်ဘင်္ဂါလီ လူကုန်ကူးဂိုဏ်များ အင်အားကောင်းနေပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွင် လည်း ကုန်ကျစရိတ် အဆမတန်များပြား၍ အရည်အသွေးမမီသည့် ဖြစ်ရပ်များ ရှိနေပါကြောင်း ယူနတီမှ သုံးသပ်တင်ပြလိုက်ရပါသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်